သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ် သမ္မတ ဦးသိန်းစိန် လက်ခံမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်။

အစိုးရနဲ့ တပ်မတော်အနေနဲ့ လာမယ့်ရွေးကောက်ပွဲ ရလဒ်အပေါ် လေးစား လိုက်နာ သွားမှာဖြစ်တယ်လို့ သမ္မတကြီးကပြောဆိုလိုက်ပါတယ်။ ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိဖို့လည်း ထပ်မံ ကတိပေးပြောဆို ခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီး နောက်ထပ် သမ္မတတာဝန်မယူခင် ကြားကာလ မှာတည်ငြိမ်အေးချမ်း ဖို့ နိုင်ငံရေး အင်အားစုခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်းပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေး ပို့ထားပါတယ်။

မနေ့က ည၈နာရီမှာ မဲဆန္ဒရှင်ပြည်သူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ဆိုင်ရာ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ ထွက်ပေါ်လာမယ့် ရွေး ကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ဒီအပေါ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုပါတယ်။

" ကျွန်တော်တို့ အစိုးရ၊ တပ်မတော် အနေနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ရလဒ်ကို လေးစား လိုက်နာသွား မည်ဖြစ်ကြောင်းကို ထပ်မံပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထုကိုယ်စား ဆက်လက် မဲပေး ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစား လက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်။

ရွေးကောက်ပွဲ အပြီး နောက်ထပ်သမ္မတ တာဝန်မယူခင် ကြားကာလ မှာ တည်ငြိမ်အေးချမ်းဖို့ နိုင်ငံရေးအင်အားစုခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်း မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။

"ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက်လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူးပြောင်းစေဖို့ များစွာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ခရီးရှည်ကြီးကို အားလုံးအတူ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ရွေးကောက်ပွဲပေါင်း များစွာကို ဖြတ်သန်းပြီး နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု အဆင့်ဆင့်ကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် တက်လှမ်းရာမှာ ယခု ကျင်းပတော့မည့် သမိုင်းဝင် ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ဝိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုခဲ့တာပါ။

ဒီပြင်လာမယ့် တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ စိန်ခေါ်မှုတွေ အခက်ခဲတွေ ရှိနေတယ်လို့လည်း သမ္မတကြီးက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် ဒီအခြေအနေရောက်လာဖို့ ခက်ခဲစွာဖြတ်သန်းခဲ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အစိုးရအနေနဲ့ တပ်မတော်သား တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါ်မှာ ဘာလွှမ်းမိုးမှုမှမရှိ လွတ်လပ်စွာမဲပေးနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့လည်း သမ္မတက မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

နိုင်ငံ ကံကြမ္မာပြောင်းဖို့ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေအနေနဲ့ မဖြစ်မနေမဲပေးဖို့ တိုက်တွန်းခဲ့သလို ကော်မရှင်အနေနဲ့လည်း မဲပေးခွင့် မဆုံးရှုံးရအောင် လုပ်ဆောင်ပေးထား ကြောင်းပြောဆိုထားတယ်လို့ သမ္မတကပြောဆိုခဲ့ပါတယ်။

သမ္မတကြီးရဲ့ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလိုသုံးသပ်ပါတယ်။

"အဲ့တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်။ အဲ့ဒီ့လွတ်လပ်ပြီးတော့ တရားမျတတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူကလည်း ထောက်ခံမယ်။ တပ်မတော်ကလည်း ထောက်ခံမယ် တခြားလူတွေလည်း ထောက်ခံကြပါလို့ ပြောတဲ့စကားကတော့ ဒါဟာ တော်တော်ကောင်းမွန်တဲ့ စကားလို့ပဲ ထင်ပါတယ်။ အခင်းအကျင်း သစ်ကြီးကိုလည်း ခေါ်သွားမယ်ဆိုတော့ ဒါက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြိုးစားမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မှန်းဆလို့ရတဲ့အခါကျတော့ ကောင်းတယ်လို့ထင်ပါတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ သံသယဖြစ်စရာတွေက အများကြီးရှိနေတယ်။ မဲပေးတဲ့နေရာမှာလည်း မဲဖောင်းပွတာတွေရှိနေတယ်။ ကြိုတင်ဆန္ဒမဲပေးထားတဲ့ သူတွေကလည်း မဲလက်မှတ်တွေရထားတယ်။ ဆိုတဲ့အခါကျတော့ ပြသနာတွေ အများကြီး ရှိနိုင်တယ်။ ဒါကတော့ ကံသေကံမ အာမခံချက်အနေနဲ့ ဘယ်လိုမှ မပြောနိုင်ဘူး။"

မနေ့က မိန့်ခွန်းမှာ သမ္မတကြီးက မဲဆွယ်စည်းရုံးမှုမှာ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာခဲ့တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အပေါ် ဝမ်းမြောက်ကြောင်း၊ ငြိမ်းချမ်းစွာ ကိုယ်ထောက်ခံတဲ့သူကို အားပေးခဲ့တဲ့ ပြည်သူတွေကို လည်း ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါအပြင် တက်ကြွစွာပါဝင်လုပ်ဆောင်ပေးကြတဲ့ လူငယ်တွေနဲ့ အရပ်ဘက် အဖွဲ့စည်းတွေကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့သလို ပြည်သူတွေအနေနဲ့ ဆန္ဒမဲမဖြစ်မနေ ထည့်ဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတဟာ ပါတီလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကန့်ကွက်ခဲ့သလို၊ မဲဆန္ဒရှင်တော်တော်များများဟာ မဲပေးခွင့်ဆုံးရှုံးမှုတွေ ရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG