သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲတာ အဆန်းမဟုတ်


စစ်တပ်က အရာရှိကြီးတွေ နုတ်ထွက်တယ်၊ ရာထူး အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတိုက်အခံ နိုင်ငံရေး လောက ကလည်း အမျိုးမျိုး ဝေဖန် သုံးသပ်နေကြပါတယ်။ ဘယ်လို သုံးသပ်ပြောဆိုမှုတွေ ရှိသလဲ ဆိုတာ အပြည့်စုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီအပြောင်းအလဲသတင်းတွေက မြန်မာ့နိုင်ငံရေးလောကထဲမှာ အထူးအဆန်းမဟုတ်ပါဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။ သူစစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန် မဆလ ပါတီ ခေတ်ကတည်းက ဒီလိုပဲ စစ်ဝတ် ကနေ အရပ်ဝတ်တွေ ပြောင်းပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့ ကြိူးစားခဲ့တာဟာ စစ်တပ်ထဲမှာ လုပ်ရိုးလုပ်စဉ် တခု ဖြစ်တယ် လို့လည်း သုံးသပ်ပါတယ်။ မဆလခေတ်နဲ့ မတူတဲ့အသွင်ဆိုလို့ အရင် တပါတီစံနစ်နဲ့ အခုတော့ ပါတီစုံရယ်လို့ အမြင်ပြထားတဲ့ အချက်လေးတွေသာ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

“ဒါက ဒီလိုပါပဲဗျာ။ ကျနော်တို့ မဆလ၊ ကျနော်ရှိတုန်းကလည်း ဒီပုံစံပဲဗျာ။ ဒီပုံစံပါပဲ။ အဲဒီတုန်းကလည်း ဦးနေဝင်းတို့၊ ဦးစန်းယု တို့၊ နောက်ပြီးတော့ တိုင်းမှူးတွေ တော်တော်များများ ထွက်တယ်။ ကျနော်တယောက်တည်း တပ်ကို ကိုင်ရမယ်ဆိုပြီးတော့ ကျန်ရစ်ခဲ့တာပဲ။ ကျန်တဲ့သူတွေအားလုံးကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ယူနီဖောင်းတွေ ချွတ်လိုက်ကြတာပဲ။ အဲဒီလိုပဲ ကျနော်တို့တုန်းကလည်း ရှိခဲ့ တာပဲ။ ဟိုတုန်းကတော့ တပါတီပေါ့ဗျာ။ ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်းကို ဒေသတွေက သတ်မှတ်ပြီးတဲ့နောက် အဲဒါ အရွေးခံတဲ့ အခါကျတော့ မဲပုံးထောင်ပြီးတော့ အမှားအမှန် ပေးရတာပါပဲ။ အခုဟာကတော့ အရွေးခံပြီးတော့ မဲဆန္ဒနယ်မှာ တခြားသော ပါတီတွေနဲ့ လည်း ပါဝင်ယှဉ်ပြိုင်တယ် ဆိုတဲ့သဘောအရတော့ ဖြစ်တော့ဖြစ်တာပေါ့။ ဒါပေမဲ့လည်း အခြား ယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေ အတွက်ကတော့ သူတို့က တော်တော်ကို အခက်အခဲ အကျပ်အတည်းတွေနဲ့ အတားအဆီး အပိတ်အပင်တွေနဲ့ ဆိုတော့လည်း သူတို့ကတော့ မလွယ်ဘူး ပေါ့။ တစည တို့ဘာတို့ကလည်း ဒါနဲ့ပတ်သက်တာကို သူတို့ သေချာတဲ့နေရာမှာ ယူထားပြီး ကျန်တဲ့နေရာတွေမှာ ကြံ့ဖွံ့နံမည်နဲ့ ဝင်ပြီးတော့ တနည်းအားဖြင့်တော့ ဒါက တစည၊ ကြံ့ဖွံ့ ပါသွားတယ်။ အဲဒီလို အပေးအယူတွေလည်း လုပ်ကြပြီးတော့ သေချာအောင် လုပ်ကြတဲ့သဘောပါပဲ။ သူတို့ပဲ ဝင်၊ သူတို့ပဲ နိုင်၊ သူတို့သေချာလုပ်ပြီး သူတို့ပဲသွားမှာ။ ဒီပုံစံပါပဲ။ အဲဒီတော့ အဓိပ္ပါယ်ကတော့ဗျာ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လူတွေရပြီးတော့ ဘယ်လို အောင်မြင်စွာဖြင့် ပြီးသွားကြမယ်လို့ ဆိုတာတွေကလည်း ထင်ထင်ရှားရှား သိနေတဲ့သဘောပါပဲ။ အဲဒါတွေ သေချာလို့လည်းပဲ အခုလိုထွက်ပြီး လုပ်ကြတဲ့သဘောပါ။”

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ပြောပြခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲရက်တွေ မတိုင်ခင် စစ်တပ်ထဲ အပြောင်းအလဲတွေ ရှိမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းကတည်းက အတော်လေးထွက်နေတာပါ။ ဒါ့ကြောင့် အခုထွက်လာတဲ့ သတင်းဟာ တရားမဝင် စစ်တပ် အစိုးရကနေ တရားဝင် ရွေးကောက်ပွဲကနေ တက်လာမယ့် အရပ်သားအစိုးရ ဖြစ်ရေးဆိုတဲ့ စစ်တပ်တွင်း စံနစ်တကျ ချမှတ်စီစဉ်ထားတဲ့ အဆင့်တွေကို တဆင့်ပြီးတဆင့် အကောင်အထည် ဖော်လာတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက သုံးသပ်ပါတယ်။

“ကျနော်ကတော့ သူတို့ အဲဒီလို ရာထူးက ထွက်လိုက်တယ်ဆိုရင် သူတို့ အရပ်သားဖြစ်သွားပြီ။ သူတို့ မျှော်မှန်းထားတဲ့ အရပ်သား အစိုးရမှာ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖို့မှာ ဖြစ်သွားတယ်လို့ ယူဆရတာပေါ့နော်။ ကျနော် ထင်တာကတော့ အခု ရွေးကောက်ပွဲမှာ ကတော့ သူတို့ မှန်းထားတဲ့အတိုင်းပဲ သူတို့က အသာစီးရလိမ့်မယ်လို့ သူတို့ တွက်ပြီးပြီလို့ ယူဆရတယ်ပေါ့နော်။ အဲဒါကြောင့် သူတို့လည်းပဲ ဒီရာထူးတွေကနေ ထွက်ပြီးတော့ အရပ်သားအစိုးရမှာ တာဝန်ယူဖို့ ပြင်ဆင်တယ်လို့ပဲ ယူဆပါတယ်။”

တခါ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကှဋ္ဌ ဒေါက်တာ သန်းငြိမ်းကနေ အခုသတင်းတွေအပေါ် ဝေဖန်သုံးသပ်ဖို့ အချိန်စောသေးတယ်လို့ ဆိုပါတယ်။

“ဘာတွေဖြစ်လာမလဲ ဆိုတာက နံပါတ် (၁) မသိဘူးပေါ့။ ဒါက သိပ်အရေးကြီးတဲ့ကိစ္စပေ့ါ။ ဒါကို အဲန်ကယ်လ်တို့က ခဏတော့ စောင့်ကြည့်ဦးမှ ဖြစ်မှာပေါ့နော်။ ကြိုပြီးတော့ ပြောဖို့ကတော့ လုံး၀ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ဒီလို အချိန်အခါမျိုးမှာ သိပ်ကို delicate (အထိခိုက်မခံ) ဖြစ်တယ်လေ။ မှတ်ချက်ပေးဖို့ တော်တော် ခက်ပါတယ်။ ဘာဖြစ်လာမှာလဲ။ ဒါကို သေသေချာချာ လေ့လာပြီးမှပဲ ပြောတာအကောင်းဆုံးပါပဲ။”

NDF ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG