သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစား စစ်အရာရှိတွေ ရွေးကောက်ပွဲဝင်ခြင်းအပေါ် စိုးရိမ်မှုတိုး


တပ်မတော်ကအငြိမ်းစားယူပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း
တပ်မတော်ကအငြိမ်းစားယူပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း

ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တွေကို တပ်မတော်က အငြိမ်းစားပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစားယူခွင့် ပြုကြောင်း ကြေညာချက်ကို မနေ့ထုတ်သတင်းစာတွေဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလို တပ်မတော်အရာရှိကြီးတွေကို အငြိမ်းစားပေးပြီး ပြည်ခိုင်ဖြိုးပါတီမှာ ရွေးကောက်ပွဲဝင်နေတဲ့အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်က ကြားနေပါမလားဆိုပြီး မေးခွန်းထုတ်တာတွေရှိနေပါတယ်။ ဒီအပေါ် အမြင်သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ဟာ တပ်မတော်ကိုယ်စားလှယ်အဖြစ်ကနေ ဝန်ကြီးချုပ်တာဝန်ကို ခန့်အပ်ထားသူတွေဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာတော့ သူတို့ နှစ်ဦးကို တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစား ပေးပြီး ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမျိုးသားလွှတ်တော်တွေကနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ခံဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခုလိုပြောပါတယ်။

“ကျနော်လည်း အခုဆိုရင်တော့ အမ်းမြို့နယ်၊ ပြည်နယ်လွတ်တော်မှာယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။ ကျနော် ဒုတိယဝန်ကြီးဘဝက တိုင်းရင်းသားရေးရာတာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ တိုင်းရင်းသားရေးရာ Sub ကော်မတီ ဥက္ကဋ္ဌပါ။ တိုင်းရင်းသားအားလုံးကိုယ်စား ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ သွားရောက်ဖြေရှင်းဖို့ နိုင်ငံတော်က တာဝန်ပေးခဲ့ပြီးတော့မှ တိုင်းရင်းသားအားလုံးအတွက် ဆောင်ရွက်နေတာကနေ ယနေ့တော့ ရခိုင်အမျိုးသားတခုအတွက်ပဲ အရေးကြီးလို့ ကျနော်တာဝန်ထမ်းဆောင်နေတာပါ။ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကတော့ ယနေ့ ပြည်သူတွေပေါ်မှာ မှုတည်နေပါတယ်။ ပြည်သူတွေက တည်ငြိမ်မှုလိုချင်ရင် တည်ငြိမ်မှာပေါ့။ တည်ငြိမ်မှုကို မလိုဘူးဆိုရင်လည်း ယနေ့ Message တည့်တည့်ပဲပြောပါတယ်။ စကားကို လှအောင်မပြောဘူး။ အနာဂတ်က လူထုလက်ထဲမှာရှိတယ်။ ဘာဖြစ်ချင်တာလဲ။ ကျနော်တို့အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပါလို့ ကျနော်ဒီလိုပဲ Message ပေးပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၀ နီးပါး ရွေးကောက်ပွဲဝင်ဖို့ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို တပ်မတေ်ာအရာရှိကြီးတွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတာဟာ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုတင်သွင်းပြီးချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လောလောဆယ် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတဲ့အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ သတင်းစာဆရာတဦးလည်းဖြစ်တဲ့ ဦးဇော်သက်ထွေးက အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ USDP ထဲက အင်အားစုတချို့က ပါတီရဲ့ထိပ်ပိုင်းနေရာ ဖယ်ရှားခံလိုက်ရပြီးနောက်မှာ တပ်မတော်နဲ့ USDP ပါတီက ပိုပြီးကျောချင်းကပ်သွားပြီလို ကျနော့်အနေနဲ့တွေ့မြင်နေရပါတယ်။ အဲဒီလို ကျောချင်းကပ်သွားတဲ့အခြေအနေမှာ ပါတီကိုယ်စားပြု ဝင်ရောက်ဖို့အတွက် ကိုယ်စားလှယ်တွေရွေးချယ်တဲ့အခါမှာ တပ်မတော်က အငြိမ်းစားယူတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အတော်များများကို ပါတီ Flag နဲ့ဝင်နိုင်အောင်လို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ့ရတယ်။ အခုဆိုရင် လက်ရှိဝန်ကြီးချုပ်တွေကို အနားယူပြီး ဝင်ခိုင်းတာ၊ နောက် တပ်မတော်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေကို ဝင်ခိုင်းတာတွေက နောက်လာမယ့် အစိုးရသက်တမ်းမှာ တပ်မတော်က လွမ်းမိုးတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖြစ်ဖို့ကြိုးစားတဲ့ ကိစ္စတွေပဲလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

တပ်မတော်အရာရှိကြီး အငြိမ်းစားယူပြီးပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်အရွေးခံတာကြောင့် တပ်မတော်က ရွေးကောက်ပွဲမှာ သမာသမတ်ရှိရှိ ကြားနေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၀ ခုနှစ်မှာ တပ်မတော်ကခေါင်းဆောင်တွေ ဦးစီးတည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ လက်ရှိ အတိုက်အခံပါတီဘက်က အခြေအနေကို တွက်ဆပြီး အင်အားဖြည့်တဲ့သဘောလို့ ယူဆကြောင်း စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

“တဘက်က NLD က အင်အားကြီးနေတယ်။ ပြည်သူကလည်း NLD ကို ယုံကြည်တဲ့အချက်လေးတွေက ရှိနေတော့ သူတို့လည်းပြင်ဆင်မှုတွေ အများကြီး ဖြစ်လာစရာအကြောင်းရှိတာပေါ့လေ။”

တပ်မတော်ခေါင်းဆောင်တွေ အခုလို ပါတီနိုင်ငံရေးမှာ ပါဝင်လာတဲ့အပေါ်မှာတော့ -

“တပ်မတော်အုပ်ချုပ်ရေးက တရားမျှတမှုဘက်ကို သွားနိုင်တယ်လို့တော့ မဆိုနိုင်ဘူးပေါ့လေ။ ကျန်တဲ့ဟာကတော့ လျှော့မယ်လို့တော့ ကျနော် မထင်သေးဘူး။ တချို့လူတွေကတော့ သူတို့လက်ထဲကို မရသေးတဲ့ အာဏာတွေကို ဆက်ပြီးတော့ လိုချင်တယ်။ အာဏာ ကနေပြီးတော့ ကျန်တဲ့ စီးပွားရေးကပါ ရယူချင်တဲ့ဆန္ဒတွေနဲ့ တိုးလုပ်မယ်ဆိုရင်တော့ ဆက်ပြီးတော့ တိုင်းပြည်ကြီးက ဒုက္ခရောက်မယ် ထင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပြည်ခိုင်ဖြိုးပါတီဟာ အရင်ချမှတ်ထားတဲ့ မူဝါဒတွေက ပြောင်းလဲမယ့် အခြေအနေ မရှိကြောင်းလည်း သုံးသပ်ပြောဆိုပါတယ်။

“ကြံ့ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားတွေဟာ ဘောင်းဘီချွတ်ပြီးဝင်ကြတာဟာ ကြံ့ခိုင်ဖြိုးပါတီကို ပြန်ပြီးတော့ သူတို့ မူဝါဒ တည့်မှန်အောင်ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာကို ကျနော်တို့ ထင်သာမြင်သာရှိပါတယ်။”

ဒီလို တပ်မတော်က နိုင်ငံရေးအပေါ်မှာ ဆက်လက်လွှမ်းမိုးမယ့် အခြေအနေတွေကြောင့် လာမယ့်အထွေထွေရွေးကောက်ပွဲဟာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ ခက်ခဲမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်ဟာ ရွေးကောက်ပွဲမှာဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလက်ခံမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကနေတဆင့် အာမခံ ပြောဆိုထားပါတယ်။

XS
SM
MD
LG