သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာရေးဝန်ကြီးပြောဆိုမှု မြန်မာနိုင်ငံခြားရေးတုံ့ပြန်ချက်


သာသနာရေးဝန်ကြီး သူရဦးအောင်ကို

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူသတိပေးတဲ့ကိစ္စ မြန်မာနိုင်ငံခြားရေးဌာနကို တရားဝင် အကြောင်းကြား တာမရှိသေးဘဲ အစီရင်ခံစာကို စောင့်နေတယ်လို့ မြန်မာနိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါ တယ်။ ဒုက္ခသည်ပြန်လည်လက်ခံရေးပိုင်းကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းပဲ ဆက်လုပ်သွားမယ်လို့ အဲဒီတာဝန်ရှိသူ ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်တွေကို အစွန်းရောက်ဖြစ်အောင် ရိုက်သွင်းနေတာတွေရှိပြီး မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ကို ချီတက်တိုက်ခိုက်ဖို့ လှုံ့ဆော်နေတယ်လို့ ပြောထားတဲ့အပေါ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်က အပြင်းအထန် ကန့်ကွက်လိုက်တာပါ။

ဒါ့အပြင် သူရဦးအောင်ကိုက သူအရင်ပြောခဲ့တဲ့ အစွန်းရောက်ဘာသာကြီးတခုဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်က ပညာရေးဆိုင်ရာအခမ်းအနားမှာ သတင်းထောက်တွေကမေးမြန်းတာမှာ အစွန်းရောက်ဘာသာကြီးဆိုတာပြည်တွင်းနေ မွတ်စလင်တွေကို ရည်ညွန်းတာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေကို ရည်စူးတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကိုယ်တိုင် ကုလသမဂ္ဂမှာ ဒုက္ခသည် ၁ သန်းကို လက်ခံထားရတယ်လို့ဆိုပြီး နိုင်ငံတကာအကူအညီတွေတောင်းခံ ဝေမျှစားနေတာဖြစ်ပြီး အဲဘက်က လူငယ်တွေကိုလည်း မြန်မာနဲ့ ရခိုင်ကို တိုက်ဖို့ လှုံဆော်ရိုက်သွင်းနေတာကြောင့် ရခိုင်အရေးက စိုးရိမ်နေရကြောင်း ပြောခဲ့ပါသေးတယ်။

ဒီပြောဆိုချက်တွေအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်တာနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘူးလို့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန်က ဗွီအိုအေကို ပြောပါတယ်။

"မနေ့ကခေါ်တွေ့တယ်ဆိုတာကတော့ သိပါတယ်။ ဘာအကြောင်းအရာတွေကိုပြောဆိုသလဲ အတိ အကျမသိရသေးပါဘူး။ အဲဒီဘက်က တွေ့ဆုံမှု အစီရင်ခံစာကို ကျနော်တို့လည်းစောင့်နေပါတယ်"

သာသနာရေးဝန်ကြီးပြောဆိုချက်ကြောင့် ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်ကို ထိခိုက်လာနိုင်ခြေရှိတယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ပတ်သက်လို့တော့ ဦးစိုးဟန်က

"ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ရင် ကျနော်တို့ အဓိကပြောဖို့ဆိုဖို့ခွင့်ပေးထားတာက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပငိခံရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကျနော်တို့ ရခိုင်အရေးနဲ့ပတ်သတ်တာ ထဲထဲဝင်ဝင်လုပ်နေသူတွေကို ပြောကြားခွင့်တွေ၊ သတင်းဖြေကြားခွင့်တွေပေးထားပါတယ်။ အဲလို အခွင့်အာဏာပေးထားခံရသူမဟုတ်ရင်တော့ သူ့ပြောဆိုချက်က သူ့သဘောဘဲဖြစ်တယ်ဆိုတာကို ဘင်္ဂလားဒေရှ့်ဘက်က ပြောလာရင်ဒီတိုင်းဘဲပြောရမှာပါ. ပြန်လည်လက်ခံရေးပိုင်းက သဘောတူညီချက်ရှိပြီးသားမို့ ဒီတိုင်းဘဲလုပ်သွားမှာပါ. ပြန်ပို့တာမှာလဲ သူတို့ဘက်ကရွေးကောက်ပွဲရှိတာမို့ ဒီကြားထဲ လုပ်မရသေးကြောင်းသူတို့ဘက်ကလည်းပြောထားပြီးသားပါ။"

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ဖြစ်ပေမယ့် ဒုက္ခသည်တွေ တယောက်မှ ပြန်မလာကြတဲ့အတွက် အစီအစဉ် မစနိုင်သေးဘဲ ဖြစ်နေတာပါ။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံ နေရာချထားပေးဖို့ မြန်မာနိုင်ငံဘက်က အစစ စီစဉ် ပြင်ဆင်ထားတယ်လို့ ပြောထားပေမယ့် လည်း လုံခြုံရေးပိုင်း စိတ်မချတာနဲ့ NVC ကဒ် လုပ်ငန်းစဉ်ကို လက်မခံနိုင်တာကြောင့် ပြန်မလာဘူးလို့ ပြောထားတဲ့ ဒုက္ခသည် တွေရှိသလို ပြန်လာချင်တဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်ဆိုတာ ဗွီအိုအေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မောင်းတောဒေသနဲ့ နှစ်နိုင်ငံနယ်စပ်မှာ သတင်းသွားယူချိန်အတွင်း သိထားရပါတယ်။

XS
SM
MD
LG