သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းထားတဲ့ RCSS တပ်ဖွဲ့ဝင် ၈ ဦး ပြန်လွှတ်ပေးမယ် - SSPP ပြောခွင့်ရ


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက ဖမ်းဆီးရမိထားပြီး ပြန်လွှတ်ပေးဖို့စီစဉ်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက ဖမ်းဆီးရမိထားပြီး ပြန်လွှတ်ပေးဖို့စီစဉ်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)

{{Zawgyi/Unicode}}

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင် ၈ ယောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းကပြောပါတယ်။ ဒီလို ပြန်လွှတ်ပေးတာဟာ ဂျီနီဗာကွန်ဗန်းရှင်းပါ ကျင့်ဝတ်အရဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တာကြောင့်ဖြစ်တယ်လို့ SSPP ပြောခွင့်ရက ဆိုပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တောင်ပိုင်းကြားက အခြေအနေကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြား ဒီလပိုင်းတွေအတွင်း ကျောက်မဲ၊ သီပေါ၊ ကျေးသီး၊ မိုင်းကိုင် စတဲ့ဒေသတွေမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာပါ။

ဒီတိုက်ပွဲတွေအတွင်း RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့တာရှိပြီး မကြာမီ သူတို့ကို ပြန်လွှတ်ပေးမယ်လို့ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

“ဖမ်းမိတာက ၁၀ ယောက်ရှိတယ်။ တယောက်ကျတော့ ဆေးရုံရောက်တော့ ဆုံးသွားတယ်။ တယောက်ကျ တော့ ဆေးရုံမှာပဲ။ ပြန်လွှတ်ပေးဖို့က ၈ ယောက်လောက်ရှိတယ်။ အခုက သူတို့ အဖေ၊ အမေတွေ၊ သူတို့မိသားစု၊ သူတို့အမျိုးတွေကို မနေ့ကပဲ စပြီးတော့ ဆက်သွယ်ခွင့်ပေးလိုက်တယ်။ မနေ့ကပဲ ဆက်သွယ်တယ် ဆိုတော့ ဒီနေ့တော့ လာမယ်ထင်တယ်။ နှစ်ရက်၊ သုံးရက်မှာ အမြန်ဆုံးလွှတ်ပေးနိုင်ဖို့ ကျနော်တို့ စီစဉ်ထားတယ်နော်။”

ဖမ်းဆီးရမိသူတွေကို လွှတ်ပေးတာဟာ ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာတာဖြစ်သလို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“တပ်မတော်ကျင့်ဝတ်ပေါ့နော်၊ ဂျီနီဗာကွန်ဗန်းရှင်းက ပြဌာန်းတဲ့အတိုင်း ကျနော်တို့ လိုက်နာတယ်ပေါ့နော်။ စစ်သုံ့ပန်းက ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ကျနော်တို့က တိုက်ပွဲဖြစ်ပြီးတော့ ဖမ်းဆီးရတာမျိုးကျတော့ ကျနော် တို့ အားလုံးပြန်လွှတ်ပေးတယ်ဗျ။ နောက်တခုကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ စစ်ရပ်စဲနိုင်ဖို့အတွက်လည်း မျှော်မှန်းပြီးတော့ပေါ့နော်။ အဓိကထားပြီးတော့ ပြန်လွှတ်ပေးပါတယ်။ အခုက တိုက်ပွဲဖြစ်ပေမဲ့လည်း နောင်မှာဆို ဆွေးနွေးရဦးမှာလေ။ ဆွေးနွေးမှုကိုတော့ လုပ်ကို လုပ်ရမှာလေ နော။ ”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ ကတော့ သူတို့ရဲဘော် ဟုတ်၊ မဟုတ် အတည်ပြုချက် ရယူနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ရှေ့တန်းစစ်မျက်နှာကျတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ အဲဒါကျတော့ အသေးစိတ် မသိရသေးဘူး ခင်ဗျ။ ကျနော်တို့ရဲဘော် ဟုတ်လား၊ မဟုတ်လားဆိုတာ အတည်ပြုချက်ရဖို့ ကျနော်တို့ မေးထားတယ်။ ဒါပေမဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဘာမှ မပြောလာသေးဘူးခင်ဗျ။ အခုက စစ်ရေးအခြေအနေက ရှုပ်ထွေး နေတော့ ကျနော်တို့က အတည်ပြုဖို့ မပြောနိုင်သေးဘူးပေါ့နော။”

လက်ရှိအခြေအနေမှာတော့ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ကြားမှာ တိုက်ပွဲကြီးတွေ ဖြစ်တာမရှိဘဲ သီပေါ၊ ကျောက်မဲ၊ ကျေးသီး၊ မိုင်းကိုင် စတဲ့နယ်မြေတွေမှာ ပျောက်ကြားတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဒီလပိုင်းတွေအတွင်း ဖြစ်တဲ့တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို စစ်ပွဲတွေ ရပ်ဆိုင်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ရှမ်းပြည်နယ်က သံဃာတွေနဲ့ ပြည်သူတွေကလည်း အစဉ်တစိုက် တောင်းဆိုနေ ပါတယ်။

RCSS/SSA တောင်ပိုင်းဘက်က ဆွေးနွေးအဖြေရှာဖို့ အသင့်ရှိကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။

“ဆွေးနွေးဖို့ကျ ကျနော်တို့ အမြဲတမ်း လမ်းဖွင့်ထားတယ်။ ကျနော်တို့ ရပ်တည်ချက်လည်း ရှင်းရှင်း လင်းလင်း ရှိတယ်ဗျ။ တွေ့ဆုံဆွေးနွေးရေးသာ ကျနော်တို့ ထွက်ပေါက်ဖြစ်မယ်။ အဖြေရှာတဲ့နည်းလမ်း ဖြစ်မယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်လာတာကတော့ အခြေအနေ တခုပေါ့နော။ ဆက်ကြိုးစားမှာပဲ။ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ဆက်ကြိုးစားသွားမှာပဲခင်ဗျ။”

ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့လုံးက ဆွေးနွေးဖြေရှင်းရေးကို လိုလားကြောင်း ပြောဆိုကြပေမဲ့ လက်တွေ့မှာတော့ မအောင်မြင်သေးပါဘူး။ နိုင်ငံရေးလေ့လာသူ အများစုက အဓိက တိုက်ပွဲဖြစ်ပွားနေတဲ့ ပြဿနာဟာ နယ်မြေအငြင်းပွားမှုကြောင့်လို့ သုံးသပ်ထားပါတယ်။

ရှမ်းနိုင်ငံရေးကို လေ့လာနေသူတဦးဖြစ်တဲ့ စိုင်းထွန်းအောင်လွင်ကတော့ နှစ်ဘက် အပြန်အလှန် ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပြီး အတူတွဲလုပ်လို့ရတဲ့ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ရင်း နားလည်မှု တည်ဆောက်သွားမယ်ဆိုရင် ဖြေရှင်းဖို့ ဖြစ်နိုင်မယ်လို့မြင်ကြောင်း သုံးသပ်ပါတယ်။

“ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ နှစ်ဘက်လုံးက လုပ်သင့်လုပ်ထိုက်တဲ့ Channel တွေကနေ တဘက်နဲ့ တဘက် သူနိုင်၊ ကိုယ်နိုင်ဆိုတဲ့ Win- Win အခြေအနေမျိုး ဦးတည်တယ်ဆိုရင်တော့ ဖြစ်လာနိုင် တယ်ပေါ့နော်။ ဥပမာ COVID ကာကွယ်ရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်၊ နယ်တွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေပဲဖြစ်ဖြစ် အတူတွဲလုပ်လို့ ရတာပဲ။ တဘက်နဲ့ တဘက် အရင်နားလည်အောင် ကြိုးစားသင့်တာပေ့ါနော။ အဲတော့ တဘက်နဲ့ တဘက်နားလည်နိုင်ရင် ဒါ ရှင်းရလွယ်တာပေါ့ဗျာ။”

SSPP က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနဲ့ ဝမ်ဟိုင်းဌာနချုပ်အနီးက သူတို့ စိုးမိုးနယ်မြေတွေကို RCSS က ကျူးကျော်လာတယ်လို့ ပြောဆိုတာရှိသလို RCSS ဘက်ကလည်း ဒီဒေသတွေဟာ အရင်တည်းက သူတို့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်ကြောင်း ပြောဆိုတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}


















=========

XS
SM
MD
LG