သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသတောင်းဆိုချက် အစိုးရဖြေရှင်းမည်မဟုတ်


(Credit: U Phyo Min Thein's Facebook)
(Credit: U Phyo Min Thein's Facebook)

မဘသရဲ့တောင်းဆိုချက်ကို အစိုးရအနေနဲ့ ဖြေရှင်းစရာ မလိုအပ်ဘူးလို့မြင်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ဟာ ပုတ်ခတ်ပြောဆိုတာမဟုတ်ဘဲ သူရဲ့အယူအဆကိုသာ ပြောကြားခဲ့တာသာဖြစ်ပြီး၊ လူတိုင်းသဘောထား ကွဲလွဲပိုင်ခွင့်ရှိကြောင်း သူရဦးအောင်ကိုက မနေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မနေ့ စနေနေ့က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ မူဆလင်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ ဝန်ကြီး သူရဦးအောင်ကိုက မဘသရဲ့တောင်းဆိုချက်နဲ့ ပတ်သက်လို့ သတင်းထောက်တဦးက မေးမြန်းရာမှာ အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိတယ်ဆိုတော့ ဖြေရှင်းစရာ မလိုဘူးထင်ပါတယ်။”

မြန်မာနိုင်ငံမှာ မဘသအဖွဲ့ မလိုအပ်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဇူလိုင်လ (၁၄) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့က တာဝန်ယူဖြေရှင်းပေးဖို့ မဘသ က တောင်းဆိုထားတာပါ။ ဒီလို ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ သူရဦးအောင်ကိုက သူရဲ့အမြင်ကို အခုလို သတင်းထောက်တွေကို ပြောသွားပါတယ်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကလေးက တနိုင်ငံလုံး တကမ္ဘာလုံး ရိုက်ခတ်နေပါတယ်။ အားလုံးသိပါတယ်။ တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ သူက ပုတ်ခတ်ပြောတာလည်း မဟုတ်ဘူး။ သူ့ရဲ့ အယူအဆတခုကို ထုတ်ဖော်ပြောဆိုတာမျိုး ဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိပါတယ်။”

ဒါ့အပြင် ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးကို လက်ရှိ အစိုးရသစ်အနေနဲ့ ပြန်ပြီး အသက်ဝင်အောင် ဆောင်ရွက်နေပြီး နိုင်ငံတွင်း မတူကွဲပြားတဲ့ ဘာသာဝင်တွေ အားလုံး လုံခြုံမှုရှိအောင် စတင်ပြီး ကာကွယ်ဆောင်ရွက်တာဟာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ကွာခြားချက်ဖြစ်တယ်လို့ သူရဦးအောင်ကိုက ဆိုပါတယ်။

“အရင်ကနဲ့မတူတာက ဘာသာပေါင်းစုံ ချစ်ကြည် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးကို ပြန်အသက်သွင်းပြီးမှ ပြည်ထောင်စုအတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ ဘာသာဝင်တွေ ဘာသာတွေကို ကူညီကာကွယ်စောင့်ရှောက်ပေးဖို့အတွက် စ လုပ်တာဟာ ဒါ မတူကွဲပြားတဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။”

အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေဖြစ်ပေါ်အောင် ဟောပြော လှုံ့ဆော်မှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ဥပဒေပြဌာန်းနိုင်ရေး ဘာသာပေါင်းစုံ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးကနေ ကြိုးပမ်းဆောင်ရွက်နေကြောင်း အခုလို ပြောပါတယ်။

“ဘာသာတခုနဲ့တခုကြား၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခတွေဖြစ်ပွားအောင် အမုန်းစကားတွေ ဖြန့်ဝေတဲ့ ဟာတွေကို ထိရောက်စွာ တားဆီးနိုင်ဖို့၊ အရေးယူနိုင်ဖို့ ဥပဒေတရပ် ပြဌာန်းဖု့ိ လိုတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဘာသာပေါင်းစုံ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးမှာ အဖွဲ့ကြီးရဲ့ ဥက္ကဌကတော့ အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် ဖြစ်ပါတယ်။ နောက် အဲဒီထဲမှာ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်၊ ခုနက အစ္စလာမ်ရေးရာကောင်စီက အဖွဲ့ဝင်တွေလည်း ပါပါတယ်။ နောက် ဥပဒေပညာရှင်တွေလည်း ပါပါတယ်။”

ရန်ကုန်မြို့မှာကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲကို အာဏာရ NLD ပါတီ နာယကကြီး သူရဦးတင်ဦးလည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG