သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA (တောင်ပိုင်း) နဲ့ TNLA တိုက်ပွဲဖြစ်


NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးနေတဲ့ RCSS ခေါင်းဆောင်။
NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးနေတဲ့ RCSS ခေါင်းဆောင်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်မှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA အဖွဲ့တို့ ရက်သတ္တပါတ်ခန့် တိုက်ပွဲငြိမ်သက်နေရာကနေ မနေ့က ကျောက်မဲမြို့နယ် အတွင်းမှာ တဖန်ပြန်လည် တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ နှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲ အရှိန် လျော့ချဖို့ အတွက် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေကနေကြိုးပမ်းနေချိန်မှာဘဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာနေတာပါ။ ဒီအခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်း အခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာအနီးမှာ မနေ့က နံနက်ပိုင်းမှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်ပလောင်တပ်ဖွဲ့ရဲ့ပြန်ကြားရေးအရာရှိ ဗိုလ်ကြီး တာ့အိုက်ကျော်က အခုလိုပြောပါတယ်။

" ဒီဇင်ဘာ၁၇ ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာ အနီးမှာ ပြန်ဖြစ်တာ ခင်ဗျ။ ကျောက်မဲမြို့နယ်က RCSS အဖွဲ့က တိုက်ပွဲပြင်းလာတဲ့ နောက်ပိုင်းမှာ ဝင်ရောက်လာတာ နောက်ထပ် အင်အား ၂၀၀ကျော်နဲ့ ဒေသမှာ အခြေချထားတယ်။"

TNLA တပ်ဖွဲ့ဝင်များ
TNLA တပ်ဖွဲ့ဝင်များ

နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းကို တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က အတည်ပြုခဲ့ သလို ဒီလိုဖြစ်တဲ့တိုက်ပွဲဟာ TNLAဘက်ကနေ စတင်တိုက်ခိုက် လာတယ်လို့ RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

" တိုက်ပွဲဖြစ်တာ မှန်ပါတယ်ခင်ဗျ။ နှစ်နေရာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရာက TNLA က ကျနော်တို့ တပ်တွေကို လာတိုက်တာဖြစ်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် နမ့်ခမ်းဒေသဟာ တောင်ပိုင်းရှမ်းပြည် တပ်မတော်နဲ့ တအာင်း ပလောင်တပ်ဖွဲ့ တို့အကြား အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် နိုဝင်ဘာ(၂၇)ရက်နေ့ကစပြီး နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွါးလာနေခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့က အဲဒီဒေသတွေမှာ(၂၀၀၇)ကတည်းက အခြေချလာခဲ့တာဖြစ်ပြီး ပြောက်ကျားစနစ်နဲ့ လှုပ်ရှားခဲ့တဲ့ဒေသ လို့ ပြောဆိုမှုတွေ ရှိနေသလို TNLAတအာင်း ပလောင်အနေနဲ့ ကတော့ မြန်မာအစိုးရ နဲ့ RCSSတို့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးNCA သဘောတူစာချုပ် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း မှ ဒီနယ်မြေထဲကို ကျူးကျော် ဝင်ရောက်လာတယ်လို့လဲ အပြန် အလှန်ပြောဆိုနေကြပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွါးတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာဒေသခံ(၂၆၀)ခန့်ဟာ မိုင်းဝီကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲကာလ အတွင်း ဒေသခံကျေးရွာသား(၂၀)ကျော်ဟာဟာ လက်နက်ကိုင် အဖွဲ့တွေကနေ ဖမ်းဆီးခံထားရပါတယ်။

ဒီလိုနှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲအရှိန်လျော့ချဖို့အတွက် UNFCခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ဒီဇင်ဘာ(၁၅)ရက်နေ့ ထိုင်းနိုင်ငံ အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုမှာ တောင်ပိုင်းရှမ်းပြည် တပ်မတော်ဥက္ကဋ္ဌ အနေနဲ့ နှစ်ဘက် တိုက်ပွဲလျော့ချနိုင်မယ့် နည်းလမ်းကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

" ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကလည်း TNLA နဲ့ တိုက်ပွဲဖြစ်တာတွေ လည်း ပါပါတယ်။ ကျနော်တို့ဥက္ကဋ္ဌကြီး ညွှန်းဆိုတာက သူတို့ကို တိုက်ဖို့ ကျနော်တို့ အစီအစဉ်မရှိဘူး။ တိုက်ဖို့ခိုက်ဖို့လည်း ကျနော်တို့ သွားတာမဟုတ်ပါဘူး။ ကိုယ့်နေရာကိုယ် ပြန်တာပဲဖြစ်ပါတယ်။ သူတို့က မတိုက်ဘူးဆိုရင် တိုက်ပွဲ မဖြစ်ပါဘူး။ ဒါကြောင့်မို့ သူတို့ မတိုက်အောင် ပြောပေးပါတဲ့။ တိုက်ပွဲ မဖြစ်အောင် ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိပြီးတော့ နေနိုင်ကြတဲ့ နည်းလမ်းကို ရှာကြရင် မကောင်းဘူးလား အဲ့လိုပဲ အကြံပြုထားပါတယ်။"

UNFCအနေနဲ့ လဲ တိုက်ပွဲ အရှိန်လျော့ချနိုင်ဖို့ တအာင်း ပလောင်တပ်ဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ UNFCခေါင်းဆောင်တွေကပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ UPDJC ကနေ လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ကိုင်စွဲ ရမယ့် နိုင်ငံရေးမူဘောင်ကို အတည်ပြုပြီး ဒီဇင်ဘာ (၁၆)ရက်နေ့ မှာ သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမူဘောင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့ အားလုံးစုံ မပါဝင်သေး သလို နောင်လာမယ့် အစိုးရသစ် လက်ထက် မှာဆွေးနွေးသင့်တယ်လို့ တအာင်ပလောင် တပ်ဖွဲ့ရဲ့ပြန်ကြားရေး အရာရှိဗိုလ်ကြီး တာ့အိုက်ကျော် ကပြောပါတယ်။

လက်ရှိဆုံးဖြတ် ထားတဲ့ နိုင်ငံရေး မူဘောင်တွေကိုတော့နောင်အစိုးရ အနေနဲ့ ပြုလွယ်ပြင်လွယ် ရှိအောင် နဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုး လာရင် ပါဝင် လာနိုင်အောင်လည်း ခြွင်းချက်ထား သဘောတူခဲ့တယ်လို့ လဲ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုအတည်ပြုထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာနိုင်ပဲ ယခင်အစိုးရလက်ထက်ကကျင်းပခဲ့တဲ့ အမျိုးသားညီလာခံလို ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း ရှမ်း နိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ ဝေဖန်ပြောဆိုမှုတွေလဲရှိနေပါတယ်။

XS
SM
MD
LG