သုံးရလွယ်ကူစေသည့် Link များ

SEA GAMES ငွေတံဆိပ်ရ မြန်မာ U 23 အသင်း အပေါ် ပရိသတ်အမြင်


ငွေတံဆိပ်ဆုရ မြန်မာ U23 အသင်း (ဓာတ်ပုံ-Myanmar Football Federation)

စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့ကကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် အသက် ၂၃ နှစ်အောက် U23 ဆီးဂိမ်း ဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာဘောလုံးအသင်းအနေနဲ့ ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခက်အခဲတွေကြားက မြန်မာဘောလုံးအသင်းအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးပမ်းခဲ့ကြသလဲဆိုတာကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

မနေ့က ကျင်းပတဲ့ ဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာဘောလုံးသမားလူငယ်တွေရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံမှာ မြန်မာဘောလုံးအသင်းနဲ့အတူရှိနေတဲ့ အသင်းရဲ့လက်ထောက်နည်းပြ ဦးမြင့်ကိုက ဗွီအိုအေကို အခုလိုပြောပါတယ်။

“စပြိုင်ကတည်းကိုက ရည်ရွယ်ချက်ကလည်း သူများတွေတော့မသိဘူး၊ ကျနော်တို့ကစားသမားတွေရဲ့ တစိတ်တည်းဖြစ်နေတာက ရွှေရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီအထိ တိုးတက်အောင်လုပ်လာတာပါ။ စင်္ကာပူမှာရှိတဲ့ မြန်မာပရိသတ်ကျေးဇူးတွေ၊ မြန်မာပြည်ကနေ အားပေးတဲ့ပရိသတ်တွေအကုန်လုံးရဲ့အားလည်းပါပါတယ်။ ကျနော်တို့ ကြိုးစားတာရယ်၊ အဲဒီဟာတွေကြောင့် ကျနော်တို့ ဒီအဆင့်ထိရောက်လာတာပါလို့ ပြောချင်ပါတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့-နော်။ လိုချင်တာကတော့ရွှေပေါ့နော်၊ ကျနော်တို့တိုင်းပြည်ကတော သူများတိုင်းပြည်လို မချမ်းသာဘူးပေါ့နော်။ ဒါပေမယ့် ပြည်သူတွေကို ကျနော်တို့က ပြန်ပေးနိုင်တာကတော့ ဒီလိုပျော်တဲ့အပျော်မျိုးလေး ပေးချင်တာပေါ့နော်။ ဒီအထဲမှာမှ မဖြစ် ဖြစ်အောင် ဒါလေးကို ရအောင်ဖန်တီးပြီး ဒီကလေးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ယိုးဒယားတို့- ကျနော်တို့ တော်တော်ကွာတယ်ဗျ။ ကျနော်ထင်တာတော့ ကျနော်တို့ နှစ် ၂၀ လောက် ကွာသွားပြီထင်တာပဲ။ ဘာတွေကွာတာလဲဆိုတော့ လူငယ်ပျိုးထောင်တာ - သူတို့မှာ သက်တမ်းလိုက်ပြီး အများကြီးပဲရှိတယ်။ ကျနော်တို့မှာ အခုမှစပြီးတော့ သက်တမ်းလိုက်လေးတွေ လုပ်ပေးတယ်။ ဥပမာ-သူတို့ဆီမှာ အသင်းတိုင်းမှာကိုက အကယ်ဒမီဆိုတဲ့- သူတို့ရဲ့ plan တွေက အများကြီးဆွဲထားတယ်။ ကျနော်တို့မှာ အဲလိုမျိုးတွေ မဆွဲနိုင်ဘူး။ အဓိက-ကတော့ ကျနော်တို့အခြေခံကတော့ ဒီလို အကယ်ဒမီလိုမျိုးကျောင်းတွေ ဒါမျိုးတွေ လုပ်နိုင်ဖို့အရေးကြီးတယ်။ ကျနော်တို့မှာ အခုက အကယ်ဒမီကျောင်းက မြန်မာနိုင်ငံမှာ … ရဲ့ အကယ်ဒမီကျောင်းတို့၊ ရတနာပုံ အကယ်ဒမီတို့၊ ပုသိမ်အကယ်ဒမီတို့ - သိပ် ဘာမှမှ မရှိသေးပဲ။ တကယ်လည်း အခု လာတာကိုက အောင်သူလိုမျိုး၊ ရှိုင်းသူရလိုမျိုး အဲဒါမျိုး အကယ်ဒမီကထွက်လာတာ ဒါမျိုးလေးတွေ ပေါ်လာတာ ၊ ထွက်လာတာမှ နှစ်နှစ် သုံးနှစ်ပဲရှိသေးတယ်။ ကျနော်တို့တုန်းက ဟိုတုန်းက ရပ်ကွက်တွေကစားတယ်။ မြို့နယ်တွေကစားတယ်။ ကျောင်းသားတွေကစားတယ်။ တိုင်းတွေကစားတယ်။ အခုကျတော့ ကျောင်းသားတိုင်းတို့ဘာတို့တောင် သိပ်ပြီးမလုပ်နိုင်ဘူး။်အခုတော့ တဖြည်းဖြည်းတော့ လုပ်လာပါပြီ။ ဒါမျိုးတွေ များများလုပ်မှ တိုင်းနဲ့ပြည်နယ်မှာ ကစားသမားတွေပိုပြီးတော့ ထွက်လာပါလိမ့်မယ်။ ကျနော်တို့မြန်မာပြည်မှာ အဲလိုမျိုး တိုင်းနဲ့ပြည်နယ်လုပ်ဖို့တင် ကစားတဲ့ကွင်းတွေက လုံလုံလောက်လောက် မရှိဘူး။ နောက်ပိုင်းအချိန်တွေကျ အဲလိုပေါ့ စီးပွားရေးကြောင့် တချို့ကျတော့လည်း မကန်နိုင်တာတို့၊ ဘာတို့အပိုင်းလည်း ပါသွားတာပေါ့။ ကျနော်တို့ ယိုးဒယားတွေနဲ့လည်း အဲဒါတွေ အများကြီးကွာသွားတယ်။ အရေးကြီးတာက ဘောလုံးကွင်း၊ အထောက်အကူပြုပစ္စည်း၊ တကယ့်အရည်အချင်းရှိတဲ့ နည်းပြဆရာ၊ အဲဒါ အများကြီးပဲ။ အဓိကကတော့ စည်းကမ်းပါပဲ။ စည်းကမ်းတွေကို လိုက်နာလို့ရှိရင် ကစားသမားတွေ ဒိထက်မက တိုးတက်မှာပါ။”

နောက်ဆုံးဗိုလ်လုပွဲမှာ ထိုင်းနဲ့မြန်မာဘောလုံးနှစ်သင်းရဲ့ကစားကွက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဂိုးသမားလက်ရွေးစင်ဟောင်း လက်ရှိအမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့ ဦးရင်ထွေးက အခုလိုသုံးသပ်ပါတယ်။

“ပထမပိုင်းကြည့်လိုက်တော့ သရေကစားတယ်။ သူတို့ ခံကစားတယ်၊ ကောင်းပါတယ် သူတို့ခံကစားတာ။ ဘာကြောင့်လဲဆိုတော့ ထိုင်းအသင်းရဲ့ ကစားကွက်က အသင်းလိုက်ကော၊ တယောက်ချင်းရော ဘာမှ ပြောစရာမရှိဘူး။ ကစားကွက်ညက်တယ်။ ပေးတာ ယူတာလေးတွေ ကောင်းတယ်။ ဗမာအသင်းရဲ့နောက်တန်းလေးက နည်းနည်းလေးဟာနေတယ်။ ဟာနေတဲ့အချိန်မှာပဲ ဘောလုံးတွေက ကျွံထွက်တယ်။ ကစားတဲ့အခါကျရင်။ အဲဒါမျိုးအချိန်ကျရင်တော့ ကယ်ခဲ့ပါတယ်၊ ကျနော်တို့ဂိုးသမား ကျော်ဇင်ဖြိုး။ သူကယ်ခဲ့လို့လည်း ပထမပိုင်းမှာ သရေရခဲ့တယ်။ တော်တော်လေး ကောင်းခဲ့လို့ သုံးလုံးလောက်နဲ့ပြတ်တယ်လို့ ပေါ့နော်။ နောက်ဆုံးကျနော်ပြောတာ ရှိုင်းသူရအောင် အရမ်းကောင်းတယ်။ ရှေ့တန်းမှာတိုက်စစ်ဆင်တဲ့ နံပါတ် ၁၉ က သူ့ကို တယောက်ချင်းလာကပ်တယ်။ နောက်တန်းကလူတွေတောင် မကပ်သေးဘူး။ ရှိုင်းသူရအောင်တို့၊ ကောင်းဆက်နိုင်တို့ဘာတို့ တယောက်ချင်းကပ်တဲ့အခါကျတော့ သူတို့မှာ ကစားကွက်တွေ မရှိတော့ဘူး။ ကစားကွက်တွေမရှိတော့ ဘောလုံးကလစ်ဟင်းမှုလေးတွေ ရှိလာတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ပြန်ပြန်ပြီး counter attack လုပ်လိုက်တဲ့အခါကျတော့ ၃ ဂိုးလောက်ကို ကျနော်တို့ရှုံးသွားတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဗမာဘောလုံးလောကလေး နည်းနည်းလေး စန်းပွင့်လာတယ်လို့ မြင်ရပါတယ်ခင်ဗျ။”

အလားတူ ဘောလုံးပွဲကိုသွားရောက်အားပေးခဲ့တဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုပြည့်ကလည်း

“မြန်မာအသင်း ဒီနေ့ကစားပုံ ပထမပိုင်းမှာတော့- ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ပိုင်းခွဲပြီးပြောချင်တယ်ပေါ့နော်။ ပထမပိုင်းမှာ မြန်မာအသင်းက အရင် ဗီယက်နမ်ပွဲထက် ပိုကောင်းခဲ့ပါတယ်။ တည်တည်ငြိမ်ငြိမ်ကစားနိုင်ပါတယ်။ ပထမပိုင်းမှာတော့ ထိုင်းတိုက်စစ်ကို အကောင်းဆုံး ဟန့်တား နိုင်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ဒုတိယပိုင်းမှာကျတော့ ကျနော်ထင်တယ်၊ ထိုင်းနည်းပြအနေနဲ့ သူ ကစားကွက်ပိုင်းဆိုင်ရာမှာနည်းနည်း နည်းပညာပိုင်းတွေ ပြောင်းလဲပြီး သူကစားထားပါတယ်။ ကျနော်တို့ မြန်မာအသင်းကတော့ ပုံမှန်အတိုင်းပဲပေါ့နော်။ လဲစရာလူလည်း သိပ်ပြီး ထွေထွေထူးထူးမရှိတော့ ပုံမှန်အတိုင်းပဲပြန်ကစားခဲ့တယ်။ ဒါပေမယ့် ပွဲစပြီး ကြာလာတာနဲ့အမျှ မိနစ်ခြောက်ဆယ် နောက်ပိုင်းမှာကျတော့ ကစားသမားတွေအားနည်းချက်ကို ထိုင်းက ပိုသိလာပြီး နေရာလွတ်တွေ ဖန်တီးပြီး အကောင်းဆုံး အသုံးချသွားတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အမြင်ပြောရရင်တော့ ဒီလိုအနေအထားနဲ့ ဒီရလဒ်ကို ကျေနပ်ပါတယ်။”

စင်္ကာပူနိုင်ငံမှာ ကွင်းလုံးကျွတ်နီးပါးအားပေးကြတဲ့ ထောင်နဲ့ချီတဲ့မြန်မာပရိသတ်တွေဟာ စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးပွဲကိုအားပေးခဲ့ကြတယ်လို့ ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ မတိုးကပြောပါတယ်။

“နိုင်ငံခြားမှာသွားကန်ရတယ်ဆိုတော့ ဒီမှာလည်း ငါတို့ပရိသတ်တွေ ရှိတယ်၊ ကိုယ့်မြန်မာနိုင်ငံဘက်မှာ အမြဲတမ်းရှိတယ်ဆိုတာကိုလေ အားလုံးက ပြချင်တာ အဓိက။”

မြန်မာနိုင်ငံတော်သီချင်းကို သီဆိုရင်းအားပေးခဲ့တဲ့ မဝေဝေကလည်း

“အဲဒီ ကမ္ဘာမကျေဆိုတဲ့အချိန်မှာဆိုလို့ရှိရင် အကုန်လုံးက ဒရမ်ကို စတီးလိုက်ပြီဆိုတဲ့အခါ ကမ္ဘာမကျေဆိုရမယ်ဆိုတာသိတယ်။တကွင်းလုံး မြန်မာပရိသတ်က ကမ္ဘာမကျေကို တပြိုင်တည်းဆိုတာ။ ရှုံးရှုံးနိုင်နိုင်ပေါ့။ အဲဒီသီချင်းရဲ့စကားလုံးတွေက တလုံးချင်း၊ တလုံးချင်းစီက အဓိပ္ပာယ်ရှိတယ်။ အဲဒီအချိန်မှာ။”

ဒါတွေကတော့ ဆီးဂိမ်းဗိုလ်လုပွဲကို သွားရောက်အားပေးခဲ့ကြတဲ့ မြန်မာပရိသတ်တွေရဲ့တုံ့ပြန်သံတွေပဲဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG