သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ကန့်သတ်ချက် ရုပ်သိမ်းမှုအပေါ် တုံ့ပြန်မှုအမျိုးမျိုး


ဒီလိုမျိုး ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးက ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးလိုက်တဲ့အပေါ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ကြိုဆိုလိုက်ပါတယ်။ သူတို့အနေနဲ့ ILO နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့ရှိတဲ့ ၂၀၁၅ ခုနှစ်အတွင်း အဓမ္မ လုပ်အားပေးခိုင်းစေမှု အပြီးတိုင် ပပျောက်ရေးဆိုင်ရာ စီမံကိန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အလုပ်သမားရေး ဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော် က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့က ကျနော်တို့ ဝန်ကြီးဌာနကရော၊ နိုင်ငံတော်ကရော အများကြီး ကြိုးပမ်းဆောင်ရွက်ထားတဲ့ ကိစ္စတွေကြောင့် ဒီအခြေအနေကို ပြန်ရခဲ့ တာပါ။ ပြန်ရခဲ့တဲ့အတွက် ကျနော်တို့ အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလန်းတွေ ပိုမို တိုးတက်လာမှာ ဖြစ်တဲ့အတွက် ကျနော်ကတော့ ဝမ်းသာပါတယ်။ ၂၀၁၅ ခုနှစ်မှာ အဓမ္မစေခိုင်းမှု လုံး၀ ပပျောက်ရေးဆိုတာကိုလည်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ပြီးတော့ ILO နဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်သွားမှာပါ။ သူတို့နဲ့ သဘောတူညီ ထားတဲ့ ၂၀၁၅ မတိုင်ခင်ပေါ့ ပြီးပြတ်အောင် ဆောင်ရွက်သွားဖို့ ဆိုတဲ့ဟာပါပဲ။”

CCTU လို့ ခေါ်တဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကိုထွန်းထွန်းနိုင်ကတော့ အခုလိုမျိုး ILO အနေနဲ့ ပြန်ပြီးတော့ ရုပ်သိမ်းပေးလိုက်တာဟာ အချိန်စောလွန်းနေပါသေးတယ်လို့လည်း ဗွီအိုအေ မြန်မာပိုင်းကို သူက ပြောပါတယ်။

“ကန့်သတ်ချက်တွေ အကုန်လုံးကို ပယ်ဖျက်လိုက်တဲ့ကိစ္စက အချိန်စောလွန်းတယ်လို့ ကျနော်တို့က ယူဆတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်သမား ဥ့ပဒေအရ အလုပ်သမားသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ၊ ဖွဲ့စည်းခွင့်ရပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အမှုဆောင်တွေဟာ အခုအချိန်ထိ အလုပ်ရှင်တွေရဲ့ အကန့်အသတ်နဲ့ အငြိုးအတေးထားပြီးတော့ နည်းမျိုးစုံနဲ့ အလုပ်ထုတ်ပယ်တာတွေဟာ အခုအချိန်ထိ ရှိနေတုန်းပဲ။ နောက်တချက်က ကျနော်တို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ထဲမှာ အစိုးရဝန်ထမ်းတွေလည်း ပါတယ်။ အဲ့တော့ အစိုးရဝန်ထမ်း အလုပ်သမားသမဂ္ဂတွေက တော်တော်ကို နည်းနည်းလေးပဲ ပေါ်ထွက်ပါသေး တယ်။ အစိုးရဝန်ထမ်းတွေကို သမဂ္ဂတွေ ဖွဲ့တဲ့အခါမှာ နည်းမျိုးစုံနဲ့ စနစ်တကျ အကန့်အသတ်တွေနဲ့ ချုပ်ချယ်မှုတွေ ရှိနေသေးတယ်။”

ဦးရောဘတ်စန်းအောင်ကတော့ အလုပ်သမားတွေ ဒီအတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ သူကလည်း အခုလိုမျိုး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီးကနေပြီးတော့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးလိုက်တဲ့အပေါ် သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက အလုပ်ရှင်တွေက အလုပ်သမားတွေကို လက်စားချေတဲ့အနေနဲ့ ပုဒ်ထီးပုဒ်မ အမျိုးမျိုးတပ်ပြီးတော့ အချုပ်အနှောင်ဘဝကို တွန်းပို့နေတဲ့ အခြေအနေတွေ၊ နောက်တချက်က လယ်ယာမြေကိစ္စတွေနဲ့ပတ် သက်ပြီး လယ်ယာမြေကိစ္စကို ကော်မရှင်တွေ၊ ကော်မတီတွေက အခုဆိုရင် တစ်နှစ်လောက်ရှိပြီ ဘာမှ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက် မပေးနိုင်တဲ့အတွက် အလုပ်လက်မဲ့ဘဝကို ကျဆင်းနေရတဲ့ လယ်သမားတွေကနေပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လယ်ကို ဝင်ထွန်တာ။ ဘယ်သူ့ပစ္စည်းမှ လုယူတာမဟုတ်ဘူး။ ဒါပေမဲ့လို့ ဘာဖြစ်လဲဆိုတော့ အဲ့ဒီလယ်သမားတွေကို အမှုဖွင့်တာတွေ၊ လယ်သမားအကျိုး ဆောင်ရွက် တဲ့သူတွေကို အမှုဖွင့်ပြီးတော့ ချုပ်နှောင်တာတွေ ရှိနေတဲ့အခါကျတော့
တော်တော်လေး စဉ်းစားစရာတွေ ပြန်ဖြစ်နေတယ်။ တိတိကျကျ ဘာမှ မဖြေရှင်းနိုင်သေးဘူးဗျာ။ ကျနော်တွေ့နေတာ။ အခုဗျာ တိုင်လိုက်တယ်။ လာတော့ စစ်ပါတယ်။ တချို့အပိုင်းကျတော့လည်း မစစ်ဘူး။ စစ်ပြီးသွားပြန်ရင်ကျလည်း ပျောက်သွားရော။ တိုင်စာတွေနဲ့ပတ်သက်လို့လည်း လာစစ်တာတော့ စစ်တာပဲဗျ။ အဲ့လိုအခြေအနေတွေလည်း ပေါ်နေတယ်ဗျ။ ကျနော်တို့ ဖြေရှင်းရခက်တဲ့ အခြေအနေပိုင်းတွေကို ရောက်နေတဲ့အတွက် ဘာလို့လဲဆိုတော့ တချို့အစိတ်အပိုင်းတွေမှာ သီးစားခယူပြီးတော့ လယ်မြေတွေပြန်ပြီးတော့ သီးစားချထားတာတွေကလည်း ဖြစ်ထွန်းနေတယ်ဗျာ။ အဲ့ဒီ ပြဿနာတွေနဲ့ဆိုတော့ ILO က ချမှတ်ထားတဲ့ မူဝါဒက လယ်ရှင်ကိစ္စ ပြန်ပေါ်နေတယ်။ အဲ့ဒီလို ဟာမျိုးတွေလည်း တွေ့နေရတော့ စောတယ်လို့တော့ ပြောရမှာပေါ့ဗျာ။”

ရှေ့နေဦးဖိုးဖြူကတော့ အလုပ်သမားတွေရဲ့ ဒီအခွင့်အရေးတွေကို ဥပဒေပိုင်းဆိုင်ရာ လိုက်လံကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ အရင်စစ်အစိုးရ လက်ထက်တုန်းကလည်း ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရသူပါ။ သူကတော့ အခုလိုမျိုး ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးကနေပြီး မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေကို ပြန်ပြီးတော့ ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

“အဓမ္မလုပ်အားပေး စေခိုင်းမှုတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက် အထိက ကလေးစစ်သားတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ အခုနောက်ပိုင်းမှာ ကလေးစစ်သားတွေလည်း လုံးလုံး ပပျောက်သွားတာတော့ မဟုတ်သေးပါဘူး။ သို့သော်ငြားလည်းပဲ အရင်ကလောက် ဆိုးရွားတဲ့ အခြေအနေမျိုး မဟုတ်တဲ့အပြင် သမ္မတကိုယ်တိုင်ကလည်း အရေးတယူ ဆောင်ရွက်ပေးနေတာမျိုး ကို တွေ့နေရပါတယ်။ ဒီ့အတွက်ကြောင့်မို့ အခုလို အဓမ္မအလုပ် စေခိုင်းမှုအပေါ် မှာ အခြေပြုပြီးတော့ ယခင်က ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေး လိုက်တာဟာ သင့်တော်ကောင်းမွန်တယ်လို့ မြင်မိပါတယ်။”

ဒါကတော့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးကနေပြီးတော့ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ ကျန်ရှိနေသေးတဲ့ ကန့်သတ်ချက်တွေကို ပြန်ပြီးတော့ ရုပ်သိမ်းပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းက အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူတွေရဲ့ အမြင်ကို စုစည်းတင်ပြပေးခဲ့တာြ ဖစ်ပါတယ်ရှင်။
XS
SM
MD
LG