[[Zawgyi/Unicode]]
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ရှမ်းပြည်နယ်အတွင်း တခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပေမယ့် တကယ့်လက်တွေ့မှာ တိုက်ခိုက်နေတယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့က ဝေဖန်ပါတယ်။ RCSS ဘက်ကတော့ သတင်းမှားတွေနဲ့ နားလည်မှုလွဲမှားခဲ့တာတွေ ရှိကြောင်း တုံ့ပြန်ဖြေရှင်းပါတယ်။ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့ကြား ဆက်ဆံရေးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
စစ်ပွဲတွေကြောင့် ပြည်သူတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေလျှော့ချရေးနဲ့ အဖွဲ့အစည်း တွေကြား အပြန်အလှန်နားလည်မှု ပိုမိုရရှိစေဖို့ဆိုပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ကမ်းလှမ်းပြီး မကြာခင်မှာပဲ မိုင်းကိုင်မြို့နယ်အတွင်းက သူတို့ တပ်ဖွဲ့ဝင်တွေကို RCSS က တိုက်ခိုက်တာရှိခဲ့ကြောင်း တခြား ရှမ်းတိုင်းရင်းသား အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။
“ သူတို့ထုတ်တာက ၁၀ ရက်မှာထုတ်တာဗျာ။ ၁၁ ရက်မှာ မနက်အစောကြီးပဲ ကျနော်တို့ကို RPG နဲ့ လာထုတာလည်းရှိတယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာကျတော့ မိုင်းထောင်ပြီးတော့ မိုင်းကိုင်မြို့နယ်ထဲမှာ ကျနော်တို့လူတွေ ထိတယ်။ အဲဒါ ထုတ်တာက တမျိုး လုပ်နေတာတခြားဖြစ်နေတယ်။”
SSPP ရဲ့ သတင်းစာမျက်နှာမှာ RCSS က မိုင်း ၆ လုံးထောင်ခဲ့ပြီး ၄ လုံးပေါက်ကွဲတာကြောင့် သူတို့တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရှမ်းတပ် ၂ တပ်အကြား ယုံကြည်မှု တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေကြောင်း ဖော်ပြထားပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကလည်း ဒီလ ၁၃ ရက်နေ့က မောက် မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ RCSS နဲ့ သူတို့အဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLO ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဖြစ်တဲ့ ခွန်မင်းသိန်းက ပြောပါတယ်။
“ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကျနော်တို့ဆီမှာလည်း တိုက်ပွဲ ဖြစ်နေတုန်းပေါ့နော်။ သူတို့အဖွဲ့နဲ့။ ကျနော်တို့နယ်၊ ရဲဘော်တွေ နယ်မြေလုံခြုံရေး ဆောင်ရွက်နေရင်းနဲ့ သူတို့အဖွဲ့နဲ့ တိုးတော့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာပေါ့။ ဖြစ်သွားတဲ့ ကဒူးကြီးက NCA စာချုပ်အရဆို ကျနော်တို့ အခြေပြုဒေသဖြစ်တဲ့နေရာပေ့ါ။ တိုက်ပွဲဖြစ်တယ်ဆိုတော့ နှစ်ဦး နှစ်ဘက် လုံးတော့ အထိအခိုက်တော့ ရှိကြပါတယ်။”
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးအုမ်ခေးကတော့ မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲကတော့ နှစ်ဘက်တပ်တွေအကြား နားလည်မှုလွဲမှားတာသာဖြစ်တယ်လို့ ပြောပါတယ်။
“ အဲဒီသတင်းက မဟုတ်မမှန်ဘူးနော်။ အဲဒါက ဖန်တီးယူထားတဲ့သတင်းတွေပဲ၊ အဲလိုဖြစ်တယ်နော။ PNLO နဲ့ ကဒူးကြီးဘက်ကဆိုတဲ့ဟာက တဖွဲ့နဲ့တဖွဲ့ သတင်းမရကြလို့ သွားလာလှုပ်ရှားရင်းနဲ့ ထိတွေ့မှုဖြစ်သွားတာ၊ အဲလိုကြောင့်ပဲ။ ”
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဘက်က RCSS တပ်တွေ သူတို့နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားတာကြောင့်လို့ ပြောတာတွေရှိနေပေမယ့် RCSS ဘက်ကတော့ တရားဝင်နယ်မြေသတ်မှတ်တာ မရှိသေးကြောင်း ပြောပြီး ငြင်းဆိုထားပါတယ်။
ဒီလို နားလည်မှုလွဲမှားတာတွေရှိပေမယ့် ရှမ်းပြည်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုတော့ ဆက်လက် ကြိုးစားသွားမှာဖြစ်တယ်လို့ RCSS ဘက်က ဆက်ပြောပါတယ်။
“ ဒီလိုကိစ္စမျိုးကတော့- အခက်အခဲဆိုတာကတော့ အနည်းနဲ့အများတော့ ကြုံရမှာပဲပေ့ါလေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ စိတ်ရှည်လက်ရှည်နဲ့ တဖွဲ့နဲ့တဖွဲ့ ချဉ်းကပ်ပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အဲလိုမျိုးကြိုးစားသွားမှာပဲလေ နော။”
ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တပ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲဒေသအပြင် တောင်ပိုင်းက လဲချား၊ မိုင်းကိုင်၊ ပင်လုံ၊ ရပ်စောက် ဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့လို့ လူသိများတဲ့ RCSS နဲ့ PNLO အဖွဲ့နှစ်ဖွဲ့စလုံးက မြန်မာစစ်တပ်နဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားသလို လက်ရှိ စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲဖြစ်တဲ့ SSPP ကတော့ NCA ကို လက်မှတ်ထိုးမထားပါဘူး။ ဒါပေမယ့်လည်း စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝ၊ မိုင်းလားအဖွဲ့တွေနဲ့အတူ တက်ရောက်နေပါတယ်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအဖွဲ့တွေကြားစစ်ရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ စိန်ရတု ရှမ်းပြည်အမျိုးသားနေ့ကလည်း RCSS ဘက်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အောင်မြင်မှုမရဘဲ နှစ်ဘက်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
=========
[[Unicode]]