သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အရေး နိုင်ငံတကာ တုန့်ပြန်ချက်


တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတွေနဲ့ နျူးကလီးယားဆိုင်ရာ ကျွမ်းကျင်သူတွေက ပေါက်ကွဲမှု အရွယ်အစားကို တိုင်းတာနေ။
တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတွေနဲ့ နျူးကလီးယားဆိုင်ရာ ကျွမ်းကျင်သူတွေက ပေါက်ကွဲမှု အရွယ်အစားကို တိုင်းတာနေ။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကို အိမ်ဖြူတော်က အတည်မပြုနိုင်ပေမယ့်လည်း မြောက်ကိုရီးယား နျူးကလီးယား ပိုင်ဆိုင်တာကို အမေရိကန် ပြည်ထောင်စုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ Ned Price က ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံ အပါအဝင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ဆက်လက် ကာကွယ်၊ ခုခံပေးသွားမှာ ဖြစ်ပြီးမြောက်ကိုရီးယား ဘက်က ဘယ်လို ရန်စမှုတွေကို မဆို ထိုက်သင့်သလို တုံ့ပြန်သွားမှာ ဖြစ်တယ်လို့လည်းNed Price က ပြောဆိုခဲ့ပါတယ်။ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုမှန်သမျှ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ရှုတ်ချကြပါတယ်။

မြောက်ကိုရီးယား အစိုးရကို ကုလ လုံခြုံရေး ကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပြီး နျူးကလီးယား အစီအစဉ်တွေကို စွန့်လွှတ်ဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့က လုပ်ရပ်နဲ့ပတ်သက်ပြီးလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် စည်းဝေးပွဲ တခု ပြုလုပ်ဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယားရဲ့ မဟာမိတ်လည်းဖြစ် နောက် ကုလ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ နျူးကလီးယား စမ်းသပ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး ကိုရီးယားကျွန်းဆွယ် အခြေအနေကို ပိုပြီး ဆိုးရွားသွားစေမယ့် လုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း မြောက်ကိုရီးယားကို ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေနဲ့ နျူးကလီးယားဆိုင်ရာ ကျွမ်းကျင်သူတို့ကတော့ ပေါက်ကွဲမှု အရွယ်အစားအရ တကယ့် ဟိုက်ဒရိုဂျင်ဗုံး ဆိုတာကို အတော်လေး သံသယရှိတယ်လို့ပြောဆိုကြပါတယ်။

ဒီစမ်းသပ်မှုကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကလည်း အရေးပေါ် အမျိုးသား လုံခြုံရေး အစည်းအဝေးတွေ ခေါ်ယူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံက အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှားတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကုလသမဂ္ဂမှာ ကတိပြု ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုဟာ ဂျပန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး လုံး၀ လက်ခံနိုင်စရာ မရှိဘူး၊ အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ် လို့ ဂျပန် ဝန်ကြီးချုပ်က လွှတ်တော်မှာ မိန့်ခွန်းပြောတာမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီစမ်းသပ်မှုဟာ တောင်ကိုရီးယား နိုင်ငံရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ဆိုးရွားလှတဲ့ ရန်စမှုတခု အဖြစ် တောင်ကိုရီးယား သမ္မတ Park Geun-hye က သုံးနှုန်း ပြောဆိုပါတယ်။ နျူးကလီးယား စမ်းသပ်မှု အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုး မြောက်ကိုရီးယားကို ချမှတ်နိုင်ဖို့ တောင်ကိုရီးယား အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားရမယ်လို့ တောင်ကိုရီးယား သမ္မတရဲ့ ပြောဆိုချက်ကို Yonhap သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကိုသာ အတည်ပြုနိုင်ပြီဆိုရင်တော့ ဒါဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ နျူးကလီယား စမ်းသပ်မှု အလုံးစုံ တားမြစ်ပိတ်ပင်ရေး နိုင်ငံတကာ အဖွဲ့ကြီး CTBTO ရဲ့ အကြီးအကဲ Lassina Zerbo က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG