သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးတုံးသတ္ျဖတ္မႈ ကန္ေၾကညာခ်က္ အေပၚတုံ႔ျပန္မႈတခ်ိဳ႕


US-DIPLOMACY-BLINKEN

႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ ျမန္မာစစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့ေၾကာင္း အေမရိကန္ျပည္ေထာင္စုရဲ႕ သတ္မွတ္ေၾကညာခ်က္ဟာ စစ္ေခါင္းေဆာင္ေတြအေပၚ ႏိုင္ငံတကာဥပေဒအရ အေရးယူဖို႔ လုပ္ေဆာင္ရာမွာ ပိုၿပီးအားေကာင္းေစေၾကာင္း ျမန္မာ့အေရးလႈပ္ရွားေနသူေတြက ဗြီအိုေအကိုေျပာပါတယ္။
တဖက္မွာလည္း စီးပြားေရးအရ ျပင္းထန္တဲ့ ပိတ္ဆို႔အေရးယူမႈေတြကို လက္ေတြ႕က်က် ပိုၿပီးလုပ္ေဆာင္သင့္ေၾကာင္းလည္း HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးကဆိုပါတယ္။
ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစုံကို ေျပာျပမွာပါ။

ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားထု အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို ျမန္မာစစ္တပ္က က်ဴးလြန္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက မေန႔ တနလၤာေန႔က တရားဝင္ ဆုံးျဖတ္လိုက္ပါၿပီ။ အေမရိကန္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ကလည္း အရင္ သမၼတ ထရမ့္လက္ထက္ကတည္းက အေမရိကန္အစိုးရရဲ႕ မူဝါဒ အျဖစ္ ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတာကို ေၾကညာဖို႔ ႏွစ္နဲ႔ခ်ီ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

အခု လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ ႐ိုဟင္ဂ်ာေတြအေပၚ စစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္ဆိုတာကို ႏိုင္ငံျခားေရးဝန္ႀကီး Blinken ကိုယ္တိုေၾကညာဖို႔ ဝါရွင္တန္ၿမိဳ႕ေတာ္ Holocaust ျပတိုက္မွာ မေန႔က အခမ္းအနား စီစဥ္ခဲ့တာျဖစ္တယ္လို႔ ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ Women Peace Network ကို တည္ေထာင္သူ မေဝေဝႏုက က ဗြီအိုေအကိုေျပာပါတယ္။


ျမန္မာႏိုင္ငံမွာ ဂ်ီႏိုဆိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈကို က်ဴးလြန္ခဲ့တယ္ဆိုတဲ့ အေမရိကန္အစိုးရရဲ႕တရားဝင္အသိအမွတ္ျပဳေၾကညာခ်က္ဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ႏိုင္ငံတကာဥပေဒနဲ႔ အေရးယူဖို႔ ႀကိဳးပမ္းခ်က္ေတြမွာ အေထာက္အကူျဖစ္ေစတယ္လို႔ မေဝေဝႏုက တဆက္တည္းေျပာပါတယ္။


႐ိုဟင္ဂ်ာမြတ္စလင္ေတြသာမဟုတ္ပဲ တိုင္းရင္းသားလူမ်ိဳးစုေဒသေတြမွာ ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္မႈေတြ၊ စစ္ရာဇဝတ္မႈနဲ႔ လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈေတြ စတဲ့ စြပ္စြဲခ်က္ေတြကို ထုတ္ေဖၚဖို႔အတြက္လည္း အခုလို အေမရိကန္အစိုးရရဲ႕ ေၾကညာခ်က္ဟာ အေထာက္အကူျဖစ္ေစတယ္လို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ နည္းပညာဝန္ႀကီး ဦးထင္လင္းေအာင္ ကဗြီအိုေအကိုေျပာပါတယ္။


အေမရိကန္အစိုးရအေနနဲ႔ ေၾကညာခ်က္ထုတ္ျပန္သလို လက္ေတြ႕အရလည္း ထိေရာက္မႈရွိတဲ့ အေရးယူေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ဖို႔ လိုအပ္ေနေၾကာင္း နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ အာရွ မူဝါဒေရးရာ ၫြန္ၾကားေရးမႉး John Sifton က ဗြီအိုေအကိုေျပာပါတယ္။

"တရားဥပေဒေၾကာင္းအရ ခ်က္ခ်င္းတိုက္႐ိုက္သက္ေရာက္မႈေတာ့ မရွိပါဘူး။ ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုက ဘာေၾကာင့္ ဒီထက္ပိုၿပီး မလုပ္တာလဲဆိုတဲ့ ေမးခြန္းထုတ္ဖို႔ အေျခအေနကို ဖန္တီးေပးသလိုျဖစ္ေနပါတယ္။ ဒီထက္ပို ထိေရာက္တဲ့ The Heague မွာရွိတဲ့ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးကေန ျမန္မာ့အေရးကိုင္တြယ္ဖို႔ ကိစၥကို နယူးေရာက္မွာရွိတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ဘာလို႔ တင္သြင္းေဆြးေႏြးတာမ်ိဳး မလုပ္တာလဲ။ ႐ုရွားပဲျဖစ္ျဖစ္၊ တ႐ုတ္ပဲျဖစ္ျဖစ္ ဗီတိုအာဏာ သုံးၿပီး ဟန႔္တားမယ္ဆိုရင္ေတာင္ ICC ကိုလြဲွေျပာင္းေပးဖို႔ဆိုတဲ့ ကိစၥကို လုံၿခဳံေရးေကာင္စီမွာေဆြးေႏြးတဲ့ အဆင့္ထိေရာက္သင့္ပါတယ္။ ျမန္မာစစ္ေကာင္စီလုပ္ရပ္ေတြကို ရာဇဝတ္က်ဴးလြန္မႈအျဖစ္ အဖြဲ႕ဝင္ႏိုင္ငံအမ်ားစုကရႈျမင္ၾကတယ္ဆိုတာ စစ္ေခါင္းေဆာင္ေတြကို သတိျပဳမိေစဖို႔ျဖစ္ပါတယ္။"

တကယ္လို႔ လုံၿခဳံေရးေကာင္စီမွာ မေအာင္ျမင္ဘူးဆိုရင္ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာအေပၚ လက္နက္ေရာင္းခ်မႈ ပိတ္ပင္ေရး ကို ပိုၿပီးအားေကာင္းခိုင္မာေစတဲ့ဆုံးျဖတ္ခ်က္အသစ္ ခ်မွတ္ႏိုင္ေရးကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဦးေဆာင္သင့္တယ္လို႔လည္း John Sifton ကေျပာပါတယ္။

ဒါအျပင္ အေမရိကန္ျပည္ေထာင္စုအပါအဝင္ အျခားႏိုင္ငံအေတာ္မ်ားမ်ားမွာ Universal Jurisdiction ႏိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈမွန္သမွ် ကမာၻ႔ေနရာတိုင္းမွာ စုံစမ္း စီရင္ပိုင္ခြင့္ ဥပေဒကို ျပဌာန္းထားၾကပါတယ္။ ဒါေၾကာင့္ ဂ်ီႏိုဆိုက္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဆိုင္ရာ ဥပေဒ ျပဌာန္းထားတဲ့ အေမရိကန္အေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ တရား႐ုံးေတြမွာ တရားစြဲဆို စီရင္ပိုင္ခြင့္ရွိသလို၊ ဥပေရာပႏိုင္ငံေတြမွာလည္း အလားတူ ဥပေဒမ်ိဳး ရွိေနတယ္လို႔ John Sifton ကဆိုပါတယ္။

"ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အဓိကလုပ္ေဆာင္ရမယ့္အခ်က္ကို ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ဒီေန႔မွာ မေျပာခဲ့ပါဘူး။ အဲဒါကေတာ့ ဒီကေန႔အထိ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို လုပ္ေဆာင္ေနတဲ့ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔စစ္တပ္အေပၚမွာ ပိုမို ျပင္းထန္တဲ့ စီးပြားေရး ပိတ္ဆို႔အေရးယူမႈေတြလုပ္ဖို႔ျဖစ္ပါတယ္။ စစ္တပ္အတြက္ သဘာဝဓါတ္ေငြ႕၊ သတၱဳ၊ ေက်ာက္မ်က္ရတနာနဲ႔ သစ္ ေတြကို ေရာင္းခ်တဲ့ အျမတ္ဝင္ေငြဟာ အျပင္ကေန တႏွစ္ကို ေဒၚလာ သန္းရာနဲ႔ခ်ီရရွိေနတာပါ။
ျမန္မာစစ္ေကာင္စီအေနနဲ႔ စစ္တပ္ကို ထပ္ၿပီးေထာက္ပံ့ဖို႔ ေငြေတြကို အသုံးမျပဳႏိုင္ဖို႔အတြက္ သူတို႔ရဲ႕ဝင္ေငြလမ္းေၾကာင္းျဖစ္တဲ့ ေဒၚလာနဲ႔ ယူ႐ိုေငြေတြကို တားျမစ္ဖို႔ ျပင္ပမွာ အပ္ႏွံအသုံးျပဳေနတဲ့ သူတို႔ဘဏ္စာရင္းအေကာင့္ေတြကို ပိတ္ဆို႔အေရးယူရမွာျဖစ္ပါတယ္။ ဒါေတြဟာ အခုခ်က္ျခင္းျပဳလုပ္ႏိုင္တဲ့ ျပစ္ဒဏ္ေတြျဖစ္သလို လုပ္ဖို႔လည္း လိုအပ္ေနပါတယ္။"

၂၀၁၇ခုႏွစ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာလက္နက္ကိုင္အဖြဲ႕အေပၚ နယ္ေျမရွင္းလင္းမႈဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျမန္မာစစ္တပ္က အင္အားအလြန္အကြၽံသုံးၿပီး ႏွိမ္နင္းခဲ့တာေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ထြက္ေျပးခဲ့ၾကရတာျဖစ္ပါတယ္။ ဒီလုပ္ရပ္နဲ႔ပတ္သက္လို႔ ကုလသမဂၢစုံစမ္းစစ္ေဆးေရးမႉးေတြက စစ္တပ္အေနနဲ႔ ရည္႐ြယ္ခ်က္ရွိရွိ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္အစိုးရကေတာ့ အဲဒီအခ်ိန္က ethnic cleansing လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားမႈအျဖစ္သတ္မွတ္ခဲ့ၿပီးေနာက္မွ အခုလို ျမန္မာစစ္တပ္အေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈ အျဖစ္ တရားဝင္ဆုံးျဖတ္ေၾကညာခဲ့တာျဖစ္ေၾကာင္း HRW ရဲ႕ မေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာစစ္ေကာင္စီကေတာ့ အေမရိကန္အစိုးရရဲ႕ ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ တုံ႔ျပန္ဖို႔ အေၾကာင္းမရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါတယ္။

================

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကန်ကျေညာချက် အပေါ်တုံ့ပြန်မှုတချို့


ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ သတ်မှတ်ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာဥပဒေအရ အရေးယူဖို့ လုပ်ဆောင်ရာမှာ ပိုပြီးအားကောင်းစေကြောင်း မြန်မာ့အရေးလှုပ်ရှားနေသူတွေက ဗွီအိုအေကိုပြောပါတယ်။
တဖက်မှာလည်း စီးပွားရေးအရ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို လက်တွေ့ကျကျ ပိုပြီးလုပ်ဆောင်သင့်ကြောင်းလည်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးကဆိုပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်း အမေရိကန်ပြည်ထောင်စုက မနေ့ တနင်္လာနေ့က တရားဝင် ဆုံးဖြတ်လိုက်ပါပြီ။ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်ကလည်း အရင် သမ္မတ ထရမ့်လက်ထက်ကတည်းက အမေရိကန်အစိုးရရဲ့ မူဝါဒ အဖြစ် မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတာကို ကြေညာဖို့ နှစ်နဲ့ချီ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အခု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး Blinken ကိုယ်တိုကြေညာဖို့ ဝါရှင်တန်မြို့တော် Holocaust ပြတိုက်မှာ မနေ့က အခမ်းအနား စီစဉ်ခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Women Peace Network ကို တည်ထောင်သူ မဝေဝေနုက က ဗွီအိုအေကိုပြောပါတယ်။


မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့တရားဝင်အသိအမှတ်ပြုကြေညာချက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ ကြိုးပမ်းချက်တွေမှာ အထောက်အကူဖြစ်စေတယ်လို့ မဝေဝေနုက တဆက်တည်းပြောပါတယ်။


ရိုဟင်ဂျာမွတ်စလင်တွေသာမဟုတ်ပဲ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုတွေ စတဲ့ စွပ်စွဲချက်တွေကို ထုတ်ဖေါ်ဖို့အတွက်လည်း အခုလို အမေရိကန်အစိုးရရဲ့ ကြေညာချက်ဟာ အထောက်အကူဖြစ်စေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ကဗွီအိုအေကိုပြောပါတယ်။


အမေရိကန်အစိုးရအနေနဲ့ ကြေညာချက်ထုတ်ပြန်သလို လက်တွေ့အရလည်း ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှ မူဝါဒရေးရာ ညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကိုပြောပါတယ်။

"တရားဥပဒေကြောင်းအရ ချက်ချင်းတိုက်ရိုက်သက်ရောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ဘာကြောင့် ဒီထက်ပိုပြီး မလုပ်တာလဲဆိုတဲ့ မေးခွန်းထုတ်ဖို့ အခြေအနေကို ဖန်တီးပေးသလိုဖြစ်နေပါတယ်။ ဒီထက်ပို ထိရောက်တဲ့ The Heague မှာရှိတဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ မြန်မာ့အရေးကိုင်တွယ်ဖို့ ကိစ္စကို နယူးရောက်မှာရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘာလို့ တင်သွင်းဆွေးနွေးတာမျိုး မလုပ်တာလဲ။ ရုရှားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ဗီတိုအာဏာ သုံးပြီး ဟန့်တားမယ်ဆိုရင်တောင် ICC ကိုလွဲှပြောင်းပေးဖို့ဆိုတဲ့ ကိစ္စကို လုံခြုံရေးကောင်စီမှာဆွေးနွေးတဲ့ အဆင့်ထိရောက်သင့်ပါတယ်။ မြန်မာစစ်ကောင်စီလုပ်ရပ်တွေကို ရာဇဝတ်ကျူးလွန်မှုအဖြစ် အဖွဲ့ဝင်နိုင်ငံအများစုကရှုမြင်ကြတယ်ဆိုတာ စစ်ခေါင်းဆောင်တွေကို သတိပြုမိစေဖို့ဖြစ်ပါတယ်။"

တကယ်လို့ လုံခြုံရေးကောင်စီမှာ မအောင်မြင်ဘူးဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရေး ကို ပိုပြီးအားကောင်းခိုင်မာစေတဲ့ဆုံးဖြတ်ချက်အသစ် ချမှတ်နိုင်ရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်သင့်တယ်လို့လည်း John Sifton ကပြောပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံအတော်များများမှာ Universal Jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဥပဒေကို ပြဌာန်းထားကြပါတယ်။ ဒါကြောင့် ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ ဥပဒေ ပြဌာန်းထားတဲ့ အမေရိကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် တရားရုံးတွေမှာ တရားစွဲဆို စီရင်ပိုင်ခွင့်ရှိသလို၊ ဥပရောပနိုင်ငံတွေမှာလည်း အလားတူ ဥပဒေမျိုး ရှိနေတယ်လို့ John Sifton ကဆိုပါတယ်။

"ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိကလုပ်ဆောင်ရမယ့်အချက်ကို နိုင်ငံခြားရေးဝန်ကြီး Blinken က ဒီနေ့မှာ မပြောခဲ့ပါဘူး။ အဲဒါကတော့ ဒီကနေ့အထိ ရက်စက်ကြမ်းကြုတ်မှုတွေကို လုပ်ဆောင်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့စစ်တပ်အပေါ်မှာ ပိုမို ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ဖြစ်ပါတယ်။ စစ်တပ်အတွက် သဘာဝဓါတ်ငွေ့၊ သတ္တု၊ ကျောက်မျက်ရတနာနဲ့ သစ် တွေကို ရောင်းချတဲ့ အမြတ်ဝင်ငွေဟာ အပြင်ကနေ တနှစ်ကို ဒေါ်လာ သန်းရာနဲ့ချီရရှိနေတာပါ။
မြန်မာစစ်ကောင်စီအနေနဲ့ စစ်တပ်ကို ထပ်ပြီးထောက်ပံ့ဖို့ ငွေတွေကို အသုံးမပြုနိုင်ဖို့အတွက် သူတို့ရဲ့ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ ဒေါ်လာနဲ့ ယူရိုငွေတွေကို တားမြစ်ဖို့ ပြင်ပမှာ အပ်နှံအသုံးပြုနေတဲ့ သူတို့ဘဏ်စာရင်းအကောင့်တွေကို ပိတ်ဆို့အရေးယူရမှာဖြစ်ပါတယ်။ ဒါတွေဟာ အခုချက်ခြင်းပြုလုပ်နိုင်တဲ့ ပြစ်ဒဏ်တွေဖြစ်သလို လုပ်ဖို့လည်း လိုအပ်နေပါတယ်။"

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အပေါ် နယ်မြေရှင်းလင်းမှုဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက စစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ အဲဒီအချိန်က ethnic cleansing လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ်သတ်မှတ်ခဲ့ပြီးနောက်မှ အခုလို မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု အဖြစ် တရားဝင်ဆုံးဖြတ်ကြေညာခဲ့တာဖြစ်ကြောင်း HRW ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG