သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSA ဖမ်းထားတဲ့လူငယ်တွေလွှတ်ပေးရေး အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သတင်းစာရှင်းလင်းပွဲ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သတင်းစာရှင်းလင်းပွဲ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA ) က ဖမ်း ဆီးထားတဲ့ လူငယ် တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ RCSS/SSA က ဒီကိစ္စနဲ့ ပတ်သက်လို့ ပြန်လည်စစ်ဆေးနေပြီး လူအခွင့်အရေး ကော်မရှင်အနေနဲ့လည်း လေ့လာကွင်းဆင်း စစ်ဆေးတာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်လို့ RCSS တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် (NCA) မှာ လတ်မှတ်ရေးထိုးထားတဲ့ ရှမ်း လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA ) မှ ဖမ်းဆီးထားတဲ့ လူငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တိုက်တွန်း ကြောင်း ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ် ကျိုင်းခမ်းဒေသမှာရှိတဲ့ ကုမ္ပကီတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ် သမား ၁၂ ဦးကို SSA တပ်မဟာ ၇၅၉ ၊ တပ်ခွဲ၁၉၈ က ၂၈ ရက်၊ ၁၂ လပိုင်း ၂၀၁၀ ခုနှစ်လောက်က ဖမ်းဆီးခေါ်ဆောင်သွားလို့ ပျောက်ဆုံး လူငယ်တွေရဲ့မိဘတွေက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားလာ တယ်ဆိုပြီး ကော်မရှင်ရဲ့ အိပ်ဖွင့်ပေးစာမှာ ဖော်ပြထားတာပါ။

အဲဒီဖမ်းဆီးသွားခဲ့တဲ့ ၁၂ ယောက်ထဲက ၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်ထပ် ၆ ယောက် ကျန်နေသေးတယ်လို့ ကော်မရှင်ရဲ့ စာမှာ ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA က ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းကို ဆက်သွယ်မေးမြန်း ရာမှာတော့ လူအခွင့်အရေး ကော်မရှင်အနေနဲ့လည်း သူတို့နယ်မြေတွေမှာ အတူတူ ပူးပေါင်းပြီး လာရောက်စစ်ဆေး နိုင်တယ်လို့ VOA ကိုပြောပါတယ်။

“ကျနော်တို့ ဒီနယ်မြေတွေကို သိမ်းပြီးတော့ လေ့လာခွင့်လည်း ပြုပါတယ်။ကျနော်တို့ရဲ့ အဖွဲ့အစည်းနဲ့ အတူတကွ ကွင်းဆင်းပီၤးတော့ လေ့လာလို့ရပါတယ်၊ ဖိတ်ခေါ်ပါတယ်။”

RCSS/SSA အနေနဲ့ NCAစာချုပ်မှာ ပါရှိတဲ့ သဘောတူညီချက်တွေအတိုင်း လိုက်နာကျင့် သုံးဖို့ သူတို့အဖွဲ့ အစည်းတွေကို ညွှန်ကြားထားပြီး စည်းကမ်းတစုံတရာ ချိုးဖောက်ပါက အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းမိန်းက ဆက်ပြောပါတယ်။

“နှစ်ဘက် သဘောတူညီချက်အတိုင်း ကျနော်တို့ ရေးဆွဲထားတဲ့ စည်းမျဉ်းတိုင်းကို လိုက်နာရမယ်လို့ ကျနော်တို့ အဖွဲ့အစည်းတိုင်းကို ပြဌာန်းထားပြီးဖြစ်တယ်။ အဲ့ဒီအတိုင်းလည်း ကျနော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ လိုက်နာမယ်လို့ ကျနော်ယုံကြည်တယ်။တကယ်လို့ မလိုက်နာတဲ့သူတွေကိုလည်း သူတို့ပြစ်မှုအတိုင်း ကျနော်တို့ အဖွဲ့စည်းက အရေးယူသွားမှာဖြစ်တယ်။”

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီဖြစ်စဉ်ဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တဲ့အပြင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို ထိခိုက်စေတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG