သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်နိုင်ငံ Nice မြို့က တိုက်ခိုက်မှုဟာ ပြင်သစ်တို့ရဲ့ Bastille Day - အမျိုးသားနေ့ပွဲတော်ကို တမင်ရွေးချယ်ပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် ပြင်သစ်နိုင်ငံသားတွေ အထူး နာကြည်းခံစားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစလို့ ပြင်သစ်နိုင်ငံမှာ လူများစွာသေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက် ခံရမှုတွေဟာ အစွန်းရောက်ဝါဒကို ဆန့်ကျင်တဲ့ ပြင်သစ်အစိုးရရဲ့ ကိုင်တွယ်မှုတွေအပေါ် လက်စားချေတုံ့ပြန်တာလို့လည်း တချို့က သုံးသပ် ခဲ့ကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံသားတွေအတွက် တန်ဖိုးအထားဆုံး သမိုင်းဝင်နေ့ဖြစ်တဲ့ ဘတ်စတီးဒေး - အမျိုးသားနေ့က ပွဲတော်လာသူ လူအုပ်ကြား ထရပ်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်ခံရမှုအတွင်း ကလေး ၁၀ ယောက် အပါအ၀င် လူ ၈၄ ယောက် သေဆုံးပြီး ရာနဲ့ချီဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်ခဲ့ကြပေမဲ့ - အစွန်းရောက်ဝါဒကို အံတုတဲ့အနေနဲ့ အခုအခါ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီလို့ ပြင်သစ်နိုင်ငံမှာ နေထိုင်လာတာ နှစ်ပေါင်း ၄၀ နီးပါး ရှိပြီဖြစ်တဲ့ ဦးအောင်ကို က ပြောပါတယ်။

“နိုင်ငံတော်ကို စော်ကားတာတင်မကတော့ဘူး။ နိုင်ငံတော်သမိုင်းပေါ့လေ ၁၇၈၉ ခုနှစ်ကစတဲ့ ပြင်သစ်တော်လှန်ရေးသမိုင်းဆိုတာ ကမ္ဘာမှာ နာမည်ကြီး ရာဇ၀င်ပါရှိတဲ့ဟာကို ဒီလိုနေ့မျိုးမှာမှ ရွေးပြီး တိုက်တယ်ဆိုတော့ အင်မတန်မှ ပြင်သစ်တွေရော သူတို့ရဲ့ မူဆလင်တွေပါ ၀မ်းနည်းပြီး ကြေကွဲပြီးတော့ နောက်ဆုံး ဒေါသတွေ ထွက်နေကြတာပေါ့ အခုအချိန်မှာ”

IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့တပ်သားတဦး လုပ်တာလို့ ပြောဆိုထားသလို - ဒါနဲ့ဆက်နွယ်ပြီး လူ ၃ ယောက်ထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းကစလို့ အစွန်းရောက်အုပ်စုတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ခံခဲ့ရတာ ပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ချာလီ အပ်ဒို ပြင်သစ်သတင်းစာတိုက် တိုက်ခိုက်ခံခဲ့ရတာ၊ လူပေါင်း ၁၃၀ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေရရှိခဲ့တဲ့ ပဲရစ်မြို့က နေရာ ၆ ခုမှာ နိုဝင်ဘာလက အကြမ်းဖက် တိုက်ခိုက်ခံရအပြီး - အခု Nice မြို့ တိုက်ခိုက်ခံရမှုဟာ နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။ အခုလို ပြင်သစ်နိုင်ငံအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနေတာနဲ့ ပတ်သက်ပြီး ဦးအောင်ကိုက -

“ချာလီအပ်ဒိုနောက်ပိုင်းမှာ ပြင်သစ်အစိုးရက သူတို့ကို ပြန်ပြီးတော့ တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေ ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေတယ်။ မရုပ်သိမ်းသေးဘူး။ သတင်းသာ မထွက်တာပေါ့လေ။ အဲဒါကြောင့်မို့ ပြင်သစ်ကို အတော်လေး အငြိုးထားတယ်။ အခုလုပ်တဲ့ကောင်ကလည်း သူတို့အဖွဲ့ပဲ။ မထင်မရှားနေပြီး ထ လုပ်တဲ့ ကောင်တွေပေါ့လေ။ လူတွေလည်း အငိုက်မိသွားတဲ့ သဘောပေါ့လေ။”

ဒါ့အပြင် အခုလို ဖြစ်ရပ်မျိုးတွေကြောင့် ပြင်သစ်နိုင်ငံမှာ နဂိုရှိနေတဲ့ နိုင်ငံခြားက လာရောက်အခြေချနေထိုင်သူတွေကို မလိုလားတဲ့သူတွေလည်း ပိုပြီး ကြီးထွားလာသလို - အစွန်းရောက်ဝါဒီတွေအပေါ် အစိုးရရဲ့ ကိုင်တွယ်တုံ့ပြန်မှုဟာ အားနည်းတယ်ဆိုပြီးတော့လည်း - အစိုးရကို ဝေဖန်ထောက်ပြနေ ကြတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတချို့အပေါ် လူထုထောက်ခံမှုတွေ ပိုတိုးလာနေတယ်လို့လည်း ဦးအောင်ကို က ဆက်ပြောပြပါတယ်။

“အမြင်ပြောင်းတာက အစကတည်းကရှိတယ်။ ဘာကြောင့်လဲဆိုတော့ အတိုက်အခံနိုင်ငံရေးပါတီတွေရှိတာကိုး။ နိုင်ငံခြားသားတွေကို မကြိုက်တဲ့ Right Wing ပေါ့ အခုဆိုရင် သူ့ပါတီက အမြင့်ဆုံးနေရာမှာရနေတယ်။ လက်ရှိ သမ္မတရဲ့ပါတီထက် လူထုရဲ့ ထောက်ခံမှု opinion polls တွေက ပိုတိုးလာတယ်။ အဲဒီအခါကျ သူတို့ကတော့ အဲဒါတွေကို အဓိကထားတာ။ နိုင်ငံခြားကလူတွေကို မကြိုက်တဲ့သူရှိတယ်။ အရင်ကလည်းရှိတယ်။ အခုကတော့ ပိုပြီးတော့ ရှိတာပေါ့။ ဘာလို့ပိုရှိသလဲဆိုရင် သူတို့က အဲဒါတွေအကြောင်းပြပြီးတော့ သုံးသပ်တာပေါ့လေ။ ပြောဆိုကြတာပေါ့။”

အခုအခါ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း ဦးဆောင်တဲ့ အစိုးရက - ပြီးခဲ့တဲ့ နိုဝင်ဘာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက် ထုတ်ပြန်ထားတဲ့ အရေးပေါ် ကြေညာချက်ကိုလည်း သက်တမ်းထပ်တိုးလိုက်သလို - နိုင်ငံတ၀ှမ်းမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ Nice မြို့မှာတော့ အမျိုးသားနေ့က တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူတွေအတွက် နိုင်ငံတော် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကို စနေနေ့က စပြီး ၃ ရက်ကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG