သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေး ပါတီတွေ ပြင်ဆင်


ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေး ပါတီတွေ ပြင်ဆင်
ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေး ပါတီတွေ ပြင်ဆင်

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ကာလကတည်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကျင်းပတဲ့ တနင်္ဂနွေနေ့အထိ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ မှတ်တမ်း ပြုစုထားတာတွေကို မကြာခင်မှာ သတင်းမီဒီယာတွေနဲ့တကွ နိုင်ငံတကာ သံတမန်တွေကိုပါ တင်ပြနိုင်အောင် စီစဉ်နေတယ်လို့ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း မဲရေတွက်တဲ့ နေရာတွေမှာ မသမာမှုတွေ ပိုမို များပြားလာနေတာကို တွေ့ရတဲ့အပြင် ကော်မရှင်က ဒီကိစ္စတွေကို တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် နိုင်ငံရေးပါတီတွေက အခုလို တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ဖြစ်လာတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလတလျှောက် မဲဆွယ်စည်းရုံးမှုတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်အစိုးရရဲ့ ဘဏ္ဍာငွေကြေးအရ အထောက်အပံ့တွေ ရခဲ့တယ် ဆိုတာနဲ့ ကြိုတင်မဲ ကောက်ယူတဲ့ နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေ ချိုးဖောက်ပြီး ဘက်လိုက် လုပ်ဆောင်ပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်နေခဲ့တာပါ။

အခုလည်း မဲပေးပြီးနောက် မဲရေတွက်တဲ့ နေရာတွေမှာ ကြိုတင်မဲတွေကို လိုရင် လိုသလောက် ထုတ်ယူ ဖြည့်စွက်မှုတွေ ရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ထပ်မံ ထွက်ပေါ်နေတာကြောင့် ဒီကိစ္စတွေကို အချက်အလက် စုဆောင်းထားတဲ့ နိုင်ငံရေး ပါတီတွေက တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ဖြစ်လာတာပါ။

ဒီကိစ္စတွေအတွက် သူတို့ပါတီက ဘယ်လိုလုပ်ဆောင်မယ် ဆိုတာနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပြပါတယ်။

“အခု စုနေတာပေါ့၊ မှတ်တမ်းကို ခိုင်ခိုင်မာမာလေးဖြစ်အောင်၊ အဲဒါလေး ပြနိုင်အောင် ဆိုပြီး ကျနော်တို့က ပြောမှာပေါ့။ အဲဒါကြောင့် ကျနော်တို့က အားလုံး ပါတီတွေက အချက်အလက်တွေ ယူပြီး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိရောက်နိုင်တဲ့ နည်းကတော့ သတင်းဌာနတွေ အကုန်လုံး ဖိတ်ပြီးတော့၊ ဖြစ်နိုင်ရင်တော့လည်း သံတမန်တွေရော အကုန်လုံး ဖိတ်ပြီးတော့ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရင် ပိုတောင်မှ ကောင်းမယ်လို့ ယူဆတာပေါ့။”

တဆက်တည်းမှာပဲ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုကလည်း ဒီကနေ့မှာပဲ နယ်က ရောက်လာကြတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရန်ကုန်ရုံးချုပ်မှာ စုပြီး ရှေ့လုပ်ဆောင်စရာ ရှိတာတွေကို တိုင်ပင် စည်းဝေးခဲ့တဲ့အကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်ကနေ နိုင်တယ်လို့ ပြောတဲ့သူရော၊ မနိုင်သေးဘူးလို့ ပြောတဲ့သူရော ရောက်လာကြတယ်။ ရုံးမှာ ကျနော်တို့ ပဏာမလောက် စကားတွေ ဘာတွေ ပြောတဲ့ အဆင့်လောက်ပဲ ရှိပါသေးတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက မဲရုံမှာ မဲရုံအဖွဲ့ဝင်တွေအဖြစ် ရှိနေတာတွေ၊ မဲရုံ ကိုယ်စားလှယ်ထဲမှာ၊ မဲရုံ အမှုထမ်းထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပါနေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိပါတယ်။

“အဲဒါတွေက ကော်မရှင်က ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး လုပ်တယ်ဆိုတာ ထင်ရှားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို ကန့်ကွက်စာ ကော်မရှင်ကို တင်သွားဖို့ ရှိပါတယ်။ ဆုံးဖြတ်ချက် ချပြီးတော့ ကော်မရှင်ကို စာပို့ဖို့ အစီအစဉ် လုပ်နေပါပြီ။ သန်ဘက်ခါကျရင်တော့ Press Meet တခု လုပ်မယ်လို့ စီစဉ်ထားပါတယ်။”

အခုလောလောဆယ်တော့ တခြားပါတီတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ လုပ်နေကြတာ ရှိပါတယ်။ အန်ကယ်တို့ အနေနဲ့ကရော အားလုံးပေါင်းပြီးတော့ လုပ်မယ်၊ လုပ်ရင် ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး စဉ်းစားတာမျိုး ရှိပါသလား။

“ပါတီအလိုက်ကတော့ ကိုယ့်ပါတီနဲ့ကိုယ် ကန့်ကွက်သွားဖို့ အစီအစဉ်တော့ ပြောနေကြပြီ ဖြစ်ပါတယ်။ နယ်တွေမှာ ကိုယ်စားလှယ်လောင်းတွေက အချင်းချင်းစုပြီး သက်ဆိုင်ရာ မြို့နယ် ကော်မရှင်တွေကို သူတို့ ဒီရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ဖွယ် မရှိဘူး၊ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်က ထွက်လာတဲ့ အဖြေကို သူတို့ လောလောဆယ်တော့ လက်မှတ် ထိုးမပေးနိုင်သေးဘူး၊ အတည်ပြုမပေးနိုင်သေးဘူး ဆိုတဲ့ အဆင့်လောက်ကိုတော့ သွားကြမယ်လို့ သတင်းတွေ ရောက်လာပါတယ်။

“အဲဒါကတော့ ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်းတွေပေါ့။ ကိုယ်စားလှယ် တဦးချင်းရဲ့ ဆန္ဒနဲ့ပေါ့။ ပါတီရဲ့ ဆန္ဒနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ပါတီရဲ့ ဆန္ဒကတော့ မနက်ဖြန် ကော်မရှင်ကို စာပို့ဖို့ စီစဉ်နေတာပဲ ရှိပါတယ်။”

တခြားပါတီတွေကတော့ သူတို့ နိုင်ငံခြား သတင်းထောက်တွေ၊ သံတမန်တွေ အပါအဝင် ရှင်းလင်းပွဲလုပ်မယ်၊ တချိန်ချိန် မကြာခင်မှာ၊ အချက်အလက်တွေ စုဆောင်းထားတာ ရှိတယ်ဆိုတော့၊ လုပ်မယ့်ပုံစံမျိုး ပြောကြတာတွေလည်း ရှိပါတယ်။ အန်ကယ်တို့ဘက်ကရော နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒါတွေချပြဖို့ အစီအစဉ် ရှိပါသလား။

“နိုင်ငံတကာ သံအမတ်တွေကတော့ နေ့စဉ်နဲ့အမျှ လာမေးနေလို့ ဖြေပြီးပါပြီ။ အဲတော့ ပွဲတခုအနေနဲ့ ကျနော်တို့ရုံးကလည်း ကျဉ်းတော့ ပြည်တွင်းမီဒီယာတွေကို ဖိတ်ပြီးတော့ Press Meet တခု လုပ်ပြီးတော့ ကျနော်တို့ သဘောထားနဲ့ နေပြည်တော်ကို စာတင်မယ့်အကြောင်း ရှင်းလင်းပြောပြဖို့ အကြောင်း ရှိပါတယ်။ မနက်ဖြန်၊ သန်ဘက်ခါလောက်တော့ ဖြစ်မှာပါ။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG