သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့် လူ့အခွင့်ရေးအဖွဲ့တွေ ဝေဘန် 


လွတ်မြောက်လာတဲ့ သမီးဖြစ်သူကို အင်းစိန်အကျဉ်းထောင်ရှေ့ ဖက်ပြီးကြိုဆိုနေတဲ့ မိခင်တဦး (အောက်တိုဘာလ ၁၈၊ ၂၀၂၁)
လွတ်မြောက်လာတဲ့ သမီးဖြစ်သူကို အင်းစိန်အကျဉ်းထောင်ရှေ့ ဖက်ပြီးကြိုဆိုနေတဲ့ မိခင်တဦး (အောက်တိုဘာလ ၁၈၊ ၂၀၂၁)

စစ်ကောင်စီက သူတို့ ဖမ်းဆီးထားသူတွေကို တနင်္လာနေ့က ခံဝန်နဲ့ ပြန်လွှတ်တဲ့ လုပ်ရပ်ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သူတို့အပေါ်ရှိနေတဲ့ သဘောထားနဲ့ ဖိအားတွေ ပြောင်းလဲသွားဖို့မရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တုန့်ပြန်ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီအဖမ်းခံရသူတွေထဲ မနေ့က ၁၃၀၀ ကျော်ကို ခံဝန်နဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာကြောင့် မကြာခင်ကျင်းပတော့မယ့် ထိပ်သီးစည်းဝေးပွဲနဲ့ ပတ်သက်လို့ အာဆီယံသဘောထား အပြောင်းအလဲရှိမလား။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ။ HRW နဲ့ Progressive Voice တို့က တာဝန်ရှိသူတွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလို့ ဖမ်းဆီး ပြစ်ဒဏ်ချခံထားရတဲ့ အကျဉ်းသား ၁၃၀၀ ကျော်ကို တနင်္လာနေ့က ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြူလိုက်သလို အမှုရင်ဆိုင်နေရာသူ လေး ထောင်ကျော်ကိုလည်း အမှုတွေ ပိတ်သိမ်းပြီး လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပါတယ်။ အခုလိုလွှတ်ပေးသူတွေထဲ သတင်းသမားတချို့ပါဝင်ပေမယ့် အင်းစိန်ထောင်မှာ လပေါင်းများစွာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster လွတ်မြောက်ဖို့ရှိမရှိ မသိရသေးဘူးလို့ သူ့ရှေနေ ဦးသန်းဇော်အောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် Danny Fenster ကိုလွှတ်ပေးဖို့ မျှော်လင့်ကြောင်းလည်း သူက အခုလို ပြောပါတယ်။

"ကြေညာချက်အရဆိုရင်တော့ လူသတ်၊ လုယက်၊ မီးရှို့၊ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှုတွေကလွဲပြီး ဆန္ဒပြမှုနဲ့နွယ်တဲ့ဟာတွေ လွှတ်ပေးမယ်ဆိုတော့ Danny Fenster ကတော့ ပါမယ်လို့ ကျနော်ထင်ပါတယ်။ အခုကတော့ စာရင်း အကုန်မရသေးတော့ ကျန်တာကတော့ ပြောဖို့ခက်တယ်။"

အခုလို စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးတဲ့လုပ်ရပ်ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ အသိုင်းအဝိုင်းရော သဘောထားပြောင်းလဲဖို့ရှိမလား။ အာဆီယံလူထုအခြေပြုအဖွဲ့ဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ မခင်ဥမ္မာရဲ့ အမြင်ကတော့-

"အာဆီယံက အခုလို ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ကိစ္စဟာ လွယ်လွယ်ကူကူဆုံးဖြတ်ထားတာ မဟုတ်ဘူး။ နဂိုကတည်းက အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့ မူနဲ့ ပဲရပ်တည်မယ်ဆိုပြီး လက်ခံကျင့်သုံးနေတဲ့ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီမူအပေါ်မှာ ရပ်တည်နေတဲ့ကြားထဲကမှ အခုလိုမျိုး အင်မတန် နိုင်ငံရေးအရ ကြီးလေးတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်ဆိုတာက အစကတည်းက အဖမ်းမခံရသင့်တဲ့သူတွေကို ကောက်လွှတ်ပေးလိုက်လို့ သူတို့ဘက်ကလည်း ကလေးတွေလိုမျိုး ရပါတယ်၊ ခင်ဗျားတို့ကို အစည်းအဝေးပေးတက်လိုက်တော့မယ်ဆိုတာမျိုးတော့ လုပ်လို့မရဘူးပေါ့နော်။ သူ့မှာရော၊ နိုင်ငံတကာမှာ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဂုဏ်သိက္ခာတွေရှိတယ်။ အာဆီယံက အရင်ကတည်းက မြန်မာစစ်တပ်ကိုနှစ်ပေါင်းများစွာက အကာအကွယ်ပေးတယ်ဆိုတာမျိုးကို နိုင်ငံတကာနဲ့ ကျမတို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအားလုံးက တောက်လျောက်ပြောလာတာ၊ သူတို့ခံလာခဲ့ရတာလည်း ကြာပြီ။ အဲတော့ ဒီတခေါက်မှာတော့ ကမ္ဘာသိမြင်ထားတဲ့ အကြမ်းဖက်မှုတွေအောက်မှာ သူတို့က လူသတ်သမားတွေ၊ သွေစွန်းတဲ့လက်တွေကို ဆက်ပြီးတော့မှ လက်ဆွဲနှုတ်ဆက်ပြီး ပေးတက်မယ်ဆိုရင် အာဆီယံကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ပါ အာဆီယံက မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ကို အားလုံးကို ဝန်းရံပြီး သူတို့ကို ပံ့ပိုးထားတဲ့ အနေအထားမှာ သူတို့ဘက်က ဂုဏ်သိက္ခာကို အကျခံမှာ မဟုတ်ဘူးလို့ ကျမမြင်တယ်။"

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးတာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲက တချို့ ကို လိုက်နာတယ်လို့ရော မြင်ပါသလားလို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကိုမေးကြည့်ပါတယ်။

"မမြင်ပါဘူး။ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လုံးဝလိုက်နာတယ်လို့ မထင်ပါဘူး။ ဒါက သူတို့ သုံးနေကျ နည်းဗျူဟာတခုပါ။ သူတို့ ထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ်မှာ စစ်ခေါင်းဆောင်တွေ အံသြသွားပုံရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အပေါ် ထိထိရောက်ရောက်နဲ့ ဖိအားပေးခြိမ်းခြောက်ခံရတာမျိုး စစ်ကောင်စီက မကြုံခဲ့ရပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်မှုတွေကလည်း သူတို့ကို ခြိမ်းခြောက်တဲ့ အဆင့်တောင် မရောက်ပါဘူး။ ဒါပေမယ့် အခုတော့ သူတို့ တွက်ချက်တာမှားသွားပြီလို့ စစ်ကောင်စီက သိသွားတယ်လို့ထင်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေကို လွှတ်ပေးတာဟာ သူတို့ အရင်က လုပ်နေတဲ့ နည်းအတိုင်းဖြစ်ပါတယ်။ နောက်ပြီး လွှတ်ပေးတဲ့နေရာမှာလည်း ခံဝန်နဲ့ လွှတ်ပေးတာဖြစ်တဲ့အတွက် အချိန်မရွေးပြန်ပြီး အဖမ်းခံရနိုင်ပါတယ်။ အာဆီယံရဲ့ဘုံသဘောတူညီချက်ကို အားလုံးသိပါလိမ့်မယ်။ အဓိက အဲဒီသဘောတူညီချက်မှာ ပါတာက NLD အပါအဝင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးနဲ့ အလေးအနက်ထားဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဒီဘုံသဘောတူညီချက်တွေကို လိုက်နာတင်လို့ ကျနော်မမြင်ပါဘူး။"
အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးနေတဲ့ အခြေအနေကို ကုလသမဂ္ဂဘက်ကလည်း အနီးကပ်စောင့်ကြည့်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကိုချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကထပ်မံ တိုက်တွန်းထားပါတယ်။

------------------------









XS
SM
MD
LG