သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် နှစ်သစ်ကူးမိန့်ခွန်းနဲ့ အမြင်များ


သမ္မတဦးဝင်းမြင့် နှစ်သစ်ကူးမိန့်ခွန်း (ဧပြီ ၁၇-၀၄-၂၀၁၈)
သမ္မတဦးဝင်းမြင့် နှစ်သစ်ကူးမိန့်ခွန်း (ဧပြီ ၁၇-၀၄-၂၀၁၈)

မြန်မာ့ရိုးရာ နှစ်သစ်ကူးနေ့အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဝန်ထမ်းလစာ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ အပါအဝင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစိုးရရဲ့ မူဝါဒတွေနဲ့ မျှော်မှန်းချက်တွေကို ထည့်သွင်းပြောကြားသွားပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကမှ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဝင်းမြင့် ရဲ့ နှစ်သစ်ကူးမိန့်ခွန်းအပေါ် အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာဖြစ်ပါတယ်။

သမ္မတအဖြစ် စတင်တာဝန်ယူဖို့ ပြီးခဲ့တဲ့လကုန်မှာ ကျမ်းသစ္စာကျိန်ဆိုစဉ်က ပြောကြားခဲ့တဲ့ အစိုးရရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို နှစ်သစ်ကူးမိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသွားခဲ့တာပါ။

“အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။”

အများပြည်သူနဲ့ ဝန်ထမ်းတွေ၊ အလုပ်သမား၊ လယ်သမားတွေရဲ့ လူနေမှုဘဝတွေ တိုးတက်လာစေရေး၊ တရားဥပဒေ စိုးမိုးရေး၊ အစိုးရဌာနတွေနဲ့ အုပ်ချုပ်မှုပိုင်းမှာ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး ကိစ္စတွေကို မြှင့်တင်ရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာတွေကိုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းမှာ အလေးပေး ပြောဆိုသွားပါတယ်။

မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း ကတော့ သမ္မတရဲ့ မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ထင်ဟပ်နေတယ်လို့ မြင်ပါတယ်။

"ဒီနေ့ ကျနော်တို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့မိန့်ခွန်းဟာ ယေဘူယျ သုံးသပ်ရမယ် ဆိုရင်တော့ သုံးနှစ်အတွင်း အစိုးရလက်ကျန်သက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးတွေကို အားကောင်းမောင်းသန် ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေ တော်တော်များများ ပါတာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ ကျနော်တို့ပြည်သူလူထု အများစု ထမ်းပိုး ထားရတဲ့ စီးပွားရေးနဲ့ ဝင်ငွေအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း အဲ့တာတွေနဲ့ဆက်စပ်တဲ့ ကတိကဝတ်တွေကိုလည်း ဖော်ပြထားတာတွေ့ရပါတယ် နောက်ပြီးတော့ အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး၊ နောက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဲ့တာတွေနဲ့ပတ်သက်လို့လည်း တော်တော်လေးကို ပြောထားဆိုထားတာတွေ့ရတာကတော့ အားရစရာ ကောင်းတဲ့ မိန့်ခွန်းတခုလို့ပြောလို့ရပါတယ်။"

သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာတော့ ပညာရေးတိုးတက်ဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ရည်မှန်းချက်တွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ရည်မှန်းထားတဲ့ သမ္မတရဲ့ မိန့်ခွန်းအပေါ် ကြိုဆိုခဲ့တာပါ။

" ထူးခြားချက်ကတော့ ကျနော်တို့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်မယ် ဆိုတာကိုတော့ သူ အရင် သမ္မတမိန့်ခွန်းထဲမှာ မပြောထားဘူးခင်ဗျ။ အခုတော့ ထည့်ပြီးတော့ ပြောတဲ့အတွက် အားကောင်းတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကိစ္စတွေ လုပ်မယ်ဆိုရင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ရဲ့ အင်အားတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်လို့မရပါဘူး အဲ့တာကြောင့် လုပ်ဆောင်ဖို့ပြောတဲ့အတွက် ဒါဟာကောင်းတယ်။ နောက်တခုကတော့ မိန့်ခွန်းပြောကြားတဲ့အခါမှာ ပိုမိုပြီးတော့ တိကျတဲ့အကြောင်းအရာတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့အပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် နဲ့သူတွေ့ဆုံပြီးတော့မှ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို နောက်ပြီးတော့ လုပ်ဆောင်မှုကို ပိုမိုပြီးတော့ တွန်းအားပေးတဲ့သဘောကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိတာတော့ သေချာတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုအပိုင်းမှာ အားနည်းနေတာတွေရှိနေတယ်။ အဲ့တာကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ ပိုမိုအားကောင်းအောင် လုပ်နေတယ် လို့ပြောကြားချက်ကိုတော့ ကျနော်တို့ ထူးခြားချက်အနေနဲ့ပြောလို့ရပါတယ်။"

ဒါပေမဲ့လည်း သမ္မတ ဦးဝင်းမြင့် ရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံအတွက် အဓိက စိန်ခေါ်ချက် တချို့နဲ့ ပတ်သက်လို့ ထည့်သွင်း ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း ဒေါက်တာ ရန်မျိုးသိမ်းက ထောက်ပြခဲ့တာပါ။

"တဘက်မှာလည်းကြည့်မယ်ဆိုရင် လက်ရှိကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အဓိက စိန်ခေါ်မှုကြီးတွေလို့ပြောလို့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အခြေအနေ သုံးသပ်ချက် မျှော်လင့်ချက်တွေ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အလားအလာတွေ ဒါတွေကိုတော့ မိန့်ခွန်းထဲမှာ လုံးလုံး မတွေ့ရဘူးဖြစ်နေပါတယ်။ ဒါကိုတော့ စိုးရိမ်စရာ အနေအထားတခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ "

သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာတော့ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ဖို့၊ ပြည်သူ့ဘဏ္ဍာ အလေအလွင့် မရှိအောင် ထိန်းသိမ်းဖို့ စတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်သွားဖို့လည်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG