သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ


သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ
သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော် သမ္မတက နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကဏ္ဍ ၃ ခုအတွက် အဖွဲ့ဝင် ၉ ဦးပါ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို အကြံပေးအဖွဲ့ ဖွဲ့လိုက်တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တမ်း သူတို့ရဲ့ အကြံဉာဏ်တွေကို လိုချင်တာထက် လက်ရှိအစိုးရရဲ့ လိုအပ်ချက်တွေကို တာဝန်ပေး ခိုင်းစေလိုတဲ့ သဘောသာ ဖြစ်တယ်လို့ တပ်မတော် ထောက်လှမ်းရေးမှာ တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။ သမ္မတရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ရော ဒီအဖွဲ့မှာ ဦးဆောင် ပါဝင်သူတွေနဲ့ ပတ်သက်လို့ပါ ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သမ္မတ အကြံပေးအဖွဲ့ ဆိုပြီးတော့ အဓိက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာဆိုပြီး အဖွဲ့ ၃ ဖွဲ့ ဖွဲ့ပါတယ်။ စုစုပေါင်း လူ ၉ ယောက် ပါပါတယ်။ အဲဒီတော့ ဒီအဖွဲ့ အခုလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားချက်နဲ့ ဖွဲ့တယ်လို့ ထင်ပါသလဲ။ တချို့ အရပ်သားတွေလည်း ပါပါတယ်။

“ပါမောက္ခ ဦးမြင့်နဲ့ ပတ်သက်ပြီးတော့ သူက နိုင်ငံခြားမှာလည်း တော်တော်ကြာကြာ နေခဲ့တယ်၊ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာလည်း သိတယ်၊ နောက် ကျနော်တို့ ပိုပြီးတော့ သိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ သိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ ပါမောက္ခ ဦးမြင့်က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိ မဟုတ်ပေမဲ့ တဘက်စကား တဘက် အပြန်အလှန် ပြောခဲ့တာလေးတွေ၊ ပေးပို့ခဲ့တာလေးတွေတော့ ရှိခဲ့ဖူးပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်၊ အတိုက်အခံ အင်အားစုတွေ၊ နိုင်ငံခြား ပညာရှင်တွေနဲ့လည်း ရင်းနှီးတဲ့ ဒေါက်တာ ဦးမြင့်ကို စီးပွားရေး အကြံပေး ခေါင်းဆောင်အနေနဲ့ ထားတာ ဘယ်လိုထူးခြားချက်လို့ မြင်ပါလဲခင်ဗျ။

“အဓိကကတော့ အမေရိကားရယ်၊ ဥရောပနိုင်ငံတွေရယ် စီးပွားရေး Sanction ကို ကင်းလွတ်ခွင့် ပြုအောင်အတွက် ဦးမြင့်ကို တာဝန်ပေးတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဦးမြင့်က အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူလည်း ကျွမ်းကျွမ်းဝင်ဝင် သိတဲ့သူ တယောက်ပါ။ ကြားထဲမှာလည်း ဆက်စပ်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ကို ကြားခံပေါ့ Mediator သဘောမျိုး သုံးကောင်းလည်း သုံးနိုင်ပါတယ်။”

နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် အကြောင်းလည်း မေးချင်ပါတယ်။ ဦးကိုကိုလှိုင်ကို ဒီလိုနေရာမျိုး ထားရအောင် သူ့မှာ ဘယ်လောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ အခြေခံ ဘယ်လောက်ရှိပါသလဲခင်ဗျ။

“ကိုကိုလှိုင်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကျောင်းကတည်းက တွေ့ခဲ့ဖူးပါတယ်။ ကျနော့်အမြင် အတွေ့အကြုံနဲ့ ဗဟုသုတ အပိုင်းမှာတော့ ကျန်တဲ့ သဘာရင့်တဲ့ နိုင်ငံရေးသမားကြီး တယောက်တော့ မဟုတ်ဘူးခင်ဗျ။ သူ့မှာ တခုတော့ ရှိပါတယ်၊ စာဖတ်အားနဲ့ လေ့လာအားတော့ ရှိပါတယ်။ တချိန်က ကက(ကြည်း) သုတေသန ဆိုတာက နိုင်ငံတကာရဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်ရေးကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့မှ ကက(ကြည်း) ဗိုလ်ချုပ်ကြီးတွေကို တင်ပြရတဲ့ဌာန ဖြစ်ပါတယ်။

“အခုလည်း သူကိုယ်တိုင် ပြန်ကြားရေးဌာနမှာ တာဝန်ယူနေတာကို ကျနော်သိတယ်။ ဒီ့အပြင် ဘလော့ဂ်ဂါတွေပေါ့၊ ပိတောက်မြေတို့ ဘာတို့က ကိုကိုလှိုင်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ တန်ပြန် နိုင်ငံရေးအန်တုမှု လုပ်ငန်းကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ လူတယောက်တော့ ဖြစ်ပါတယ်။”

ရဲမှူးကြီး စစ်အေးနဲ့ ပတ်သက်လို့ရော၊ သူ့ကိုတော့ ဥပဒေအကြံပေးအဖွဲ့လို့ ပြောထားတော့ သူ့မှာ ဥပဒေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ Background ရှိပါသလဲ။

“ရဲမှူးကြီး စစ်အေးကတော့ ကျနော်သိသလောက် ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရခဲ့ပါတယ်။ ရဲအရာရှိသင်တန်း အပတ်စဉ် ၁ က ဆင်းတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေ လုပ်တဲ့အခါမှာ၊ ကျနော်တို့ ဖမ်းတဲ့ဆီးတဲ့အခါမှာ ရဲမှူးကြီး စစ်အေးတို့ အနေနဲ့ ဥပဒေအကြံပေး အနေနဲ့ လုပ်ခဲ့ ကိုင်ခဲ့တာ ရှိပါတယ်။”

ခုန ဦးအောင်လင်းထွဋ် ပြောပုံအရဆိုရင် ဒီအကြံပေးအဖွဲ့က ဦးဆောင်ပိုင်းတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ လိုအပ်ချက်အရ ခေါ်ယူခန့်ထားတဲ့ သဘောမျိုး ဖြစ်နေတော့ တကယ်တမ်း သူတို့ကိုယ်ပိုင် သူတို့မှာ ရှိနေတဲ့ အကြံဉာဏ်တွေ ပေးရင်ရော နိုင်ငံတော် အစိုးရဘက်က လက်ခံမယ့် အနေအထားရော ရှိရဲ့လားခင်ဗျ။

“ကျနော့်အမြင် ပြောရရင် အကြံပေးလို့ သူတို့ သုံးဖို့ထက်စာရင် သူတို့ခိုင်းဖို့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းတယ်လို့ ကျနော် ထင်ပါတယ်။ သဘောက နိုင်ငံရေးအရဆိုရင် ကိုကိုလှိုင် မင်းလုပ်၊ စီးပွားရေးအရ ဆိုရင် ပါမောက္ခ ဦးမြင့်ကို တာဝန်ပေး၊ ဥပဒေရေးအရ ဆိုရင် ရဲမှူးကြီး စစ်အေးကို တာဝန်ပေး ဆိုပြီးတော့မှ ဒီအတွက်ကို သူတို့ ရည်ရွယ်ပြီး ဖွဲ့ပါလိမ့်မယ်။ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေ ကိုကိုလှိုင်တို့၊ ဦးစစ်အေးတို့ အနေနဲ့ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးလောက်အောင်၊ အကြံပြုလောက်အောင် ရှိတဲ့ အရည်အချင်းတော့ သူတို့မှာ မရှိပါဘူးခင်ဗျ။”

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG