သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA တောင်ပိုင်း နဲ့ မြန်မာ အစိုးရ တိုက်ပွဲဖြစ်


 SSA-RCSS တပ်သားများ ကို ရှေ့တန်း စစ်စခန်းမှာ တွေ့ရစဉ်။
SSA-RCSS တပ်သားများ ကို ရှေ့တန်း စစ်စခန်းမှာ တွေ့ရစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း RCSS/SSA ထိန်းချုပ်နယ်မြေထဲ မြန်မာအစိုးရတပ် ဝင်ရောက် လာတဲ့ အတွက် ရှမ်းပြည်တောင်ပိုင်း တပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး အစိုးရတပ်ဘက်က စစ်သုံးရဟတ်ယာဉ်သုံးပြီး ပစ်ခတ်မှုတွေပါ ရှိနေတယ်လို့ RCSS/SSA တောင်ပိုင်းတပ်က ပြောပါတယ်။ အပစ်ရပ် စာချုပ်ချုပ်နိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နှစ်ဘက်ကြိုးစားနေချိန် အခုရက်ပိုင်း အတွင်းမှာပဲ ရှမ်းပြည်ဘက် အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ဘာကြောင့်ဖြစ်ပေါ်နေ သလဲ ဆိုတာကို အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ဒီကနေ့ စက်တင်ဘာလ ၁၆ရက်နေ့ မနက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့ RCSS/SSA တောင်ပိုင်းတပ်တွေ ထိန်းချုပ် နယ်မြေထဲကို မြန်မာအစိုးရ တပ်ဘက် ကနေပြီး ပြည်ထောင်စု အဆင့် သဘောတူညီချက် အတိုင်း နယ်မြေတွင်း လှုပ်ရှားသွားလာမှုကို ကြိုတင် သတင်းပို့ရမှာကို အကြောင်းမကြားဘဲနဲ့ မြန်မာတပ်ဘက်က ဝင်ရောက်လာတဲ့ အတွက် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ RCSS/ SSA တောင်ပိုင်းအဖွဲ့ တောင်ကြီးမြို့က ဆက်ဆံရေးရုံး ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းကျော်ကပြောပါတယ်။

”ဒီကနေ့ ဖြစ်တဲ့ကိစ္စက ၆ နာရီခွဲကနေ ၇ နာရီခွဲအထိပေါ့။ တနာရီ ဝန်းကျင်လောက်ကြာတယ်။ကျနော်တို့ RCSS အဖွဲ့က ခိုလုံရဲ့အကျော် ၁၀ မိုင် ဝှမ့်ကောင်းကျေးရွာနား မှာ ရှိနေတယ်။ ကျနော်တို့က ရွာပြင်မှာရှိနေတာပါ။ အစိုးရတပ် ကတော့ ကျနော်တို့ ဆက်ဆံရေးရုံးကို အကြောင်းမကြားဘဲနဲ့ သူတို့ကလာတာပါ။ အဲဒီ့ အတွက်ကြောင့်တိုက်ပွဲဖြစ်တယ်။ သူတို့က ရဟတ်ယာဉ် ၄ စီးနဲ့ တိုက်လေယာဉ် ၁ စီး သုံးပြီးတော့တိုက်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ခုနကပဲ။”

မြန်မာအစိုးရနဲ့ RCSS/SSA အဖွဲ့အကြား ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ပြီးသားဖြစ်လို့ အခုလို နယ်မြေအတွင်း တပ်လှုပ်ရှားမှုတွေကို နှစ်ဘက်အပြန်အလှန် အကြောင်းကြားရမယ် ဆိုတာ ကတိရှိခဲ့ပါလျက် ကတိမတည်ပဲ အခုလို အကြောင်းမကြားပဲ ဝင်လာ လို့ တိုက်ပွဲတွေဖြစ်တာဖြစ်တယ်လို့လည်း RCSS/SSA ဘက်ကပြောပါ့တယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်အောင် လုပ်ဆောင်နေချိန်မှာပဲ အခုလို ရှမ်းပြည်နယ် အတွင်း တိုက်ခိုက်မှုတွေအပြင် တိုင်းရင်းဒေသတွေမှာပါ စစ်ရေး တင်းမာမှု ဖြစ်ပွားနေတဲ့ အပေါ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးဆောင် လှုပ်ရှားနေသူ တဦးဖြစ်တဲ့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုသုံးသပ်ပါတယ်။

“ဒီ NCA လက်မှတ်ထိုးဖို့ အဖွဲ့အားလုံး လိုလိုက သဘောတူ လာတယ်။ နောက်ပြီးတော့ အစိုးရ ဘက် ကလည်း ဖိအားပေး လာတယ်။ နိုင်ငံတကာကော၊ ပြည်တွင်းကလူထုကော တောင်းဆိုလာတယ်။ အဲဒီအပေါ်မှာ စစ်တပ်က လက်မှတ်ထိုးဖို့ အဆင်သင့် ရှိချင်မှ ရှိမယ့်သဘော၊ ရှိတယ်။ ဒါကြောင့် တပ်မတော်ဘက်က လက်မှတ်ထိုးဖို့ ဆွေးနွေး ညှိနှိုင်းပြီးတော့ အကောင်အထည်ဖော်နေ တဲ့ အချိန်မှာ အဲဒီလို စစ်ရေးဆိုင်ရာ မပြေလည်မှုတွေ၊ ပြဿနာတွေ လုပ်ပြီးတော့ လက်မှတ်ထိုးပွဲမှာ ကျန်ခဲ့အောင်ပေါ့၊ တမင်တကာ ကျန်ခဲ့အောင် ထောင်ချောက် ဆင်နေသလားလို့တောင် ကျနော်က စိတ်ပူနေမိတယ်။

ဒါဆိုရင် လက်မှတ်ထိုးပြီးရင်လည်းဘဲ ဒီလိုဘဲလုပ်မလား၊ လက်နက်ဖြုတ်မလား ဆိုတဲ့ အမြင်တွေရှိနေတော့ မယုံမကြည်ဖြစ်တဲ့အခါမှာ အဖွဲ့အစည်းတွေက လက်မှတ် မထိုးကြတော့ဘူးဆိုရင် ဒါတပ်မတော်က လုပ်တဲ့ ထောင်ချောက်ထဲ ဝင်သွားနိုင်တယ်ပေါ့။ လက်မှတ်ထိုးမယ့် စာချုပ်ကို သေသေချာချာကြည့်ရင် တက်မတော်ဘက်က လုပ်ဖို့ လိုက်နာဖို့က သိပ်များတယ်။ ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ထိုးခဲ့မယ်ဆိုရင် လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ ဒီလိုမျိုးအပြုအမူမျိုးက လုပ်ဖို့မလွယ်ဘူး။ တော်တော်ခက်ခဲမယ်။

ဒါကြောင့် စာချုပ်မှာ လက်မှတ်ထိုးဖို့ မဖြစ်မနေ စာချုပ်ကိုယ်တိုင်ကလည်း လက်မှတ် ထိုးရတော့မယ် ဆိုတော့ ဒါကြောင့်လက်မှတ်မထိုးခင်မှာ စကား အားဖြင့် ဖြစ်စေပေါ့နော်။ သတင်းအားဖြင့် ဖြစ်စေ၊ လက်တွေ့အားဖြင့် ဖြစ်စေ ဒီလို ချိမ်းခြောက်မှုတွေ ပြုလုပ်တဲ့ဟာက မဖြစ်မနေ စာချုပ်ချုပ်ရမယ်ဆိုရင် စာချုပ်မှာ တချို့ကြောက်ပြီးတော့ ကျန်ခဲ့အောင် လုပ်နေသလားလို့ အဲဒီလို စဉ်းစားရတာပေါ့ဗျာ။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်နေ့ စနေ့နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ထဲ နောင်လိုင်ကျေးရွာအုပ်စုက နောင်ပါတက် ဘုန်းကြီးကျောင်းမှာ ဆွမ်းဟင်း ချက်ပြုတ်နေကြတဲ့ ဒေသခံ ရွာသားတွေ အလုပ်လုပ်ကိုင်တဲ့နေရာကို လက်နက်မျိုးစုံနဲ့ ပစ်ခတ်တဲ့ အတွက် လက်နက်ကြီးကျည် ကျရောက်လို့ ဒေသခံရွာသားတစ်ဦး သေဆုံး အများအပြား ထိခိုက် ဒဏ်ရာခဲ့ကြရပြီး အဲ့ဒီ့အတွက်လည်း အခုချိန်အထိ ထိရောက်တဲ့ ကူညီစောင့်ရှောက်မှု မရသေးပဲ ကျေးရွာသားတွေ အသက်အန္တရာယ် စိုးရိမ်ရလို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

XS
SM
MD
LG