သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ပဋိပက္ခ ပါဝင်ကြောင်း စွပ်စွဲမှု သက်သေခိုင်မာဖို့လို


ဖေဖော်ဝါရီလ (၁၂) ရက်နေ့က RCSS ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ကတိကဝတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ- ညိုအုန်းမြင့်-ဖဘ)
ဖေဖော်ဝါရီလ (၁၂) ရက်နေ့က RCSS ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ကတိကဝတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ- ညိုအုန်းမြင့်-ဖဘ)

လက်ရှိ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း RCSS/SSA ကနေ ပါဝင်ပတ်သက်မှုမျိုးမရှိသလို ဒီစစ်ပွဲမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေသာဓက ခိုင်လုံစွာနဲ့ချပြဖို့ လိုတယ်တယ်လို့လည်း တောင်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က ပြောပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြားမှာ ပြီးခဲ့တဲ့ပြည်ထောင်စုနေ့တုန်းက ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်လက်မှတ် ရေးထိုးခဲ့တယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ကနေ ထိုင်းနိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

RCSS/SSA လို့ခေါ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ကနေ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့တဲ့ကိစ္စရပ်နဲ့ပက်သက်ပြီး ဒီကနေ့ထိုင်းနိုင်ငံမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးရတဲ့ အကြောင်းရင်းကို အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါအချက်တွေ မြန်မြန်လက်မှတ်ထိုးနိုင်ဖို့အရေး၊ နောက်ပြီးတော့ အားလုံး ပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတရပ်ကို အလျှင်အမြန် ကျင်းပနိုင်ရေး၊ နောက် ကျနော်တို့အားလုံး မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေးတက်လှမ်းသွားနိုင်ဖို့အရေးကို ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ….. ရေးဆိုတဲ့အချက်ကိုရည်ရွယ်ချက်တော့ ရှိပါတယ်။ ”

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ သမ္မတဦးသိန်းစိန်အပါအဝင်အစိုးရအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီ အဖွဲ့ အစည်းတို့နဲ့ တွေ့ဆုံမှုမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကသာ လက်မှတ်ရေးထိုးခဲ့ပြီး ကျန်လက်နက်ကိုင် အဖွဲ့အစည်းအများစုကတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်ရှိရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလောက်ကိုင်ဒေသဘက်မှာ မြန်မာအစိုးရစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား ဖြစ်ပွါးနေတဲ့တိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ ကိုးကန့်တပ်ဘက်ကို စစ်ရေး အကူအညီပေးဆောင်နေတယ်လို့လည်း တပ်မတော်ကာကွယ်ရေးဌာနကနေ တရားဝင်ထုတ်ပြန်ပြောကြားမှုတွေလည်း ရှိနေပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ ကိုးကန့်အရေးကိစ္စတွေမှာ ပါဝင်ပက်သက်မှုမျိုးမရှိဘူးလို့လည်း ဗိုလ်မှူးစိုင်း လောဝ်ဆိုင်က အခုလို ပြောပါတယ်။

“ရှမ်းတပ်ဖွဲ့တွေ ပါတယ်ဆိုတာကတော့ ကျနော်တို့တပ်ဖွဲ့ကို ရည်ရွယ်ပြီး ပြောလာတဲ့အနေအထားပုံစံမျိုးတော့ ဟုတ်မယ်မထင်ဘူး။ ကျနော်တို့နာမည် RCSS-SSA ဆိုတဲ့နာမည်နဲ့တပ်ပြီးတော့ ပြောထားတာမရှိတဲ့အတွက်ကြောင့် ကျနော်တို့တပ်ဖွဲ့ကို ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင်တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သားဟောင်းတွေ ပါဝင်သလို (UWSA) ဝတပ်ဖွဲ့ပိုင် လက်နက်စက်ရုံကထုတ်တဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေဖေါ်ဝါရီ (၂၁) ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့တပ်မတော်အနေနဲ့ တရုတ်နိုင်ငံစစ်သားဟောင်းတွေက စစ်ရေးအကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေသာဓကခိုင်လုံစွာနဲ့ ချပြဖို့လိုတယ်လို့လည်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံကနေ ဝင်ရောက်စွက်ဖက်တယ်-ဆိုတာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ရောက် စွက်ဖက်တာလဲ။ အစိုးရရဲ့ တိုက်ရိုက်ပံ့ပိုးမှုနဲ့လား၊ ဒါမှမဟုတ်ရင် ဒေသခံအစိုးရတွေရဲ့ပံ့ပိုးမှုလား၊ ဒါမှမဟုတ် အရပ်ဘက်က ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းတွေကပဲ အကူအညီ ထောက်ပံ့မှုတွေ ပေးနေတာလားဆိုတာ ကျနော်တို့ တိတိကျကျ သိရှိဖို့တော့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး တိတိကျကျ မဖော်ပြနိုင်ဘူးဆိုရင် တဘက်နိုင်ငံက အကူအညီပေးတယ်၊ ပံ့ပိုးမှုတွေပေးတယ်ဆိုတာ ဘယ်လိုအနေအထားနဲ့ပေးပို့လဲဆိုတာ သတင်းအချက်အလက်တွေ ဒိထက်ပိုပြီးတော့မှ ထုတ်သင့်ပါတယ်။”

လက်ရှိကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေပြီး နှစ်ဖက်တပ်ဖွဲ့တွေအပြင် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှု များပြားနေပါတယ်။ ဒါ့အပြင် သိန်းချီနီးပါး ရှိတဲ့ဒေသခံပြည်သူတွေလည်း ဒုက္ခသည်အဖြစ်နဲ့ စစ်ပြေးတိမ်းရှောင်နေရပါတယ်။

အခုလိုလက်နက်ကိုင်ပဋိပက္ခတွေဖြေလျှော့နိုင်ဖို့ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့အဖြေရှာသင့်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပေါ်လစီချမှတ်တာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီက ချမှတ်တာ။ ချမှတ်တဲ့လုပ်ငန်းစဉ်ကို ဝန်ကြီးဦးအောင်မင်းနဲ့ လုပ်ငန်းကော်မတီက အကောင်အထည်ဖော်တာဖြစ်တဲ့အတွက် စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတဲ့နည်းကိုပဲနိုင်ငံတော်သမ္မတကြီး ပြောထားတဲ့အတွက် စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးနိုင်တဲ့နည်းလမ်းကနေပြီးတော့ …ဒီကနေ သွားနိုင်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံမှာ ပဋိပက္ခတွေလေ…ဒါကိုတော့ လျှော့ချလို့ရမယ်လို့ ထင်ပါတယ်။”

ရှမ်းပြည်နယ် ကိုးကန့်အထူးဒေသလောက်ကိုင်ဘက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကနေ ဖေဖေါ်ဝါရီလ (၁၇) ရက် နေ့ကစပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားဖို့ တပ်မတော်ကို တာဝန်လွှဲအပ်ခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်ကတော့ အစိုးရအနေနဲ့ ထိုးစစ်ကိုရပ်တန့်ပြီး နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ RCSS/SSA ရဲ့ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စုဖွဲ့ထားတဲ့ UNFCခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီအနေနဲ့ကတော့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနည်းတူ အသိအမှတ်ပြုဖို့၊ လက်နက်ကိုင်ပဋိပက္ခကိုအမြန်ရပ်တန့်ပြီး အစိုးရကိုယ်စား (UPWC) ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကိုယ်စား (NCCT) တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကနေ နိုင်ငံရေးအရဆွေးနွေးဖြေရှင်းရေးကို အမြန်ဖေါ်ဆောင် ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း ဖေဖေါ်ဝါရီ (၂၁) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG