သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ရေးမူအတွက် RCSS လူထု သဘောထား ရယူမည်


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သတင်းစာရှင်းလင်းပွဲ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သတင်းစာရှင်းလင်းပွဲ

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းလို့ မရသေးတဲ့ ပြည်ထောင်စုက ခွဲမထွက်ရမူနဲ့ပတ်သက်ပြီး ရှမ်းပြည် လူထုသဘောထား မရယူနိုင်သေးသ၍ လက်ခံမှာမဟုတ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS- SSA တောင်ပိုင်းတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာ့ တပ်မတော်ဘက်က ပြောနေတဲ့ တခုတည်းသော တပ်မတော် ဖွဲ့စည်းရေးအတွက်မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲမှာ သဘောတူညီတဲ့ ရလဒ်တွေ ရလာမှ ဆွေးနွေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုက ခွဲမထွက်ရနဲ့ တခုတည်းသော တပ်မတော်ဖွဲ့စည်းရေး ဆိုတဲ့အချက်တွေဟာ ၂၀၁၇ ခုနှစ် ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးမှာ ဆွေးနွေးပြီး သဘောတူညီချက် မရခဲ့သလို ၂၀၁၈ ခုနှစ် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာလည်း မဆွေးနွေးဘဲ ချန်လှပ်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက် တိုဘာလ ၁၅ ရက် နဲ့ ၁၆ ရက်ေ တွမှာ ကျင်းပတဲ့ အစိုးရ၊ တပ်မတော် နဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာလည်း ဒီကိစ္စကို ပြီးပြတ် အောင် မဆွေးနွေးနိုင်ခဲ့ကြပါဘူး။

ဒီလို ညှိနှိုင်းရခက်ခဲနေတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS- SSA တောင်ပိုင်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဦးက သူတို့အဖွဲ့ရဲ့ ရပ်တည် ချက်ကို အခုလို ပြောပါ တယ်။

“ပြည်ထောင်စုက မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက်က ရှမ်းပြည် ပြည်သူလူထုနဲ့ သက်ဆိုင် တဲ့အတွက် ကြောင့်မို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် RCSS အနေ နဲ့ ရှမ်းပြည်သူလူထုရဲ့ သဘောထားအတိုင်းရပ်တည်သွားမှာဖြစ်တယ်။ ပြည်သူလူထုရဲ့ သဘော ဆန္ဒတွေ မပါဘဲနဲ့ ဒီ ခွဲမထွက်ရဆိုတဲ့ အချက်ကို ကျနော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူး ပေါ့နော်။ တစ်မျိုးသားလုံးအရေးနဲ့ ဆိုင်တဲ့ အတွက်ကြောင့်မို့ အဖွဲ့အစည်း တစ်ဖွဲ့အနေနဲ့ ကျနော်တို့ လက်မှတ် ထိုးလို့ မရဘူးပေါ့။”

ပြည်သူလူထုသဘောထားကို ရယူဖို့အတွက်လည်း လူထုတွေ့ဆုံပွဲတွေကို လွတ်လွတ်လပ်လပ် ကျင်းပဖို့ လို တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက-

“တခုတည်းသော တပ်မတော်ကိစ္စက ကျနော်တို့ မူအားဖြင့် သဘောတူပါတယ်။ တကယ်လို့ ကျနော် တို့က ပြည်ထောင်စုစစ်ပေါ့နော်- ပြည်ထောင်စုတပ်မတော်ဖြစ်တဲ့ အချိန်ကျရင်တော့ တခုတည်း သောတပ်မတော်ကို လက်ခံလို့ ရပါတယ်။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရလဒ်တွေ သဘော တူညီမှုရလာမှ ဒီ တခုတည်းသော တပ်မတော်ကိစ္စကို ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ RCSS ရဲ့ မူဟာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာ ပြန်လည် ညှိနှိုင်း ရမယ့် ကိစ္စဖြစ်တဲ့ အကြောင်း အခုလို ပြောပါတယ်။

“RCSS သည်လည်းပဲ သူရဲ့ ရပ်တည်ချက်ကို အဲလိုမျိုးဖော်ပြတယ်ဆိုပေမဲ့ PPST မှာ ညှိနှိုင်းရင်တော့ အားလုံး လက်ခံနိုင်တဲ့ option ကတော့ တစ်မျိုးထွက်လာမယ် ထင်ပါတယ်။ ဒီခွဲမထွက်ရေး ကတိကို ပေးရေးဆိုတာနဲ့ ပတ်သက်ပြီးတော့ အားလုံးလက်ခံနိုင်တဲ့ option သုံးခုစီပေါ့နော်။ PPST ကလည်း ၃ ခု တင်လာမယ်၊ ဒေါက်တာ တင်မျိုးဝင်းတို့ ငြိမ်းချမ်းရေးကော်မရှင်က ၃ ခုတင်လာမယ်။ အဲဒါကို နိုဝင်ဘာ လကုန်ပိုင်းမှာ ဆွေးနွေးပြီးတော့ ညှိနှိုင်းယူမယ်ပေါ့။ အဲဒီမှာ ညှိနှိုင်းလို့ ရရင်တော့ ထွက်ပေါက်တခုရမှာပေါ့။”

တပ်မတော်တစ်ခုတည်းဖြစ်ရေးနဲ့ပတ်သက်လို့ကတော့ ယုံကြည်မှုတည်ဆောက်တာကို အရင်ဆုံး အလေးထား ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA အပစ်ရပ်စဲ ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဟာ ပြည်ထောင်စု မပြိုကွဲရေးအပါအဝင် တို့တာဝန်အရေး သုံးပါးကို လက်ခံပြီးမှ လက်မှတ်ရေးထိုးတာဖြစ်တဲ့အတွက် ပြည်ထောင်စုက ခွဲမထွက်ရ ဆိုတဲ့ ကိစ္စကို ဆွေးနွေးပွဲမှာ ဆွေးနွေးသင့် မဆွေးနွေးသင့် အငြင်းပွားနေဖို့ မလိုအပ်ကြောင်း အောက်တို ဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG