သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်


ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်
ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်

၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုလိုက်ပြီလို့ ဒီကနေ့ နေ့လယ်ပိုင်း နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေး တခုမှာ သမ္မတ ဦးသိန်းစိန်က ကြေညာသွားပါတယ်။ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေကတော့ မြန်မာပြည် ပြန်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့်ရှိဖို့ လိုအပ်မယ်လို့ တုံ့ပြန်ကြပါတယ်။ ဒီပြောဆိုချက်ဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ရည်ညွှန်းတယ် ဆိုရင်တော့ အကျဉ်းထောင်တွေ အတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင် ပြန်လွှတ်သင့်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့် ပြုလိုက်ပြီး ပြစ်ဒဏ်ရှိသူတွေကို လျှော့ပေါ့ဖို့ စဉ်းစားပေးမယ်လို့ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစု (FDB) ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကတော့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေ မြန်မာပြည် ပြန်နိုင်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေးနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်း ရှိဖို့လိုမယ်လို့ ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မိသားစုတွေ အားလုံး အတူတူလုပ်ကြရေး ဆိုတဲ့ အနှစ်သာရ တကယ်များ ရှိတယ်ဆိုရင်တော့ ဒါက ကြိုဆိုရမယ့်ကိစ္စ၊ ကြိုဆိုသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ တဘက်မှာလည်း အဲဒီလိုစိတ်မျိုးရှိတယ် ဆိုတာကို သေသေချာချာ ထင်ထင်ရှားရှား ပြဖို့ လိုတာပေါ့။

“ဥပမာ ဒီလိုမိန့်ခွန်းမျိုးမှာတင် ပြောတာ မဟုတ်ဘဲနဲ့ အမိန့်ဒီဂရီလို ဟာမျိုးနဲ့ ထုတ်ပြန်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဒီလိုလူမျိုးတွေ ပြန်လာသင့်တယ် ဘာညာဆိုတာ သေသေချာချာ အမိန့်ဒီဂရီလို ဟာမျိုးပေါ့၊ အဲဒီလိုမျိုး ထုတ်ပြန်ပြီး ပြောတယ်ဆိုရင်တော့ ပိုပြီးတော့ အချက်အလက် တိတိကျကျ ကျနော်တို့ သိနိုင်တာပေါ့။”

အခုလို ပြန်လာခွင့်ပြုမယ် ဆိုတဲ့ သဘောကြောင့် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းတွေ ကြားထဲမှာရော တစုံတရာ ရိုက်ခတ်မှု ရှိနိုင်လား။

“ကျနော်တို့ စပြီး ထွက်လာကတည်းက မြန်မာပြည် ဒီမိုကရေစီရေး ရဖို့၊ လူ့အခွင့်အရေးရဖို့၊ နိုင်ငံရေးတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိလို့၊ လှုပ်ရှားမှုတွေကို ဖိနှိပ်လို့ ဆိုပြီး ကျနော်တို့ ထွက်လာခဲ့ကြတာကိုး။ ဆိုတော့ ကျနော်တို့က စီးပွားရေးအရ လုပ်ကိုင်ရှာဖွေ စားသောက်ဖို့မှ မဟုတ်တာ။ အဲဒီတော့ ကျနော်တို့ ပြန်မယ်ဆိုရင်လည်း ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ ရမရဆိုတဲ့ အပေါ်မှာ အဓိက မူတည်တာပေ့ါ။

“ကျနော်တို့ နိုင်ငံရေး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရှိမလား၊ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိမလား၊ ကျနော်တို့အပေါ်မှာ ဖိနှိပ် ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ ၅(ည) လို ဥပဒေမျိုးတွေ၊ ပယ်ဖျက်ပေးတာမျိုးတွေ ရှိမလား။ အဲဒီလိုမျိုးတွေ ရှိမယ် ဆိုရင်တော့၊ ကျနော်တို့ နိုင်ငံရေးလုပ်ချင်လို့ ဒီဟာတွေ ပြောနေတာ၊ ဒီမိုကရေစီ လိုချင်လို့ ပြောနေတာပဲ။ အဲဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုရင်တော့ ကျနော်တို့ ပြန်ပြီးလုပ်ရမယ်။ ကျနော်တို့ ဒီအလုပ် လုပ်နေတာလည်း ကျနော်တို့တိုင်းပြည်ကို ကောင်းစေချင်လို့၊ နောက် ကျနော်တို့လည်း တိုင်းပြည်ကို အဲဒီလို အခြေအနေမျိုးနဲ့ ပြန်စေချင်လို့ပဲ လုပ်နေတာပေ့ါ။

“ဆိုတော့ အဲဒီဟာမျိုးတွေ ရှင်းရှင်းလင်းလင်းဖြစ်တယ် ဆိုရင်တော့ သဘောထား ကွဲစရာ မရှိပါဘူး။ နိုင်ငံရေးအတွက်၊ တိုင်းပြည်အတွက် လုပ်ဖို့ ထွက်လာတဲ့လူတွေ တိုင်းပြည်မှာ ဒါမျိုး ပြန်လုပ်ခွင့်ရပြီ ဆိုရင် ကျနော်တို့ ဘာဖြစ်လို့ အပြင်မှာ လုပ်နေမလဲ။”

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကတော့ အသွင်ကူးပြောင်းရေး ကာလမှာ အထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ယူဆပါတယ်။ တဘက်မှာလည်း လက်ရှိ အစိုးရအပေါ်မှာ အများပြည်သူက နိုင်ငံရေးအရ အယုံအကြည် ရှိလာအောင် လက်တွေ့ ဆောင်ရွက်ပြမှုမျိုးတွေ လုပ်ဖို့ လိုအပ်သေးတယ်လို့ ပြောပါတယ်။

“ပြည်ပရောက်နေတဲ့သူတွေ ပြန်လာဖို့ ပြောတာထက်စာရင် ပြည်တွင်းမှာ ရှိနေတဲ့ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေကို အရင်လွှတ်ပေးတာ ပိုပြီးတော့ လက်တွေ့ကျတယ်၊ ပိုသဘာဝကျတယ်လို့ ထင်ပါတယ်။ ဒီလူတွေရဲ့ ကိစ္စကို မဖြေရှင်းဘဲနဲ့ တခြားကိစ္စတွေ လိုက်ဖြေရှင်းနေတာက သိပ်သဘာ၀ မကျပါဘူး။ အသွင်ကူးပြောင်းရေးကာလ တခုမှာ နိုင်ငံရေး အကျဉ်းသားတွေ အရင်ဆုံး လွှတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါကို အရင်လုပ်ဖို့ လိုအပ်ပါတယ်။ နောက်တခုက ကျနော်တို့ အခုရှိနေတဲ့ ဦးသိန်းစိန် အစိုးရကို ဘယ်လောက် ယုံကြည်ရမလဲ ဆိုတာက စောင့်ကြည့်ရဦးမှာပါ။”

တကယ်တော့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်ပမှာ ရောက်ရှိနေတဲ့ အတိုက်အခံ လှုပ်ရှားသူတွေ မြန်မာနိုင်ငံတွင်းကို ပြန်လာခွင့်ရဖို့ နိုင်ငံရေးပါတီကြီး အချို့က အစိုးရကို လွှတ်တော်တွင်းမှာရော လွှတ်တော်ပမှာပါ တောင်းဆိုခဲ့ဖူးပါတယ်။ ဒီအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သဘော ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဖွဲ့စည်းပုံအရဆိုရင် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ သမ္မတက အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

အခု ပြည်ပရောက်တွေ ပြန်လာခွင့်ပြုတယ်ဆိုတဲ့ သဘောဟာ Amnesty သဘော သက်ရောက်နိုင်မှု ရှိမရှိ ဆိုတာတော့ နောက်ပိုင်း အသေးစိတ် ထုတ်ပြန်မယ်ဆိုတဲ့ အခြေအနေကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG