သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSA ရုံးကို အစိုးရတပ် ရှောင်တခင်ဝင်ရှာ


RCSS/SSA အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်နေစဉ်
RCSS/SSA အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်နေစဉ်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ဆက်ဆံရေးရုံးကို အစိုးရဘက်က လက်နက်ကိုင် တပ်တွေ အပါအဝင် လူအင်အား ၂၀ ကျော်နဲ့ အင်္ဂါနေ့က ရှောင်တခင် ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

နှစ်ဘက် အပစ်အခတ်ရပ်စဲစဉ်က ဆက်ဆံရေးရုံးတွေကို ဝင်ရောက်မယ်ဆိုရင် ကြိုတင် အသိပေးဖို့ဆိုတာ ပါရှိထားတာကြောင့် အခုလို ရုတ်တရက် ဝင်ရောက်တာဟာ နှစ်ဘက် ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ကျိုင်းတုံရုံး တာဝန်ခံက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာဖြစ်ပါတယ်။ အပစ်ရပ်ပြီးတဲ့နောက် နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့အတွက် ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ် စတဲ့မြို့တွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ကျိုင်းတုံမြို့က ဆက်ဆံရေးရုံးကို ဌာနဆိုင်ရာအဖွဲ့တွေ အပါအဝင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နဲ့ လက်နက်ကိုင်အဖွဲ့တွေက ရှောင်တခင် ဝင်ရောက်ပြီး ၁ နာရီကျော်လောက် ရှာဖွေ စစ်ဆေးခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတဦးက အခုလို ပြောပါတယ်။

“အယောက် ၂၀ ကျော်ကျော်လောက် ရှိပါတယ်ခင်ဗျ။ လက်နက်တွေ ပါပါတယ်ခင်ဗျ။ ယူနီဖောင်းက သူတို့ စစ်ဝတ်စုံ ဝတ်ထားတာကတော့ ၁၀ ယောက်လောက် ရှိပါတယ်ခင်ဗျ။ ပြီးတော့ ဒီ ရဲဌာနက ၆ ယောက်လောက် ရှိပါတယ်ခင်ဗျ။ ပြီးတော့ ဒီဌာနဆိုင်ရာ စရဖ တို့ ဘာတို့ကျတော့ သူတို့က အရပ်ဝတ်နဲ့ပဲခင်ဗျ ၅ ယောက်လောက်ရှိတယ်။ ပြီးတော့ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးပေါ့ အဲ့ဒါက ၃ ယောက် ခေါ်လာပါတယ်ခင်ဗျ။ ဘီဒိုတွေရော အကုန်လုံး အောက်လှန် ဟိုလှန် ဒီလှန် အကုန်လှန်ပြီး ရှာတယ်။ တခန်းဝင် တခန်းထွက် ရှာဖွေသွားတယ်။ ၄ နာရီ ၂၀ လောက်မှာ ရောက်လာတယ်ခင်ဗျ။ ၁ နာရီကျော်ကျော် ပတ်ဝန်းကျင်လောက် ကြာပါတယ်ခင်ဗျ။”

ဒီလိုရှာဖွေစစ်ဆေးစဉ်မှာ တရားမဝင်တဲ့ အရာ တစုံတရာ သိမ်းဆည်းသွားတာ မရှိကြောင်းနဲ့ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းစိုးမိန်းကို စရဖရုံးကို ခေါ်ယူထားချိန်မှာ ရှာဖွေ စစ်ဆေးခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ RCSS/SSA တောင်ပိုင်း၊ ကျိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ဒီလို အကြောင်းမကြားဘဲ ဝင်ရောက် ရှာဖွေတာကြောင့် တဘက်နဲ့ တဘက် ယုံကြည်မှု ပျက်ပြားစေတယ်လို့ ပြောပါတယ်။

“အမှန်ဆိုရင် တဘက်နဲ့တဘက် သွားလာလို့ရှိရင် အကြောင်းကြားရမယ်၊ ဘာညာတွေ သဘောတူညီချက်တွေ ရှိတယ်ခင်ဗျ။ အခုက အကြောင်းလည်းမကြား၊ ဘာသတင်းမှလည်း မပြောဘဲနဲ့ ဒီလို လက်နက်ကိုင်ပြီးတော့ အတင်းဝင်လာတယ်ဆိုတော့ အနာဂတ်အတွက် စိုးရိမ်တယ်ခင်ဗျ။ ဘာဖြစ်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာ ကျနော်တို့က တဘက်နဲ့တဘက် ယုံကြည်မှုဆိုတာ နည်းသွားတာပေါ့။ ယုံကြည်မှုမရှိဘူးပေါ့ဗျာ။”

ဘာကြောင့် အခုလို ရှာဖွေတယ် ဆိုတာကိုလည်း မသိရသေးကြောင်း ဒုဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောပါတယ်။

“ကျနော်က G-1 နဲ့ အတိုင်ပင်လုပ်နေတဲ့အချိန်မှာ စရဖတပ်မှူးက သူနဲ့သူ့တပည့်နဲ့ပေါ့ နောက်ပြီးတော့ ဌာနပေါင်းစုံ ကျနော်တို့ရုံးကို ဝင်လာတဲ့အကြောင်းကို ကျနော်လည်း သိချင်ပါတယ်။ မနက်က ကျနော်က သူ့ကို ဖုန်းဆက်လိုက်တော့ ဖုန်းပိတ်ထားတယ်ဗျ။ သိကိုမသိရဘူး။”

ဒီလို အကြောင်းမကြားဘဲ ဝင်ရောက်တဲ့ကိစ္စကို RCSS/SSA တောင်ပိုင်း ဗဟိုကို တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

SSA တောင်ပိုင်းရုံးမှာ အခုလို အခင်းမဖြစ်ပွားမီ ဒီလ ၅ ရက်နေ့က ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် တယောက်ကိုလည်း အစိုးရတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး SNLD ပါတီက ပြောခွင့်ရသူ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ရှမ်းပြည်အရှေ့ပိုင်း ဥက္ကဌပေါ့နော် ဦးစိုင်းလုံ အဲ့ဒီတယောက်ကို ကျနော်တို့ တာဝန်ပေးပြီးတော့ သက်ဆိုင်ရာ SP ပေါ့နော် SP တပ်မှူးနဲ့ သွားတွေ့တယ်။ ရဲကိုလည်း လွှဲမပေးသေးဘူးဆိုတော့ စစ်တပ်ကပဲ ဆက်ပြီး သူ့ကို စစ်ဆေးနေတုန်းဆိုတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာကို အတိအကျ ပြောလို့မရပါဘူး။”

ဖမ်းဆီးခံထားရတဲ့သူ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ဖို့လည်း ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒီ ရှမ်းပြည်အရှေ့ပိုင်း ဥက္ကဌကို လွှတ်ပြီးတော့မှ သက်ဆိုင်ရာ စရဖ SP အစရှိတဲ့ ဌာနတွေနဲ့ သွားဆက်သွယ်ခိုင်းတယ်။ အဲ့ဒီမှာ သတင်းအချက်အလက် အပြည့်အစုံ ရပြီဆိုရင် တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက်ကို ကျနော်တို့ စတင်ဆောင်ရွက်နေပါတယ်။ စစ်တပ်ကနေပြီး လက်နက်အားကိုးနဲ့ ရွာသားတယောက်ကို အဲ့ဒီလို မတရားပြုကျင့်တာမျိုးကိုတော့ ကျနော်တို့ လက်သင့်ခံလို့မရဘူး။ အကယ်၍ သူ့မှာ အပြစ်ရှိတယ်ဆိုရင်တောင်မှပဲ တရားနည်းလမ်းတကျ ဆောင်ရွက်မှုကို ကျနော်က တောင်းဆိုမှာ ဖြစ်ပါတယ်။”

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အခုလို မပြေလည်မှုတွေ ဖြစ်ပေါ်လာချိန်ဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတို့ ပေါင်းစည်းရေး အတွက် ပြင်ဆင်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒေသခံတွေကတော့ ဒီလို တင်းမာမှုတွေကြောင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားမှာကိုလည်း စိုးရိမ်နေပါတယ်။

တချိန်တည်းမှာတော့ ဒီလ ၃ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးခဲ့တဲ့ ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂ ယောက်ကို ပြန်လွှတ်မပေးရင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေနဲ့ အင်အားသုံး ဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လောလောဆယ်မှာတော့ ဖမ်းဆီးခံရသူတွေကို ပြန်လည် မရောက်လာသေးပေမဲ့ ပြန်လွှတ်ဖို့ KIA ဗဟိုက ညွှန်ကြားထားကြောင်း ကြားဝင်ညှိနှိုင်းပေးသူ ဦးအင်ရှန်ဆန်အောင် က ပြောပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIA ဟာ ဒီလ ၁၃ ရက်နေ့မှာ တွေ့ဆုံဖို့ ပြင်ဆင်ထားချိန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီလ ၁၉ ရက်နေ့မှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံဆွေးနွေးဖို့ ပြင်ဆင်ထားချိန်မှာပဲ အခုလို ရှမ်းနဲ့ ကချင်ဒေသအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG