သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ မဲပေးသူတွေ အကြောက်တရားကင်းနိုင်ဖို့ AHRC တောင်းဆို


မြန်မာနိုင်ငံမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော်မှာ ရောက်ရှိနေတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ကို ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက် ပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ အကြောက်တရားတွေနဲ့ ပေးရတဲ့ မဲပေးရွေးချယ်မှု မဖြစ်သင့်ကြောင်း ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နေပြည်တော်မှာ The Elders အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ပွင့်လင်းမြင်သာစွာ ကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောကြားခဲ့တဲ့အကြောင်း The Elders အဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

မကြာခင်ကာလမှာ မဲပေးတဲ့စနစ် ပညာပေးရေးလုပ်ငန်းစတင်တော့မှာဖြစ်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနဲ့ အောင်မြင်အောင်ကျင်းပဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ဖိတ်ခေါ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်တာကို ကြိုဆိုပေမဲ့ ဘယ်လောက် အတိုင်းအတာထိ လုပ်ပိုင်ခွင့်ပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ AHRC အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။ ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတုန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လူတိုင်းက လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ခွင့်ရှိတယ် ဆိုသော်လည်းပဲ ဒီအထက်အရာရှိတွေကို ကြောက်ရတာရယ်၊ ဝန်ကြီးဌာနအလိုက် မဲတွေကောက်ယူတာရယ်၊ နောက်ပြီး ကြံ့ဖွံ့အဖွဲ့ကနေပြီးတော့ အဖွဲ့ဝင်အင်အား စာရင်းတွေအလိုက် သူတို့ မဲစာရင်းတွေ တင်ပြတာတွေရှိတယ်။ အဲတော့ အဲ့ဒီဥစ္စာတွေက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ တခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ လူတိုင်းဟာ လွတ်လပ်စွာ ရွေးချယ်ပြဌာန်းပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်တွေကို အတိအလင်း ချိုးဖောက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။”

ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေဘဲ တရားမျှတမှုရှိစေဖို့ ဦးမင်းလွင်ဦးက အခုလို တိုက်တွန်းသွားပါတယ်။

“ဒီလိုမျိုး မဲပေးတဲ့အခါမှာ အကြောက်တရားတွေ ရှိနေရတဲ့ကိစ္စက လုံး၀ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အဲတော့ ဌာနဆိုင်ရာအတွင်းမှာ မဲတွေကောက်ယူတဲ့ကိစ္စ၊ နောက်တခါ အတင်းအဓမ္မ ပါတီဝင်ခိုင်းပြီးတော့ ပါတီဝင်အင်အားနဲ့ မဲဆန္ဒနယ်မြေတွေ ဖြန့်ပြီးတော့ ဒီအပေါ်မှာ မဲတွေကို ကြိုတင်မဲတွေအဖြစ် ဖန်တီးလိုက်တဲ့ကိစ္စတွေ၊ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မိမိအစိုးရ မိမိ ရွေးချယ်ပိုင်ခွင့် စတဲ့ အချက်အလက်တွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်။”

၂၀၁၅ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် အနုပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် မီကာဆာဟိုတယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ၂၀၁၀ရွေးကောက်ပွဲရဲ့ အဓိက အားနည်းချက်ဟာ ကြိုတင်မဲကိစ္စဖြစ်တယ်လို့ ဦးတင်အေးက အခုလို ပြောသွားတာပါ။

“၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ ၉၇ ပါတီက ရွေးကောက်ပွဲဝင်တယ်။ အားနည်းချက်တွေ အများကြီးရှိတယ်။ အများဆုံးဖြစ်တဲ့ပြဿနာက ဘာလဲဆိုတော့ ကြိုတင်မဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကတော့ ၂၀၁၀ရွေးကောက်ပွဲတုန်းက ကြိုတင်မဲပေးတဲ့အခါမှာ မဲမသာမာမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“တချို့နေရာတွေမှာ ကြိုတင်မဲဆိုတာကတော့ အမှန်မရနိုင်ဘူးလေ။ ကျန်းမာရေးမကောင်းတဲ့ သူတွေဆိုရင်လည်း ဟာ လုပ်လိုက်ပါ လုပ်လိုက်ပါ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ဒါ သွားကောက်တဲ့သူအပေါ် မူတည်တာပေါ့နော်။ ခရီးသွားချင်တဲ့သူဆိုရင်လည်း ဒီအတိုင်းပဲ။ ခရီးသွားချင်တဲ့အတွက်ကို သူတို့က ကြိုတင်မဲ ပေးရမယ်ဆိုပြီး သူတို့သဘောကျ လုပ်ပေးရတာတွေ ရှိတယ်။ ၂၀၁၀ ကတော့ အဆိုးဆုံးပဲ။ ကြိုတင်မဲကောက်တဲ့အခါမှာ ကိုယ်စားလှယ်တွေပါတယ်။ သူတို့ ကော်မရှင်တွေချည်းပဲ သွားကောက်လို့မရဘူး။ အတိုက်အခံပါတီတွေကနေပြီးတော့ ကိုယ်စားလှယ်တွေနဲ့ လိုက်ပြီးတော့ ကြီးကြပ်မှရမှာလေ။ အဲလိုမျိုး ခွင့်ပြုရမှာ။ ခွင့်မပြုလို့ရှိရင် ဘယ်လိုမှကို အမှန်မရနိုင်ဘူး။ အဲ့ဒီကြိုတင်မဲ ပိတ်တဲ့ဟာကို ဘယ်လောက်အထိ ယုံကြည်မှုရှိရမလဲ ဒါတွေ အရေးကြီးတယ်။ ကြိုတင်မဲ သူတို့ပိတ်တယ်ဗျာ။ ပြီးတော့ အဲ့ဒါကို သူတို့ယူထားလိုက်တယ်။ ယူထားလိုက်ပြီးတော့ သူတို့အဲ့ဒါကို ပြန်ပြီးတော့ ဘယ်လိုလုပ်မလဲ၊ သူတို့ဆွဲတာတို့ ဘာတို့လုပ်ရင် ဘယ်သူတာဝန်ယူမလဲ ဒါမျိုးပေါ့နော်။”

လက်ရှိ စစ်တပ်က လွှတ်တော်ထဲမှာပါဝင်နေတာဟာ အာဏာပြန်မသိမ်းနိုင်အောင်၊ မသိမ်းဖြစ်အောင် ဝင်ထိန်းပေးတဲ့သဘောသာဖြစ်ပြီး ဒီမိုကရေစီရေချိန်မြင့်လာတဲ့အခါမှာ လွှတ်တော်ထဲက တဖြည်းဖြည်းထွက်သွားမှာဖြစ်တယ်လို့ ဦးတင်အေးက အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ အုပ်ချုပ်ရေးကဏ္ဍကနေတဖြည်းဖြည်းနဲ့ လျော့သွားမယ်ဆိုတာကို ယုံကြည်မှုမရှိဘူးလို့ ဦးမင်းလွင်ဦးက ပြောသွားပါတယ်။

XS
SM
MD
LG