သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင် အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဇန်န၀ါရီလ ၁၃ ရက်နေ့က လွှတ်ပေးလိုက်တဲ့အပေါ်မှာ ကျေနပ်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ဒါ့အပြင် အခုလို မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပြည်တွင်းပြည်ပက ဒီမိုကရေစီရေး ထောက်ခံသူတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တာကို ကြားရတဲ့အတွက် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က ပြောလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ကိစ္စဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းက အချိန်အတော်ကြာကတည်းက တောင်းဆိုလာတဲ့ကိစ္စဖြစ်ကြောင်း၊ အခုလို မြန်မာအစိုးရဘက်က လုပ်ဆောင်လိုက်တာကိုလည်း ပြုပြင်ပြောင်းလဲရေးတွေ ထပ်ပြီးလုပ်နေတာအဖြစ် ရှုမြင်ပြီး ဒီအပေါ်မှာ သူ့အနေနဲ့ နွေးထွေးစွာ ကြိုဆိုတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဒါအပြင့် အခုလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် သိသာတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း အဲဒီလွတ်မြောက်လာတဲ့ သူတွေအနေနဲ့လည်း ရှေ့လာမယ့် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာ့အရေးသုတေသီ ဒေဗစ်မက်သီယဲ့ဆန် (David Mathieson) က ပြောလိုက်ပါတယ်။

“သိပ်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ မြန်မာ့ နိုင်ငံ့ရေး သမိုင်းကဏ္ဍသစ် စတင်လိုက်တာပါပဲ။ ဒီနေ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရသင့်ကြပါတယ်။”

မြန်မာအစိုးရက ဒီကနေ့ လွှတ်ပေးလိုက်တဲ့အထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး စတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရ စတဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပါဝင်လာခဲ့ပါတယ်။ အခုလိုမျိုး နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ အနေနဲ့လည်း ကြိုဆိုတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ဗွီအိုအေကို ပြောပါတယ်။

“တိုတိုနဲ့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ပေါ့နော် အကျဉ်းသားတွေ လွှတ်ပေးတာကို အားရကျေနပ်တယ် ဆိုတဲ့အကြောင်းကို ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လည်းပဲ မေတ္တာရပ်ခံခဲ့ပါတယ်။ အခု လွှတ်တဲ့အထဲမှာလည်းပဲပေါ့နော် အများက လွှတ်စေချင်နေတဲ့ အကျဉ်းသားတွေလည်း ပါလာတယ်လို့ သိရတဲ့အတွက်ကြောင့် အထူးပဲ ၀မ်းသာပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က မကြာသေးခင်ကပဲ သမ္မတဦးသိန်းစိန်ထံကို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံခဲ့သလို ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီရေး လိုလာသူတွေရော၊ နိုင်ငံတကာကပါ စဉ်ဆက်မပြတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာက အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ အဟန့်အတားတစ်ခု လျှော့သွားစေတဲ့အတွက် ဒီအပေါ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၀မ်းမြောက်ကြောင်း NLD ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“NLD ရဲ့ သဘောထားကတော့ NLD ဟာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို အစဉ်တစိုက် တောင်းဆိုလာတာ နှစ်ပေါင်း ၂၀ ကျော်သွားပါပြီ။ အခုလို အချိန်မှာ နိုင်ငံရေးအကျဉ်းသား အများစုပါဝင်တဲ့ လွှတ်ခြင်းမျိုးနဲ့ လွှတ်တဲ့အတွက် ကျနော်တို့ အများကြီး ၀မ်းသာတယ်။ အားလုံးအတွက်လည်း ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော် အဲ့လိုပဲ ပြောချင်ပါတယ်။”

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာအပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့ကို မကြာသေးခင်ကာလတွေ အတွင်းမှာ လွှတ်ပေးခဲ့ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွတ်မြောက်လာခဲ့တဲ့ အတွက် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ အနေအထား ရောက်လာပြီလားလို့ မေးတဲ့အပေါ်မှာတော့ အခုအခြေအနေဟာ နောက်ကြောင်း ပြန်လှည့်လို့မရတဲ့ အနေအထားကို ရောက်နေပြီလို့တော့ ပြောလို့မရသေးဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။ အဲဒီလိုအခြေအနေကို ရောက်ဖို့အတွက် ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းဖြေရှင်းဖို့လိုကြောင်း၊ ဒါ့အပြင် အရေးကြီးဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ -

“ကျနော်တို့အနေနဲ့ကတော့ အခုလို လွတ်မြောက်မှု အပေါ်မှာတော့ ကြိုဆိုရမယ်လို့ နားလည်ပါတယ်။ ဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့် န၀တ၊ နအဖ၊ အခုလက်ရှိ သမ္မတ ဦးသိန်းစိန် လက်ထက်မှာရောဆိုရင် အားလုံးပေါင်း ၁၈ ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ ဒီတခါကျတော့လည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှု အများဆုံးလို့ ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ အနေနဲ့ ကြိုဆိုတယ်လို့ ပြောရမှာပါ။ နောက်တစ်ခုက အခု လွှတ်ပေးလိုက်တဲ့လူတွေက တကယ့်ကို ချွင်းချက်မရှိ အနှောင်အဖွဲ့ ကင်းကင်းနဲ့ လွှတ်ပေးလိုက်တာမျိုး မဟုတ်တဲ့ ကိစ္စတစ်ခုကိုတော့ ပြောစရာရှိပါတယ်။ အဲ့ဒီကိစ္စကတော့ အနှောင်အဖွဲ့ ကြီးလွန်းတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင် ပြောသွားတာဖြစ်ပါတယ်။ မြန်မာအစိုးရက ဒီကနေ့မှာ အကျဉ်းသား စုစုပေါင်း ၆၅၁ ယောက်ကို လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ အရင်စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်ချုပ်ခင်ညွန့်လည်း ပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ (AAPPB) ရဲ့ စာရင်းအရတော့ ဒီကနေ့ လွတ်မြောက်လာတဲ့ သူတွေထဲမှာ အခုချိန် နိုင်ငံရေးအကျဉ်းသား ၂၂၀ ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

XS
SM
MD
LG