၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒကို အဆုံးသတ်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ မူဆလင်လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးဖို့နဲ့ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့နေရပ်မှာ ပြန်လည် နေရာချထားရေး ဆောင် ရွက်ပေးဖို့လည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ဟာ မြန်မာနိုင်ငံ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ပယ်ချခံထားရပြီး နိုင်ငံမဲ့ဘဝနဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ရေးသားထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ အနောက်နိုင်ငံတွေတင် မဟုတ်ဘဲ၊ အာဖရိကနဲ့ အာရှနိုင်ငံတွေကပါ တညီတညွတ်တည်း ထောက်ခံခဲ့ကြတာ ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။
“ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို HRW အနေနဲ့ အပြည့်အ၀ ထောက်ခံပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါတဲ့ အချက် ၂ ချက်ကို တွေ့ရပါတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကို လူမျိုးရေး၊ ဘာသာရေးအပေါ် ကြည့်ပြီး ခွဲခြားဆုံးဖြတ်တဲ့ နိုင်ငံမျိုး ဆက်ပြီး ဖြစ်ချင်တယ်ဆိုရင် ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် တကယ့် အခက်အခဲကြီး ဖြစ်မှာပါ။ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ခွဲခြားအုပ်ချုပ်တဲ့ မူဝါဒကို မြန်မာအစိုးရအနေနဲ့ အဆုံးသတ်ဖို့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချခဲ့တာပါ။”
ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်မှာရှိတဲ့ ရိုဟင်ဂျာပြဿနာကို မဖြေရှင်းနိုင်တာဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုပါ ထိခိုက်စေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကမြင်ကြောင်း တွေ့ရတယ်လို့ အမျိူးသမီးရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားနေတဲ့ Women’s Peace Network-Arakan ကို ဦးဆောင်နေသူ မဝေေ၀နုက ပြောပါတယ်။
“ရခိုင်ပြည်က ပြဿနာကို မဖြေရှင်းဘူး ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီက ရှေ့မတိုးနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စဟာ ဖြေရှင်းဖို့ လိုအပ်တယ်။ မဖြေရှင်းဘူးဆိုရင် ဒီဟာက အမြဲတမ်း ပြဿနာတခုကို မွေးထားသလိုဖြစ်နေပြီး တခြားနေရာတွေကိုပါ အမြဲတမ်း ဂယက်ရိုက်နေတာမျိုး ဖြစ်နေမယ်။ ဒါဟာ သိပ်အန္တရာယ်ကြီးတယ်။ နောက်တခုက အစိုးရအနေနဲ့လည်း သူတို့ အသုံးချချင်တဲ့အချိန်မှာ အချိန်မရွေး အသုံးချလို့ရတယ်။ သူက ဖြေရှင်းဖို့လိုတယ် ဒီတချက်။ နောက်တချက်ကျတော့ UN ရဲ့ Resolution ကို ဖြစ်သင့်တယ်လို့ မြင်တယ်လေ။”
၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရိုဟင်ဂျာ ၁ သိန်းခွဲလောက်ဟာ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျပ်သိပ်ပြီး နေထိုင်နေကြရတာပါ။ မြန်မာအစိုးရကတော့ သူတို့တွေကို ရိုဟင်ဂျာလို့ အသိအမှတ်မပြုချင်ဘဲ ဘင်္ဂါလီဆိုတဲ့အမည်ကို တရားဝင်သုံးဖို့ လိုလားနေပြီး အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာကြသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ပြုရေးနဲ့ ပတ်သက်လို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥဒေအရ စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တုံ့ပြန်ပြောဆိုထားပါတယ်။
၂၀၁၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ ညှဉ်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီဝင်တွေဖြစ်တဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတွေက ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတာကို ကုလသမဂ္ဂအနေနဲ့ ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ သုံးစွဲဖို့ နောက်ထပ် ဘတ်ဂျက်လျာထားငွေ အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကို အတည်ပြုခဲ့သလို နောက်နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ အစီရင်ခံတင်ပြရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။