သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဦးယွက်စစ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် (Myanmar State Counsellor Office)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် (Myanmar State Counsellor Office)

နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တောင်ပိုင်းရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ နှစ်ဖက်စစ်ရေးပဋိပက္ခနဖြစ်ပွါးရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ RCSSတာဝန်ရှိသူတွေကဆိုပါတယ်။ထိုင်းအခြေစိုက်VOA သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAဥက္ကဌဗိုလ်ချုပ်ကြီးရွက်ဆစ်ဦးဆောင်အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဦးဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေး နွေး ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှုးကြီးစိုးဝင်းဦးဆောင်အဖွဲ့နဲ့ နေပြည်တော်ဘုရင့် နောင် ခန်းမမှာတွေဆုံခဲ့ပါတယ်။

ဒီကနေ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့တွေ့ဆုံမှုနဲ့ပက်သက်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းမိန်းကအခုလိုပြောပါတယ်။

“ဒီကြားထဲမှာကျနော်တို့ ပြဿနာမဖြစ်အောင် ၊ တင်းမာမှုတွေမဖြစ်အောင် ကျနော်တို့ ၂ ဖက်ဘယ်လိုကြိုးစားမလဲ ဆိုတာကို ကျနော်တို့ စတင်ပြီးတော့ ညှိနှိုင်းတာပေါ့။ အခုလက်တလောအခြေအနေအရတော့ ကျနော်တို့ရဲ့ တင်းမာမှုတွေဖြေလျော့နိုင်အောင် ဒီကိစ္စတွေကို ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လုပ်ငန်းအကောင်အထည်မဖော်ဆောင်နိုင်သေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုအကောင်အထည်ဖော် ဆောင်နိုင်မလဲဆိုတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးရေးကဏ္ဍတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။”

ဒီတွေ့ဆုံမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ရှမ်းပြည်နယ်အတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်အတွက် အကြံ ပြုဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းမိန်းကအခုလိုပြောပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဒီဟာကို တခုအနေနဲ့ ကျနော်တို့ အပြန်အလှန်ငြိနှိုင်းဆွေးနွေးကြပါ။ ဒီကိစ္စဟာ ကျနော်တို့တိုင်းပြည်အတွက်လည်း အန္တရာယ် ဖြစ်တယ် ပြီးတော့ ရှေ့ဆက်ကျနော်တို့ Human Resource အတွက်လည်း ပြဿနာ တော်တော်ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျနော်တို့ အပြန်အလှန် ညှိနှိုင်းသွားကြဖို့လည်း အကြံပြုထားတာရှိပါတယ်။”

တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပေမဲ့လဲ မြန်မာ့ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေအစဉ်လိုလိုဖြစ်ပွါးနေခဲ့ပါတယ်။

ဒီလိုစစ်ရေးပဋိပက္ခတွေဆက်လက်မဖြစ်ပွါးဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမှုမှာ နှစ်ဖက်ဆွေးနွေးခဲ့တယ် လို့ ဗိုလ်မှူးကြီး စိုင်းမိန်းကအခုလိုပြောပါတယ်။

“နှစ်ဖက် ထိတွေ့မှုဖြစ်တယ်၊ တိုက်ခိုက်မှုဖြစ်တယ်ဆိုရင် ကြားထဲကပြည်သူတွေကတော့ ထိခိုက်တာတွေရှိတာပေါ့နော်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေမဖြစ်အောင် ၂ ဖက်ကလည်း ဒီစစ်ရေးတင်းမာမှုတွေလျော့ပေးဖို့ ကျနော်တို့ဆက်သွယ်ရေးလမ်းကြောင်းတွေထားပြီးတော့ အပြန်အလှန် ထိတွေ့မှုတွေမဖြစ်အောင်ဆိုပြီးတော့ ဆွေးနွေး ညှိနှိုင်းတာရှိပါတယ်။”

RCSS/SSA အနေနဲ့ ပြည်နယ်အဆင့် နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မှာ အစိုးရနဲ့အချက် ၃၁ ချက် သဘောတူလက်မှတ်ရေးထိုးထားပေမဲ့ တပ်တည်နေရာ တပ်နေရာချထားရေးအပိုင်းမှာ ရှင်းရှင်းလင်း သဘောတူထား တာ မျိုးမရှိ သေးပါဘူး။

ဒီအတွက်ကြောင့် တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ နှစ်ဖက်တပ်တွေထိပ်တိုက်မတွေ့ရေးအတွက် ဆက်ဆံရေးရုံးတွေကနေတဆင့် ဆက်သွယ်သွားဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှဲ့တွေ့ဆုံမှုမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး(၃) ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူးကြီးစိုင်းမိဏ်းဦးဆောင်အဖွဲ့တွေတက်ရောက်ခဲ့ပါတယ်။

RCSS/SSAခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော် အစိုးရကိုယ်စားလှယ်အဖွဲ့တို့နဲ့တွေ့ဆုံဆွေးနွေးနေဆဲတချိန်ထဲမှာဘဲ သီပေါမြို့နယ်ထဲက RCSSနမ့်တွေးတပ်စခမ်းကို မြန်မာ့ တပ်မတော် ကနေဝင်ရောက်တိုက်ခိုက်ခဲ့သလို အနီးနားဝန်းကျင်ကရွာသားတွစစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက်က တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) ကရင်အမျိုးသား အစည်းအရုံးKNUအပါအဝင်အဖွဲ့(၈)ဖွဲ့သာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်NCAလက်မှတ်ရေးထိုးထားပါတယ်။

ဒီအထဲက တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာရံဖန်ရံခါ မြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်ပြီး ဒီလိုပဋိပက္ခ ဖြစ်စဉ်ကြောင့် ရွာသားတွေဖမ်းဆီးခံရမှု ရပ်ရွာကနေထွက်ပြေးတိမ်းရှောင် နေရမှုတွေလဲဖြစ်ပွါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG