သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ မိန့်ခွန်းအပေါ် NLD မျှော်လင့်ချက်ထား


သမ္မတ မိန့်ခွန်းအပေါ် NLD မျှော်လင့်ချက်ထား
သမ္မတ မိန့်ခွန်းအပေါ် NLD မျှော်လင့်ချက်ထား

သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုအပြီး ပထမဆုံး မိန့်ခွန်းထဲမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ဆိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်သွားမယ်လို့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ပြောခဲ့တဲ့အပေါ် သံသယနဲ့ မြင်ကြသူက များပါတယ်။ စကားလုံးတွေအရ ကောင်းပေမဲ့ တကယ့်လက်တွေ့ အကောင်အထည် ဖော်တာကို ကြည့်ရမယ်လို့ ဆိုကြပါတယ်။ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် တုံ့ပြန်ချက်တွေကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက စုစည်းပြီး တင်ပြပေးထားပါတယ်။

မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ဦးသိန်းစိန် ပြောခဲ့တဲ့ မိန့်ခွန်းထဲ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးနဲ့ ဆိုင်တဲ့ကိစ္စ၊ လစာနဲ့ ပင်စင်လစာတွေ တိုးပေးဖို့ကိစ္စ၊ တောင်သူလယ်သမားတွေ လယ်လုပ်ပိုင်ခွင့်ကိစ္စ၊ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း မြှင့်ဖို့ကိစ္စ၊ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်မယ့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စ၊ သဘာ၀ ဘေးအန္တရာယ် ကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဆီ ဥပဒေကြမ်းတွေ တင်သွင်းဖို့၊ ပြဋ္ဌာန်းဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

မိန့်ခွန်းအရ မျှော်လင့်ချက် ထားနိုင်တာတွေ ရှိပေမဲ့ လက်တွေ့လုပ်တာကို စောင့်ကြည့်ရဦးမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မိန့်ခွန်းတခုလုံး အပေါ်မှာတော့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ အဲဒီအဓိပ္ပာယ် ရတယ်။ သို့သော် တခါ ဒီဟာတွေ အားလုံးကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ Amendment ပေါ်မှာလည်း မူတည်တယ်။ အဖွင့်အပိတ်တွေနဲ့ အဆိုပြုတာတွေ ကောင်းတာတွေလည်း ရှိပါတယ်။ အပိတ်နဲ့ ပိတ်တာလည်း ရှိပါတယ်။ ဒီမိန့်ခွန်းပေါ်မှာတော့ မျှော်လင့်စရာ ရှိတယ်လို့ ထင်တယ်။ သို့သော် တကယ်လက်တွေ့ လုပ်တာကို ကြည့်ဖို့တော့ လိုဦးမယ်။”

ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ နိုင်ငံရေး၊ စီးပွားရေးရာတွေနဲ့ ပတ်သက်လို့ အတော်ပြောထားပေမဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုင်ရာတွေ မပါဝင်လှတဲ့အတွက် ပြည့်စုံတဲ့ မိန့်ခွန်းတခုတော့ မဟုတ်ဘူးလို့ သုံးသပ်သူက ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုထွန်းမြင့်အောင် ဖြစ်ပါတယ်။ မိန့်ခွန်းကို ထဲထဲဝင်ဝင် မကြည့်ဘဲ အပြင်ပန်းသက်သက် ကြည့်မယ်ဆိုရင်တော့ ကောင်းတယ်လို့ ပြောနိုင်မှာ ဖြစ်ပေမဲ့ မချင့်မရဲ ဖြစ်စရာတွေ၊ သံသယတွေနဲ့ ရတက်မအေးစရာတွေ အများကြီး ဖြစ်ရတယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“အဲဒါတွေက အလကား ဖြစ်လာတာတော့ မဟုတ်ဘူးဗျ။ အနှစ် ၂၀ ကျော် အတိတ်က မတရား ပြုမူခဲ့တဲ့ အပြုအမူတွေကြောင့်ရော၊ နောက်ပြီးတော့ အဓိပ္ပာယ်တွေကို ဘယ်လို ဖွင့်ဆိုသလဲ၊ ပြီးတော့ ခြွင်းချက်တွေ ပါတာကိုလည်း တွေ့ရတယ်။ ဥပမာ ဘယ်လိုခြွင်းချက်တွေ ပါလဲဆိုတော့ တည်ဆဲဥပဒေတွေကနေ မဆီလျော်တဲ့ အချက်တွေကို ပြင်သွားမယ်ဆိုတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆိုတဲ့ဟာ နေရာတော်တော်များများမှာ တွေ့ရတယ်။

“အဲတော့ အဓိက ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံဟာ မတော်မတရား တဖက်သတ် ရေးဆွဲထားပြီးတော့ အဓမ္မ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကိစ္စဗျ။ ဒီဖွဲ့စည်းပုံနဲ့ပဲ ဒီမိန့်ခွန်းတခုလုံးကို ပြန်ချုပ်ထားတာ ကျနော်တို့ တွေ့ရတယ်။”

သတင်းမီဒီယာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ခေတ်နဲ့ မလျော်ညီတဲ့ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်မယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပြင်မယ်ဆိုတာက စာပေစိစစ်ရေးနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်မှာလား၊ တင်းကျပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးမှာလား ဆိုတာက ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ရန်ကုန် သတင်းသမားတယောက်က ပြောပါတယ်။

“အခုက အပြောင်းအလဲကာလ၊ ဘယ်လိုလုပ်မလဲ ဆိုတာပဲ ရှိတယ်၊ မရှင်းလင်းသေးဘူးလေ။ လုပ်ထုံးလုပ်နည်းတွေကိုပဲ ဖြေလျှော့မှာလား၊ ဒါမှမဟုတ် စာပေစိစစ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ ဟာတွေကိုပဲ ဖြေလျှော့ပေးမှာလား၊ အနှစ်သာရပိုင်းနဲ့ ဘယ်လိုဟာမျိုးတွေကို ပြင်ဆင်မှာလဲဆိုတာ မရှင်းလင်းသေးဘူးလေ။ အဲဒီတော့ စောင့်ကြည့်ရမှာပဲ။

“သူတို့က အဲဒါကို လက်တွေ့လုပ်ပြတဲ့ အပေါ်မှာသာ ကျနော်တို့ အဆင်ပြေမှု ဘယ်လောက်ရှိတယ်၊ အဆင်မပြေမှု ဘယ်လောက်ရှိတယ်၊ အကောင်းဘက်ကို ဦးတည်တယ်၊ ဦးမတည်ဘူးဆိုတာ အဲဒီကျမှပဲ ကျနော်တို့က ဆုံးဖြတ်လို့ ရမှာဖြစ်တယ်။ အခုကတော့ အပြောင်းအလဲ ကာလဆိုတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုးမှာပဲ ရှိသေးတာပေါ့။”

မတ်လ ၃၀ ရက်နေ့က သမ္မတ၊ ဒု-သမ္မတတွေ အပါအဝင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ အားလုံး ကျမ်းသစ္စာ ကျိန်ဆိုခဲ့သလို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကိုလည်း အသီးသီး ခန့်အပ် တာဝန်ပေးလိုက်ပြီးပြီ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့ဟာ အစိုးရအဖွဲ့သစ် စပြီး အသက်ဝင် လုပ်ငန်းစတင်တဲ့ရက်လို့ ဆိုရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဆင့်ဆင့်ကိုလည်း ဖျက်သိမ်းပြီးပါပြီ။

ဒါပေမဲ့ လွှတ်တော်တွေထက်ရော၊ အစိုးရအဖွဲ့ထက်ပါ အာဏာကြီးလှတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာကိုတော့ ဖွဲ့စည်းပြီးပြီလို့ မကြေညာသေးပါဘူး။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဆိုတာကိုလည်း နာမည်နဲ့တကွ တရားဝင် မကြေညာပါဘူး။

ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သမျှ ပြည်တွင်းလူထုကတော့ အရင် ကောင်စီရုံးတွေမှာ တာဝန်ယူထားတဲ့ လူတွေကိုပဲ ဆက်တွေ့နေရသေးပြီး လက်တွေ့မှာ ထူးခြား သိသာတဲ့ ဘယ်လိုအပြောင်းအလဲကိုမှ မတွေ့ရသေးဘူးလို့ ပြောကြပါတယ်။

XS
SM
MD
LG