သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အတွက်အဓိကပံ့ပိုးနေတဲ့  MOGE ကို ကန်အမြန်ဆုံးအရေးယူရေး မြန်မာ့အရေးလှုပ်ရှားသူတွေတိုက်တွန်း


ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တည်ရှိတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေတူးဖေါ်ရေး လုပ်ငန်း
ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တည်ရှိတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေတူးဖေါ်ရေး လုပ်ငန်း

မြန်မာစစ်ကောင်စီအတွက် လက်နက်အရောင်းအဝယ်လုပ်ပေးနေသူတွေအပေါ် အမေရိကန်က ပစ်မှတ်ထားဒဏ်ခတ်အရေးယူလိုက်တာကို ကြိုဆိုပေမယ့် စစ်တပ်အတွက် အဓိကဝင်ငွေဖြစ်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) ကိုပါ အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ လိုအပ်နေကြောင်း မြန်မာ့အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်အစိုးရဘက်ကရော MOGE ကို ပိတ်ဆို့အရေးဖို့ ဘာကြောင့်နှောင့်နှေးနေပါသလဲ။
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

အမေရိကန်ဘဏ္ဍာရေးဌာနက နောက်ထပ် လူပုဂ္ဂိုလ်အလိုက် ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်လိုက်တဲ့ အောက်တိုဘာလ (၆)ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ- မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေအပါအဝင် လက်နက်တွေရအောင်လုပ်ပေးနေတဲ့ Dynasty International Company Limited နဲ့ အဲဒီကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဦးလှိုင်မိုးမြင့် အပြင် ကုမ္ပဏီဒါရိုက်တာ ဦးမျိုးသစ္စာ တို့ ၃ ဦးကို ဖေါ်ပြထားပါတယ်။

မြန်မာစစ်အရာရှိတဦးရဲ့ သားဖြစ်သူ ဦးအောင်မိုးမြင့်ဟာ မြန်မာစစ်တပ်အတွက် မစ်ဇိုင်းဒုံးအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ အပြင် လေယာဉ်ပါ တင်သွင်းနေသူဖြစ်ပြီး သူ့ကို ၂၀၂၂ ဖေဖေါ်ဝါရီလထဲမှာ အီးယူဥရောပသမဂ္ဂက အရေးယူထားသလို မတ်လထဲမှာတော့ ဗြိတိန်က အရေးယူဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။ ညီဖြစ်သူ ဦးလှိုင်မိုးမြင့်ကလည်း ဒီကုမ္ပဏီအတွက်တာဝန်ယူ ဆောင်ရွက်နေသူဖြစ်သလို ကုမ္ပဏီဒါရိုက်တာ ဦးမျိုးသစ္စာကတော့ နိုင်ငံရပ်ခြားစစ်လက်နက်ရောင်းဝယ်သူတွေနဲ့ လက်နက်အရောင်းအဝယ် လုပ်ရာမှာ ဆက်သွယ်ဆောင်ရွက်သူဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အခုလို မြန်မာစစ်တပ်အတွက် လက်နက်အရောင်းဝယ်လုပ်နေသူတွေကို ပစ်မှတ်ထား အရေးယူလိုက်တာကို ကြိုဆိုပေမယ့် ထိရောက်မှုအတိုင်းအတာမှာတော့ မေးခွန်းထုတ်စရာရှိနေတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် US Advocacy Coalition for Myanmar( မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အမေရိကန်မဟာမိတ်အဖွဲ့) ပြောခွင့်ရ Mike Haack က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့အမြင်မှာတော့ မြန်မာစစ်တပ်ကို ပစ်မှတ်ထားတာ အထူးသဖြင့် အခုလိုလက်နက်အရောင်းအဝယ်တွေကို ပစ်မှတ်ထားအရေးယူတဲ့ လုပ်ရပ်မှန်သမျှ ကောင်းပါတယ်။ နာမည်နဲ့ ပစ်မှတ်ထားအရေးယူခံရတဲ့ သူတွေဆီကကျနော်တို့ကြားရတာကတော့ ဒီလိုမျိုး ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့အတွက် သူတို့အပေါ် ထိခိုက်မှုတွေရှိတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် မေးခွန်းရှိလာတာက အမေရိကန်အနေနဲ့ ဒီလို လက်နက်ရောင်းဝယ်သူတွေကို ပိတ်ဆို့အရေးယူတာဟာ ဘယ်လောက်အထိ ထိရောက်မှုရှိနိုင်သလဲ။ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုကို ကြည့်ရင် ဒီလို လက်နက်အရောင်းအဝယ်လုပ်တဲ့သူတွေကို ပစ်မှတ်ထားအရေးယူမှုတွေမှာ ဘယ်လောက်အထိ အောင်မြင်သလဲဆိုတာ ကျနော်တို့ အသေအချာ မသိကြပါဘူး။"


မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလက အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အပေါ်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရဘက်က ချက်ချင်း တုံ့ပြန်အရေးယူမှုတွေရှိပေမယ့် စစ်တပ်ရဲ့ အဓိကဝင်ငွေဖြစ်နေတဲ့ မြန်မာ့ရေနံနဲ့သဘာဝလုပ်ငန်းကို အခုချိန်ထိ ပိတ်ဆို့အရေးယူခြင်းမရှိတဲ့အပေါ် အားမလို အားမရ ဖြစ်မိကြောင်း ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဘေးဧရိယာက Burmese American Alliance ဥက္ကဌ ဦးညွန့်သန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"သမ္မတ ဘိုင်ဒန်က အခုချိန်ထိ သူလုပ်လို့ရရဲ့သားနဲ့ MOGE ကို သူက sanction မလုပ်သေးဘူး။ အဲဒီအပေါ်မှာတော့ ကျနော်တို့ အတော်လေးကို အားမလိုအားမရဖြစ်တယ်။ ဒါကြောင့် Burma Bill (မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း)မှာ MOGE ကို ဒဏ်ခတ်အရေးယူပါ။ အခြားဘာတွေပဲလုပ်လုပ် MOGE ကို sanction မလုပ်မချင်း မြန်မာစစ်ကောင်စီလက်ထဲကို ဒေါ်လာ သန်းနဲ့ချီတဲ့ငွေတွေ ဝင်နေသရွေ့ စစ်တပ်ကနေ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုတွေဆက်ပြီးလုပ်နေမယ်။ အာဏာကို လက်လွှတ်မှာမဟုတ်ဘူးလို့ ကျနော်တို့ အကြိမ်ကြိမ်ပြောထားပါတယ်။"

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဥရောပသမဂ္ဂက ၂၀၂၂ ဖေဖေါ်ဝါရီလမှာ ပိတ်ဆို့အရေးယူခဲ့သလိုမျိုး အမေရိကန်အစိုးရအနေနဲ့ လုပ်ဆောင်သင့်ကြောင်း Mike Haack ကပြောပါတယ်။

"အမေရိကန်ဘက်က လုပ်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းကတော့- မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် ဒေါ်လာရဲ့ အခန်းကဏ္ဍက အလွန်အရေးပါနေလို့ပါ။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို ဝယ်ဖို့ ဒေါ်လာနဲ့ ပေးချေရတာက အဓိကကျတဲ့အချက်ပါ။ ဒါကြောင့် MOGE ကို ဒဏ်ခတ်ပိတ်ဆို့ခြင်းအားဖြင့် စစ်တပ်ရဲ့ ဝင်ငွေတွေကို ထိခိုက်စေမယ့် အထိရောက်ဆုံးနည်းလမ်းလို့ ကျနော်တို့ မြင်ပါတယ်။ ဥရောပသမဂ္ဂက MOGE အပေါ် ပိတ်ဆို့အရေးယူထားတဲ့အတွက် တရုတ်ဘဏ်နဲ့ ကိုရီးယားပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ POSCO နဲ့ KOGAS တို့ကနေ စစ်တပ်ကို ငွေလွဲှပြောင်းဖို့ကို ရပ်တန့်ထားရတာကိုကြည့်ရင် တကယ့်ကို ထိရောက်မှုရှိတာတွေ့ရပါတယ်။ ဒါကြောင့် စစ်လက်နက်အရောင်းအဝယ်လုပ်နေတဲ့သူတွေကို အမေရိကန်က စောင့်ကြည့်အရေးယူတာကောင်းတယ်ဆိုပေမယ့် MOGE ကို ပိတ်ဆို့အရေးယူမှုမျိုးကသာ ပိုပြီး ထိရောက်မှုရှိမှာဖြစ်ပါတယ်။"

ဒါဆိုရင် အမေရိကန်အစိုးရဘက်က ဘာကြောင့် MOGE အပေါ်ဒဏ်ခတ်အရေးယူဖို့နှောင့်နှေးနေပါသလဲ။ ဦးညွန့်သန်းရဲ့ အမြင်ကတော့-

" ဘာဖြစ်လို့ sanction မလုပ်ဘူးလည်းဆိုတာကို သုံးသပ်ကြည့်တော့-နှစ် ချက်တွေ့ပါတယ်။ တချက်ကတော့ သူတို့ ထိုင်းကို ထိခိုက်မှာကို စိုးရိမ်တယ်ထင်တယ်။ တဖက်မှာလည်း ရီပါပလင်ကန်တွေဘက်ကလည်း စီးပွားရေးနဲ့ ပတ်သက်ရင် ရှယ်ဗရွန်တို့လို ရေနံကုမ္ပဏီတွေကို ထိခိုက်မှာမျိုးတွေဆို သူတို့က မကြိုက်ဘူးပေါ့။ ဒါပေမယ့် ရီပါပလင်ကန်ပိုင်းက တော်တော်လေးကို ရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် အလုပ်မဖြစ်ကတည်းက ပြီးခဲ့တဲ့ လေး၊ငါး လလောက်တည်းက Mitch Mcconnell ကနေ MOGE ကို sanction လုပ်ဖို့ လိုလာပြီ။ အိမ်နီးနားချင်းတွေက ဘာမှ ပြတ်ပြတ်သားသားမလုပ်ဘူးဆိုရင်တော့ MOGE ကို sanction လုပ်ရတော့မယ်ဆိုပြီးတော့ ရီပါပလင်ကန်ခေါင်းဆောင်က လေသံပစ်လိုက်ကတည်းကိုက ဒီကိစ္စကတော့ ပြီးသွာပြီပေါ့။ ဒါပေမယ့် ဒီဓါတ်ငွေ့ပိုက်လိုင်းကို ရပ်ဆိုင်းလို့ တခုခုဖြစ်ပြီး ထိုင်းကိုထိခိုက်မယ်ဆိုပြီး အမေရိကန်ဘက်က စိုးရိမ်နေပုံရတယ်။ ထိုင်းဘက်ကလည်း အမေရိကန်အစိုးရအဖွဲ့ကိုရော၊ လွှတ်တော်မှာပါအကြီးအကျယ် လော်ဘီလုပ်နေတယ်လို့သိရတယ်။ အဲဒါနဲ့ ပတ်သက်ရင် ကျနော်တို့ပြောနေတာက ဒီဓါတ်ငွေ့ပိုက်လိုင်းကြီးရပ်သွားဖို့ ပြောနေတာမဟုတ်ဘူး။ စစ်ကောင်စီကိုပေးနေတဲ့ငွေတွေ ပေးလို့မရအောင်ပဲ ဘဏ်တွေကို ပိတ်ဆို့အရေးယူပေးစေချင်တာပါ။ စစ်ကောင်စီကို ငွေပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုခံရမယ်ဆိုတာကို ပြောစေချင်တာပါ။"

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပိတ်ဆို့အရေးခဲ့သူတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ နာမည်နဲ့ အတိအကျ ပစ်မှတ်ထားအရေးယူခံထားရသူတွေရဲ့ အမေရိကန်မှာရှိနေတဲ့ ပိုင်ဆိုင်မှု၊ အကျိုးစီးပွားအားလုံး ကို ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် အဲဒီသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝယ်မှာထားရှိသူ ဒါမှမဟုတ် ထိန်းသိမ်းထားတဲ့ အမေရိကန်မှာရှိနေတဲ့ လူပုဂ္ဂိုလ်ဆိုရင်လည်း အရေးယူခံရမှာဖြစ်ပါတယ်။ ဒီလို ဆက်စပ်ပိုင်ဆိုင် ပတ်သက်မှုရှိနေရင်လည်း OFAC အမေရိကန် ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး ကို မဖြစ်မနေ တိုင်ကြားဖို့လည်း ဖေါ်ပြထားပါတယ်။ နောက်ပြီးတော့ အဲဒီသူတွေပိုင်ဆိုင်တဲ့ ဘယ်ကုမ္ပဏီကို မဆို ဒါမဟုတ် ပိတ်ဆို့အရေးယူခံထားရသူတွေနဲ့ စီးပွားရေးအရ ၅၀%နဲ့ အထက် ဖက်စပ်လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကိုပါအရေးယူပိတ်ဆို့မှာဖြစ်ပါတယ်။

OFAC က ထုတ်ပေးထားတဲ့ ယေဘုယျ သို့မဟုတ် သီးခြားလိုင်စင်နဲ့ ခွင့်ပြုထားတာ ဒါမှမဟုတ် အခြားနည်းနဲ့ ကင်းလွတ်ခွင့်ပေးထားတာကလွဲလို့ ပိတ်ဆို့ခံထားရသူတွေရဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ လွဲှပြောင်းမှုအားလုံးကိုလည်း OFAC က တားမြစ်ထားပါတယ်။ နောက်ထပ် တားမြစ်ချက်တွေထဲမှာ- ဒဏ်ခတ်အရေးယူခံရသူတွေဆီက ရန်ပုံငွေ၊ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လက်မခံရ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာန လက်ထောက်ဝန်ကြီး Brian Nelson ကတော့ မြန်မာလူထုအပေါ် အကြမ်းဖက်ပြီး ရက်စက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရအောင် ထောက်ပံ့ပေးနေတဲ့ ကွန်ယက်တွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ပစ်မှတ်ထား အရေးယူလိုက်တာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

----------------------------

















XS
SM
MD
LG