သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုတွေ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဆောင်ရွက်သင့်


ကုလသမဂ္ဂအခေါ်အားဖြင့် မြန်မာနိုင်ငံက “ရိုဟင်ဂျာလူနည်းစု” တွေအတွက် အပြည့်အ၀ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ တန်းတူအခွင့်အရေးရရှိရေး ကုလသမဂ္ဂက တောင်းဆိုတဲ့အပေါ် မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေအရ စဉ်းစားသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က တုန့်ပြန်ခဲ့ပါတယ်။

နိုင်ငံတွင်း နေထိုင်သူတွေထဲက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို ပြတ်
ပြတ်သားသား ပေးလိုက်ပါလို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း တိုက်တွန်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့တဲ့ထဲ မြန်မာနိုင်ငံက လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ထည့်သွင်း ဖော်ပြထားတာပါ။ အထူးသဖြင့်ကတော့ အဲဒီဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂက “ရိုဟင်ဂျာ” လို့ အစဉ်တစိုက် ခေါ်ဆိုလာခဲ့တဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်က မူဆလင်လူနည်းစုတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ပါဝင်ပါတယ်။

လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အပြည့်အ၀ လေးစားလိုက်နာရေး သေချာအောင်လုပ်ဖို့ အစိုးရကို တောင်းဆိုထားတာနဲ့ တပြိုင်တည်းမှာပဲ အဲဒီမူဆလင်လူနည်းစုတွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာလူနည်းစုလို့ ဖော်ပြသုံးစွဲထားတာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး ဦးကျော်တင်က ကန့်ကွက်ခဲ့ပြီး ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းထားတာကြောင့် ဒါကို အသိအမှတ်ပြုတယ်လို့ မယူဆသင့်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့်ကိစ္စနဲ့ ပတ်သက်လို့တော့ တည်ဆဲဥပဒေအရ လုပ်သွားမယ်လို့ အစည်းအဝေးအတွင်း တုန့်ပြန်ခဲ့ပါတယ်။

“နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားတောင်းဆိုချက်တွေဖြစ် တဲ့ မြေပိုင်ဆိုင်ခွင့် ဒါမှမဟုတ် ရွှေ့ပြောင်းသွားလာခွင့် စတဲ့တောင်းဆိုချက်တွေ ကိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ လုံခြုံရေးအခြေအနေတွေအရ စဉ်းစား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် မိသားစုသဘောနဲ့ တိုက်တွန်းတယ်လို့ ယူဆကြောင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒါမျိုးတိုက်တွန်းတာဟာ ကျနော်တို့နိုင်ငံမှာလည်း လိုအပ်ချက်တစ်ခုလို ဖြစ်နေ လို့ အပြုသဘောနဲ့ တိုက်တွန်းတယ်လို့ပဲ ကျနော် ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အမှန်တကယ် ဖြေရှင်းဆောင်ရွက်ပေးရမှာကတော့ ကျနော်တို့ နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်ရှိပါတယ်။ နှစ်ဘက် လူမျိုးစုခေါင်းဆောင်တွေရှိပါတယ်။ ကျနော်တို့ နိုင်ငံသားအဖြစ် သတ်မှတ်ဖော်ပြလို့ရှိရင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဒေသဆိုင်ရာ ပုဂ္ဂိုလ်တွေ ရှိသေးတယ်။ ဒီဟာကို အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းလိုက်မယ်ဆိုရင် ဒါ အဖြေတစ်ခု ထွက်ပါတယ်။ ဘာလို့လဲဆိုရင် ၁၉၄၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ဖြတ်သန်းလာ ခဲ့တဲ့ ကျနော်တို့ လူမျိုးစုရဲ့သမိုင်းကို ကြည့်လို့ရှိရင် ကျနော်တို့က ဒါကို လွယ်လွယ်ကူကူနဲ့ သိသာထင်ရှားမှုလည်းရှိတယ်။”

ဒီလူတွေဟာလည်း လူသားတွေပဲဖြစ်တာနဲ့အမျှ ရသင့်ရထိုက်တဲ့ လူမှုအခွင့်အရေးတွေ ရသင့်တယ်ဆိုတာကို လက်ခံတဲ့အကြောင်းနဲ့ နိုင်ငံတစ်ခု မှာ နေထိုင်တဲ့အတွက် အဲဒီနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုတာကိုလည်း ငြင်းစရာအကြောင်း မရှိပါဘူးလို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ရဲ့အတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကို ပြောပါတယ်။

“၁၉၈၂ ဥပဒေအတိုင်း ကျနော်တို့ မြန်မာနိုင်ငံပေါ့ဗျာ နိုင်ငံသားဖြစ်မှုဆိုတာကို ဥပဒေလုပ်ထားတယ်ပေါ့ဗျာ နော် အဲ့တော့ ဒီဥပဒေဟာလည်း ကျနော်တို့ အမြင်အရကိုက အဲ့ဒီဥပဒေက အသက်မဝင်ဘူးလို့ဖြစ်နေတယ်။ အဲ့တော့ အဲ့ဒီဥပဒေအရပဲ တိတိကျကျ လုပ်ပါ။ တကယ်လို့ ဒီဥပဒေမှာ အားနည်းချက်တွေဘာတွေ ရှိတယ်ဆိုလို့ရှိရင်လည်း ပညာရှင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်ကရှိတဲ့ခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော်နဲ့ သင့်တော်သလို ညှိနှိုင်းမှုတွေလုပ်ပါ။ အဲ့တော့ ဒီဥပဒေကိုလည်း အသက်ဝင်အောင်လုပ်ပါ။ ဒါကလည်း အကုန်လုံး ညှိညှိနှိုင်းနှိုင်းနဲ့ လွှတ်တော်ကတဆင့် သွားရမယ့်ကိစ္စပဲ။ နောက်တခုက ၁၉၈၂ ဥပဒေအတိုင်းပဲ တိတိကျကျ ပြဌာန်းပြီးတော့ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကိုလည်း ပြတ်ပြတ်သားသား ပေးလိုက်ပါ။ ဒါကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာမရှိဘူး။ အဲ့ဒါဟာ ပြဿနာဖြေရှင်းခြင်းရဲ့ နည်းလမ်းတစ်ခုပဲလို့ ကျနော်တို့ ခံယူထားပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ EU က မူကြမ်းရေးဆွဲ တင်သွင်းခဲ့တာဖြစ်ပြီး မဲခွဲဆုံးဖြတ်တာမျိုးမလုပ်ဘဲ အတည်ပြု ချမှတ်ခဲ့တယ်လို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ဗွီအိုအေဆီ အီးမေးနဲ့ ပေးပို့ခဲ့တဲ့ထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကတော့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို အသိအမှတ်ပြု ဖော်ပြထားသလို နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေကို တရားလက်လွတ် ဖမ်းဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတဲ့အပေါ် စိုးရိမ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG