သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ


အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ

အခုလက်ရှိ အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီတွေ အပါအ၀င် ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းက တခြား နိုင်ငံရေး အင်အားစုတွေ ဘယ်လို တုံ့ပြန် ပြောဆိုကြသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အစကတည်းကနေ တောက်လျှောက် သပိတ်မှောက်လာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခု ဒီရွေးကောက်ပွဲကနေပဲ ပေါ်ပေါက်လာတဲ့၊ ဒီနေ့ကြေညာတဲ့ အစိုးရသစ်ပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ သိရအောင် မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလိုပဲ တိုတိုတုတ်တုတ် ဖြေကြားခဲ့ပါတယ်။

“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း ကျနော်တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။ အဲတော့ NLD အနေနဲ့ကတော့ အစိုးရအဖွဲ့သစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ ၂ ခုပါပဲ။”

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက ဦးအေးသာအောင်ကတော့ ပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲအတိုင်း ပြောင်းလဲလာတဲ့ အရပ်သား အစိုးရ မဟုတ်တဲ့ အတွက်ကြောင့် ဒီအစိုးရအဖွဲ့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အမှန်တကယ် ဆောင်ရွက်နိုင်စွမ်း ရှိမရှိ အပေါ်မှာတော့ သံသယရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“အစိုးရသစ် ဆိုပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကနေ အစိုးရသစ်၊ အဲတော့ ဒီလိုဖြစ်လာမယ် ဆိုတာတော့ ကျနော်တို့လည်း တွက်ပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တဲ့၊ ပြည်သူတွေက ဖြစ်စေချင်တဲ့ အပြောင်းအလဲပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ အစိုးရမျိုးတော့ မဟုတ်ဘူးပေါ့။

“ဒီနေ့ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားများနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ အပါအ၀င် အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲတခုကို ဖြစ်ဖို့အတွက် ဆောင်ရွက်နိုင်မယ့် အစိုးရသစ်လို့တော့ ကျနော်တို့က မဆုံးဖြတ်ဘူးခင်ဗျ။

“အခု ကျနော်တို့ ပြည်သူတွေကြားကို ရောက်တဲ့အခါမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့ အခါကြတော့ တကယ့် အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။ ဒီတော့ ပြည်သူတွေရဲ့ အမြင်မှာက တမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့ ပြည်သူ့အကျိုးအတွက် ကျနော်တို့ကတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား ပါတီတွေထဲမှာ မဲအများဆုံး ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ဦးစိုင်းစောင်စီကတော့ အခုထွက်ပေါ်လာတဲ့ အစိုးရသစ်နဲ့အတူ ပြည်သူလူထု အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်သွားဖို့ မျှော်မှန်းတယ်လို့ ပြောခဲ့ပါတယ်။

“အစိုးရသစ်မှာ ကျနော်တို့ ကျရာ အခန်းကဏ္ဍကနေ လူထုအတွက် ကောင်းအောင် လုပ်ရမှာပေါ့။ လမ်းကြောင်းလည်း ရှာရမှာပါ။ ဒီနေ့မှပဲ ဇာတ်လမ်းက စမှာကိုး။ အဲဒီတော့ အစိုးရအသစ်က လည်ပတ်သွားပြီးတော့ အရှိန်လေး ရလာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်မလဲ၊ အစိုးရသစ်ကလည်း ပြည်သူလူထုကို ဘာတွေ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အဲဒီတော့မှ အဖြေပေါ်မှာပေါ့။ အဲဒီအချိန်ကျရင်တော့ ပိုပြီး ပီပီပြင်ပြင် ဝေဖန်လာနိုင်မှာပေါ့။ ဒီအစိုးရအသစ်ထဲ ကျနော်တို့ကလည်း ပါဝင်နေပြီဆိုတော့ မလွဲမသွေ ဒီလမ်းကို လူထုအတွက် အကျိုးရှိအောင် ကြိုးစားရ၊ ဖြတ်သန်းရတော့မှာပါ။”

တဆက်တည်း ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နောက် တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးကတော့ တိုင်းရင်းသား ပြည်သူအများရဲ့ လတ်တလော လိုအပ်ချက်တွေနဲ့ ရေရှည် လိုအပ်ချက်တွေအတွက် လုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းတရပ်တော့ ပေါ်လာပြီလို့ အခုလို ကောက်ချက်ပေးပါတယ်။

“အစိုးရတခု ပီပီပြင်ပြင် ဖြစ်လာတဲ့အတွက် ၀မ်းသာတယ်။ တို့ မူလရည်မှန်းချက်တွေ ရှိတယ်လေ။ အမျိုးသားရေးကိုပဲ ပထမဆုံး စကိုင်တွယ်ရမှာပေါ့။ အမျိုးသားရေးဆိုတာ ကရင်ချည်းပဲ မဟုတ်ပါဘူး။ တိုင်းရင်းသား အရေးတွေကိုလည်း တဖြည်းဖြည်း လုပ်သွားရမယ်။ အားလုံး သူ့ဟာသူ တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် ခဏ စောင့်လိုက်တဲ့သဘော။ အခက်အခဲတွေ၊ ပြဿနာတွေ တဖြည်းဖြည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ နားဝင်အောင် ရှင်းပြသွားရမယ့်သဘော ရှိပါတယ်။

“ဥပဒေမူကြမ်းတွေကိစ္စနဲ့ ပတ်သက်ရင်တော့ ၂ ခုရှိတာပေါ့၊ ဥပဒေမူကြမ်း တင်မယ့်ကိစ္စ ရှိမယ်၊ နောက်တခုက တို့ရဲ့ အမျိုးသားရေး လိုလားချက်တွေပေါ့၊ ပထမဆုံး လိုလားချက်တွေကို ပထမ ကိုင်တွယ်ရမယ့်သဘော ရှိတယ်။ စားဝတ်နေရေးတွေ၊ စာပေရေးတွေ၊ ယဉ်ကျေးမှုရေးတွေ စသဖြင့်ပေါ့၊ ပြီးမှ ဥပဒေနဲ့ ပတ်သက်တာ ဆက်ကိုင်တွယ်မယ်။ အဲဒီကိစ္စကျတော့ တယောက်ချင်း၊ တဖွဲ့ချင်း မဟုတ်ဘဲ အများနဲ့ စုပေါင်းပြီး တိုင်ပင်လုပ်ရမယ့်သဘော ရှိတယ်။”

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ NLD က ခွဲထွက်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေက ဒီအစိုးရသစ်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ် ဆိုတာကို အားထားနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။

“NDF ကတော့ဗျာ ဒါကတော့ စစ်အုပ်ချုပ်ရေးကို ကျနော်တို့ ကိုယ်တိုင်လည်း မလိုချင်ဘူး၊ ပြည်သူတွေလည်း မလိုချင်ဘူး ဆိုတော့ စစ်အုပ်ချုပ်ရေးကို ပြောင်းလဲသွားအောင် ရွေးကောက်ပွဲနဲ့ ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ မှတ်တိုင်တခုကတော့ဖြင့် အောင်မြင်သွားပြီပေါ့ဗျာ။ ဒီလိုပဲ ကျနော်တို့ ယူဆပါတယ်၊ နံပါတ်တစ် အချက်ပေါ့။

“ကျနော်တို့ မျှော်မှန်းတာကတော့ မျှော်မှန်းထားပါတယ်။ အားထားလို့ကတော့ မရဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ မျှော်မှန်းတာကတော့ ကျနော်တို့ ကိုယ်ပိုင်တဲ့ ဒိုမိန်းပေါ့၊ ကိုယ့်အ၀န်းအ၀ိုင်းထဲမှာတော့၊ လွှတ်တော်ထဲမှာတော့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ ကောင်းရာကောင်းကျိုးတွေ၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ဥပဒေကြမ်းတွေ၊ အဆိုတွေ တင်သွင်းဖို့ကတော့ စဉ်ဆက်မပြတ် ဖန်တီးပြီး ဆောင်ရွက်သွားမှာပါပဲ။

“ဆောင်ရွက်သွားတဲ့အပေါ်မှာ ဖန်တီးပေးမှုကို အားထားဖို့ကြတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ အများစု အနိုင်ရထားတဲ့ ပါတီတွေက ဒါကို လိုက်လျောညီထွေနဲ့ ပြည်သူ့အကျိုးစီးပွားကို သူတို့ကလည်း တကယ်တမ်း ရှုမြင်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို ရှိမှသာလျှင် အားထားလို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ လူများစုနဲ့ အနိုင်ရထားတဲ့ ပါတီကြီးဖြစ်လို့ လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့ သူတို့ကိုယ်တိုင်က လူများစုနဲ့ အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

အလားတူ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေကလည်း အရပ်သား အစိုးရ ပြောင်းလဲလာတာဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီ ပီပြင်လာအောင်တော့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ဒါ တိုးတက် ဖြစ်ပေါ်လာတဲ့ ကောင်းတဲ့လက္ခဏာလို့ ကျနော်တို့ကတော့ ဒီလိုပဲ ယူဆတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပီပြင်အောင်ကတော့ အများကြီး ကြိုးစားဖို့ လိုတာပေါ့နော်။ အဲတော့ အစိုးရကိုချည်း အားကိုးနေလို့ မရဘူး။ ကျနော်တို့လည်း ၀ိုင်းပြီးတော့ ပံ့ပိုး ကြိုးစားရမယ်လို့ ယူဆပါတယ်။”

အစိုးရသစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက တုံ့ပြန်ပြောဆိုမှုတွေ ဖြစ်ပါတယ်။

XS
SM
MD
LG