သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့်မိန့်ခွန်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားအမြင်များ


ဒီကနေ့ ကတိသစ္စာပြုခဲ့တဲ့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းအပေါ် သူ့ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အမြင် သဘောထားတွေကိုလည်း နေပြည်တော်မှာ ရောက်နေတဲ့ ကိုဇော်ဝင်းလှိူင်ကဘဲ စုစည်း တင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတ ကတိသစ္စာပြုပွဲ အပြီးမှာ ပြောကြားခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ပထမဆုံး မိန့်ခွန်းအပေါ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားပြု NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက အခုလို သုံးသပ်ပါတယ်။

"အရှိန်ကတော့ မြှင့်နိုင်မယ်လို့ကျနော်မျှော်လင့်တယ် ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်သက်တမ်းမှာ ဥက္ကဋ္ဌအနေနဲ့ ဖြတ်သန်းတဲ့အခါမှာ ပြဿနာမျိုးစုံကိုလည်း ကြားသိနေတယ်။ ဝန်ကြီးဌာနတွေရဲ့ဖြေဆိုမှုတွေအပေါ်မှာလည်း ကြားသိနေရတယ်။ နောက်တိုင်းပြည်မှာဖြစ်နေတဲ့ ဒီလယ်ယာမြေနဲ့ ပြဿနာတွေပေါ်မှာလည်း တရားရုံးတွေက လယ်သမားတွေကို ထောင်ချတဲ့အပေါ်မှာလည်း သူအလေးပေးပြောနေတယ်။ နောက်ဒီကနေ့ သမ္မတအခြေပြုမိန့်ခွန်းကို ကျနော်တို့ လေ့လာသုံးသပ်တဲ့အခါမှာ တရားစီရင်ရေးကိုလည်း ပြုပြင်ပြောင်းလဲဖို့အစီအစဉ်ရှိတယ်။ နောက်ပြီးတော့ အဂတိတိုက်ဖျက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်မယ်။ ဖွဲ့စဉ်းပုံ အခြေခံဥပဒေအတွက်လည်းဆောင်ရွက်မယ် နောက်လူတွေရဲ့ လူမှုဘဝ မြင့်တင်တဲ့ဆောင်ရွက်မှုတွေ လူတွေရဲ့ ကြီးစားမှုတွေကိုလည်း သူဆောင်ရွက်မယ်ဆိုတဲ့ သမ္မတရဲ့ အခြေပြုမိန့်ခွန်းကြားရတဲ့အခါမှာ ကျနော်တို့ ရှေ့သွားမယ့် အလားအလာအပေါ်မှာ အကောင်းမြင်သဘောမျိုးနဲ့ ကြည့်ရင်တော့ မျှော်လင့်အားထားနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။"

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) ကိုယ်စားပြု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းကလည်း သမ္မတသစ်ရဲ့ မိန့်ခွန်းနဲ့ အနာဂတ် အစိုးရရဲ့အပေါ် သူ့အမြင်သဘောထားကို အခုလို ပြောပြပါတယ်။

"ကောင်းပါတယ် မိန့်ခွန်းက တော်တော်ပြည့်စုံပြီးတော့ ပြည်သူတွေအတွက်လည်း HOPE ပေါ့နော် ကျနော်တို့အတွက်လည်း HOPE ။ ဒါပေမယ့် ကျနော်တို့မျှော်လင့်တဲ့အတိုင်း တိုင်းပြည်တိုးတက်ဖို့အတွက် ဆက်လုပ်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် ကြည့်ရမှာပေါ့နော်။ ဒါလေးပြောချင်တယ် ကောင်းတယ် သို့သော်လည်း Implementation ကအရေးကြီးဆုံးပဲ benefits for the people အဲဒါအရေးကြီးတယ်။ ဦးဝင်းမြင့်အနေနဲ့ လုပ်နိုင်မယ်လို့ယူဆတယ်။ အခြားကန့်သတ် ချက်တွေလည်း ရှိလာနိုင်တယ်လို့လည်း ကျနော်မြင်နေတယ်။ invisible factors တွေအများကြီးရှိတဲ့အတွက်ကြောင့် ဦးဝင်းမြင့်ကို ယုံကြည်တယ်။ တိုးတက်အောင်လုပ်မယ်လို့ ဒါပေမယ့်လို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။"

တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း သူတို့ရဲ့ အမြင် သဘောထားတွေကို အခုလို ပြောပြကြပါတယ်။

"တိုင်းပြည်ကောင်းဖို့အတွက်ပြောတဲ့ မိန့်ခွန်းလို့ပဲ ကျနော်မြင်ပါတယ်။ ဒါကိုယ့်နိုင်ငံရဲ့ သမ္မတပဲ ကိုယ်တို့တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်ရမှာပေါ့နော်။ နိုင်ငံတော်က ပေးတဲ့ ၊ တပ်မတော်ကပေးတဲ့ အမိန့်နဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်။"

NLD ပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အတွင်းက ရှူပ်ထွေးနေတဲ့ အခြေအနေတွေ အနည်းနဲ့ အများ ပြေလည် သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"အခြေအနေအရကတော့ အားလုံးလည်းသိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ကာလတွေကတော့ အင်မတန် ရှုပ်ထွေးပါတယ်။ ရှုပ်တယ်ဆိုတဲ့နေရာမှာလည်း တကယ်အဖြစ်အမှန်တွေအနေနဲ့ အပြင်မှာ သိနေတဲ့ အနေအထားတွေ ၊ နားလည်မှုတွေ၊ လွဲမှားမှုတွေက အများကြီးရှိခဲ့တယ် အဲဒါတော့ ဒါတွေကလည်း တဖြေးဖြေးနဲ့ တကယ်ဖြစ်ခဲ့တဲ့ အနေအထားတွေ လက်ရှိအခြေအနေတွေ ဒါတွေကို တဖြေးဖြေးနဲ့ နားလည်လာတယ်။ သိလာတာနဲ့အမျှ ကျနော်တို့ရဲ့ ခုနပြောတဲ့ ရှုပ်ထွေးမှုတွေက တဖြေးဖြေးပျောက်လာမယ်လို့ ကျနော်ဒီလိုပဲ ယုံကြည်တယ်။ ဒီအပေါ်မှာအခု နိုင်ငံတော်သမ္မတအသစ်ရဲ့ ဆောင်ရွက်မှုတွေက တကယ်ကို စွမ်းဆောင်နိုင်မယ့်အနေအထားတွေ ရှိတဲ့အတွက်ကြောင့် တဖက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာရဲ့လက်ခံမှုအပေါ်မှာ လိုက်မယ်ဆိုရင် ရခိုင်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေဟာ အနှေးနဲ့အမြန် ပြေလည်မယ်လို့ ယုံကြည်ပါတယ်။"

ဒါကတော့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်က တိုင်းပြည်ကို ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမြင် အသီးသီးကို စုစည်း တင်ပြပေးခဲ့တာ ဖြစ်ပါတယ်

XS
SM
MD
LG