သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒဏ်ခတ်ပိတ်ဆို့မှု EUရုပ်သိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန်


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso တို့ နှစ်ဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
နေစဉ် (၅ မတ်လ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso တို့ နှစ်ဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ် နေစဉ် (၅ မတ်လ ၂၀၁၃)
မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို အပြီးသတ် ဖယ်ရှားဖို့ ဥရောပသမဂ္ဂ (EU) က ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာတော့ သတင်းကောင်းအဖြစ် အစိုးရ တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ကြိုဆိုလိုက်ကြပါတယ်။ အပြောင်းအလဲတွေ တွေ့မြင်နေရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိသေးတာကြောင့် သတိထား စောင့်ကြည့်သင့်တယ်လို့ တက်ကြွသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေချိန်မှာပဲ EU ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်တဲ့အပေါ် တုံ့ပြန်မှုတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေး အပြောင်းအလဲတွေ သိသိသာသာ တွေ့မြင်လာရတဲ့အတွက် ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ထားရာက အပြီးတိုင် ဖယ်ရှားဖို့ ဥရောပသမဂ္ဂ (EU) က ကြေညာလိုက်အပြီး နောက်တနေ့မှာပဲ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

EU ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရရဲ့ ၂ နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုရာ ရောက်သလို၊ ရှေ့ဆက်ဆောင်ရွက်ဖို့ အားပေးရာ ရောက်တဲ့အကြောင်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ အစည်းအဝေးပွဲအတွက် ဘရူနိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း ကတော့ EU ရဲ့ ရပ်တည်ချက်ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ ပြောပါတယ်။

“EU ရဲ့ ဆုံးဖြတ်ချက်က ကြိုဆိုရမယ့် ဖြစ်ထွန်းမှု တခုပါ။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စကတည်းက ဒါကိုလည်း မျှော်လင့်ထားပါတယ်။ ကျနော်တို့ တိုင်းပြည်က ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြုတဲ့ တခြား အလားတူ ဆောင်ရွက်မှုတွေကိုလည်း EU က လုပ်လာမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်”

EU က လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ အရေးယူထားတာတွေကို ဆိုင်းငံ့ထားခဲ့တာပါ။ အခုနောက်ဆုံး ဘယ်လ်ဂျီယံနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ လက်နက် အရောင်းအဝယ်ကလွဲလို့ ဒဏ်ခတ်ထားတာတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်တဲ့ EU နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်လာဖို့ မျှော်လင့်ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့လည်း မကြာသေးခင်တုန်းက လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မှု မရသေးတာတွေလို လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် လျှော့ပေါ့မှုတွေ လုပ်ဖို့ အချိန်မတန်သေးဘူးလို့ တက်ကြွသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေတာပါ။

အာဆီယံရေးရာ မြန်မာအရာရှိ ဦးအောင်လင်း ကတော့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် ဆောင်ရွက်ရမှာတွေ အများအပြား ရှိနေတယ် ဆိုတာကို အသိအမှတ်ပြု ပြောသွားပါတယ်။

“ကျနော်တို့အနေနဲ့ EU နဲ့ လက်တွဲပြီး ကြိုးစားလုပ်ရမှာတွေ အများအပြား ရှိပါတယ်။ အခုကတော့ အင်မတန်မှ ကောင်းတဲ့ အစတခုပါ။”

EU အနေနဲ့ အရင်က ပိတ်ပင် တားမြစ်ချက်တွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် စီးပွားရေး အလားအလာတွေ ထွက်ပေါ်လာမယ်လို့လည်း ပြည်တွင်းပြည်ပက စီးပွားရေးသမားတွေ မျှော်လင့်နေကြတာပါ။

ဂျာမဏီနိုင်ငံက ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတခုဖြစ်တဲ့ Kanz Financial Holding က စီးပွာရေး အကြံပေးပုဂ္ဂိုလ် မားကတ်စ် ကန့်ဇ် (Markus Kanz) ကတော့ EU ရဲ့ ဆုံးဖြတ်ချက်ကြောင့် စီးပွားရေးအတွက် သာမက တခြား အခွင့်အလန်းတွေပါ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်။

“အလုပ်သမားတွေအတွက် အခြေအနေကောင်းတွေ ပေါ်ပေါက်လာပြီး၊ ကလေး အလုပ်သမား မရှိတော့တာမျိုး၊ ဒါမှမဟုတ် ကလေးတွေ ကျောင်းတက်ရင်း အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဂျာမဏီမှာလို ကျောင်းနဲ့အလုပ် ပေါင်းစပ်ထားတဲ့ စနစ်မျိုး ရှိဖို့ ကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အားလုံးအတွက် ကောင်းပါတယ်။ ဒါက လုပ်ငန်းရှင်တွေ အတွက်ရော၊ ဒီမှာရှိတဲ့ လူထုအတွက်ပါ ၂ ဘက်စလုံး အကျိုးရှိတဲ့ကိစ္စပါ။”

ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေ မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့အတွက် မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ ဝေဖန်တာတွေလည်း ရှိခဲ့တာပါ။

ဒီအထဲမှာ အထိနာခဲ့တဲ့ ကုန်ထုတ်လုပ်ငန်းတခုဖြစ်တဲ့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းမှာ ဆိုရင်လည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလိုက်တဲ့အတွက် လုပ်ငန်းတွေ ပြန်လည် ဦးမော့လာမယ်လို့ မျှော်လင့်နေကြပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့ အထည်ချုပ်စက်ရုံတွေကို ရာဂဏန်းနဲ့ချီ တိုးချဲ့ပြီး အလုပ်အကိုင်ပေါင်း ၂ သိန်းလောက်အထိ ဖန်တီးနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ပြောပါတယ်။

“European ကော်မရှင်ကနေပြီးတော့ ပိတ်ဆို့မှုတွေ ဖွင့်ပေးလိုက်တဲ့အခါမှာ ကျနော်တို့ရဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပဈေးကွက်တွေကို ပိုပြီးတော့ ကျနော်တို့ ပို့နိုင်တော့မယ်။ ပိုပြီးတော့ ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကျနော်တို့ဆီကို ပိုဝင်လာမယ်။”

EU ရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် အလားတူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ ဖယ်ရှားပေးထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း နောက်ထပ်
လျှော့ပေါ့ပေးဖို့ ဖိအားပေးတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ဆန်းစစ်သူတွေက မြင်နေကြတာပါ။

ဒါပေမဲ့လည်း အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေမှာ ဥပဒေအဖြစ် ပြဋ္ဌာန်း တားမြစ်ထားတာတွေလည်း ပါဝင်နေတဲ့အတွက် လျှော့ပေါ့မှုတွေ လုပ်ဆောင်ဖို့ အတွက်ကတော့ ချက်ခြင်းလက်ငင်း ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့လည်း တွက်ဆနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG