သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု


သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
မြန်မာအစိုးရအဖွဲ့တွင်း ဝန်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ်လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။ ဝန်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့ဆက်တိုးပြီး လုပ်နိုင်တော့မယ့် အလားအလာအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။

အပြောင်းအလဲတွေထဲမှာ အထင်ရှားဆုံးတခုကတော့ သဘောထားတင်းမာသူအဖြစ် အများကမြင်ကြ တဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြောင်းရွှေ့လိုက်တာပါပဲ။ သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်သူက တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအောင်ကြည်ပါ။

အခုအစိုးရအဖွဲ့တွင်း ဝန်ကြီးအပြောင်းအလဲတွေဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အရင် စစ်ကောင်စီထံ ကနေ သမ္မတဦးသိန်းစိန် အစိုးရ အာဏာလွှဲပြောင်းယူခဲ့ကတည်းကဆိုရင် အကြီးမားဆုံးလို့ဆိုရမှာပါ။ အဲဒီအချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးတွေ ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လိုလုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရသလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေက ရုပ်သိမ်း ဆိုင်းငံ့ပေးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို အထူးသဖြင့် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာမရှိပါဘူး လို့ မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ယေဂင် (Larry Jagan) က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြန်နိုင်သမျှမြန်မြန် အတော်လေး အပြင်းအထန်လုပ်ဖို့ သူဟာ သိပ်ကို စိတ်အား ထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အရည်အချင်းမရှိတာ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ဝန်ကြီးတွေမရှိတာ၊ အရည်အချင်း ပြည့်ဝတဲ့ အရပ်ဘက်ဝန်ထမ်းတွေမရှိတာတွေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ သဘောထား တင်းမာ သူတွေကြောင့် သူ့ရဲ့ လုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ ရှေ့ဆက်သွားနိုင်တဲ့ အနေအထား မှာ ရောက်နေပြီလို့ ကျနော်ထင်တယ်။ ရှေ့ဆက် မြင်ရလိမ့်မယ်လို့ ကျနော်ထင်တာကတော့ အစိုးရ အဖွဲ့ထဲမှာ မျက်နှာသစ်တွေ အများကြီး ပါလာမယ်၊ ဒုတိယဝန်ကြီးတွေလိုမျိုး နည်းနည်း နိမ့်တဲ့နေရာတွေမှာပေါ့၊ အဲဒီလူတွေဟာ အသိပညာရှင် အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားတွေဖြစ်ပါလိမ့်မယ်။”

တနင်္လာနဲ့အင်္ဂါနေ့တွေက အပြောင်းအလဲတွေမှာ ဝန်ကြီးကိုးဦးကို ဝန်ကြီးဌာန ပြောင်းရွှေ့ ခန့်ထား တာ၊ ဒုတိယဝန်ကြီး ၁၅ ဦး ခန့်အပ်တာ၊ ဝန်ကြီးနှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို ရာထူး ကနုတ်ထွက်ခွင့်ပြုတာတွေပါဝင်ပါတယ်။ အခု ဝန်ကြီးအပြောင်းအလဲတွေအပေါ် အကောင်းမြင်ကြ သူများပေမဲ့လည်း သမ္မတကိုသာ ယုံကြည်ကိုးစားပြီး ဝန်ကြီးတွေ အပေါ် သိပ်ကြီးမျှော်လင့်ချက် မထားသူမျိုးလည်းရှိပါတယ်။

“သိပ်ပြီး မျှော်လင့်ချက်ကြီးရယ်လို့လည်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကတော့ ကိုယ့်အပေါ် ကို ကောင်းအောင် လုပ်ပေးမှာပဲလေ။ နိုင်ငံတော် သမ္မတကိုတော့ မျှော်လင့်တာပေါ့။ ဒီဝန်ကြီးတွေ အနေနဲ့တော့ ပြောသလောက်ကြီး မျှော်လင့်ချက် မထားပါဘူး။”

ရန်ကုန်မြို့ခံတဦးပါ။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်တွေကို ကြိကြပ်တဲ့အပြင် ပြည်ပ သတင်းထောက်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို စိစစ်ခွင့်ပြုတဲ့ အလုပ်ကို လည်း လုပ်ပါတယ်။ နောက် ရန်ကုန်မြို့ခံတဦး ကတော့ သမ္မတရဲ့ အခုလုပ်ရပ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသလို အခု ပြောင်းရွှေ့ ခန့်ထားလိုက်တဲ့ ဝန်ကြီးတွေအပေါ် မျှော်လင့်ချက် ထားသူလည်းဖြစ် ပါတယ်။

“ကျနော့်အမြင်ကတော့ လူမှန် နေရာမှန်တွေလို့ မြင်လိုက်တယ်။ ဦးကျော်ဆန်းနေရာကိုဝင်သွားတဲ့ ဦးအောင်ကြည်ကို ပိုစိတ်ဝင်စားတယ်ပေါ့နော်။ ဦးအောင်ကြည်အနေနဲ့ကတော့ flexible ဖြစ်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လိုက်တယ်။ အခု နေရာပြောင်းလဲတဲ့ ဝန်ကြီးတွေပေါ့နော်-မဆိုးပါဘူး။ အားလုံး တော်တယ်၊ ကောင်းတယ်လို့ ကျနော်တော့ မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သမ္မတကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ပဲ ကျေးဇူးတင်လိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီဝန်ကြီးတွေက တိုင်းပြည်အတွက် အလွန် အရေးကြီးပါတယ်။ တိုင်းပြည် အတွက် ဆိုတာထက် ပြည်သူအတွက်လို့ ကျနော်တို့က ပိုပြီး ပြောချင်ပါတယ်။

အရေးကြီးတာ ပြည်သူ့ အတွက်ပါပဲ။ အဲဒီအတွက်တော့ ကျနော် တိုတိုနဲ့လိုရင် ပြောလိုက်မယ်ပေါ့- အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီးကို ကျနော်တို့က ဝမ်းမြောက် ဝမ်းသာ ထောက်လည်း ထောက် ခံ လိုက်ပါတယ်။ ကြိုလည်း ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးတွေကိုလည်း ထို့အတူပဲ- ကြိုဆိုပါ တယ်။ ထောက်လည်း ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့- ဒီတာဝန်ယူ လိုက်တဲ့ ဝန်ကြီးတွေက ပြည်သူအတွက် တကယ်ပဲ လေးလေးနက်နက် အလုပ် လုပ်ပေးကြပါလို့- ဒါလေးပဲ ပြောချင်ပါတယ်။”

ဝန်ကြီးနေရာ အပြောင်းအလဲတွေဟာ မပြီးဆုံးသေးဘဲ နောက်ထပ် လာလိမ့်ဦးမယ်လို့ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ခြေလှမ်း မှန်မှန်နဲ့ မြန်မြန် ဆက်လုပ်နိုင်ရင်ဖြင့် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ အခြေအနေ ကနေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် နိုင်ငံ တခု ဖြစ်လာလိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ထားကြပါတယ်ခင်ဗျား။
XS
SM
MD
LG