သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကချင်ခရီးစဉ် ပြည်ပတိုင်းရင်းသားတွေအမြင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်တွင် တိုင်းရင်းသားများက ကြိုဆို-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်တွင် တိုင်းရင်းသားများက ကြိုဆို-

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ခိုင်မာတဲ့ ကတိတွေ မပေးပဲနဲ့တော့ KIO/ KIA အဖွဲ့က NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အလားအလာ မမြင်ကြောင်း၊ ပြည်ပရောက် ကချင်အဖွဲ့အစည်းတချို့ကပြောပါတယ်။ NCA စာချုပ်မှာ KIO အဖွဲ့က လက်မှတ်ထိုးလာစေရေး ဆွေးနွေးတိုက်တွန်းဖို့နဲ့ ကချင် IDP ဒုက္ခသည် စခန်းတွေကို အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ်အပြီး အခုလို ပြောဆိုကြတာပါ။ ကချင် IDP တွေအတွက် နိုင်ငံတကာ အကူအညီပေးရေး လမ်းကြောင်းကို ပြန်ဖွင့် ပေးဖို့ကိုလည်း တိုက်တွန်းကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ အင်္ဂါနေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ကချင်လူထုခေါင်းဆောင်တွေနဲ့ Palm Spring Hotel မှာတွေ့ဆုံခဲ့တာပါ။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ ကချင်လွတ်လပ်ရေး အဖွဲ့ KIO/ KIA က ပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို တိုက်တွန်းရာမှာ NCA လက်မှတ်ထိုးရေးကို KIO ကလည်း လက်ခံထားပြီးသားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး- NCA ကို အပြီးသတ် မဆွေးနွေးရသေးလို့ ဆက်ပြီး ဆွေးနွေးနေရဆဲဖြစ်ပြီး လက်ခံနိုင်တဲ့ အနေအထားရောက်ရင် NCA ကို လက်မှတ်ထိုးမယ်လို့ KIO ဘက်က သဘောထား ရှိကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးထား ပါတယ်။

နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ခိုင်မာတဲ့ ကတိတွေ မပေးပဲနဲ့တော့ KIO/KIA က NCA စာချုပ်မှာ လက်မှတ် ထိုးနိုင်ဖို့ အလားအလာ မမြင်ကြောင်း သုံးသပ်သူကတော့ ဗြိတိန်နိုင်ငံအခြေစိုက် ကချင်အမျိုးသား အစည်းအရုံး(KNO)ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မခေါ်ခွန်ဆာ ဖြစ်ပါတယ်။

“ NCA လက်မှတ်ထိုးဖို့ ဆိုတဲ့ကိစ္စက KIO/ KIA က ၁၉၉၄ ခုနှစ်ကတည်းက စပြီးတော့မှ အပစ်ခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်။ လက်မှတ်ထိုးပြီးတော့မှ အပစ်ခတ် ရပ်စဲရေးဟာ စစ်တပ်ကနေ ချိုးဖေါက်တဲ့ အတွက်ကြောင့်မို့လို့ ကနေ့ စစ်ပွဲတွေ ပြန်ဖြစ် လာရတဲ့ အခြေနေ ဖြစ်တယ်။ အဲဒီအခါကျတော့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ခိုင်မာတဲ့ ကတိခံဝန်ချက်တွေ မရှိပဲနဲ့ကတော့ NCA ကို ထိုးဖို့ဆိုတဲ့ ပြဿနာက အခက်အခဲတွေ ရှိတယ်။ မဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိတယ် ”

အရင် စစ်အစိုးရ နဝတ လက်ထက်မှာ အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ခဲ့ဖူးတဲ့ KIO ဟာ အခုတခါ NCA စာချုပ်ကို အလွယ်တကူ လက်မှတ်ထိုးပြီးမှ ကချင်ဒေသမှာ တပ်မတော်အင်အား ပိုတိုးချလာပြီး ကချင်အဖွဲ့အစည်းတွေပေါ် ထိန်းချုပ်လာမှာမျိုးကိုတော့ အဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆမျိုး ကချင်လူထုကြားမှာ ရှိနေတာပါ။ နောင်မှာ တပ်မတော်ဖက်က အလွယ်တကူ ကတိ ဖေါက်ဖျက်တာမျိုး မလုပ်ရအောင် ကြားသက်သေ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုအောက်မှာ NCA ကို လက်မှတ်ထိုးဖို့ လိုတယ်လို့ မခေါ်ခွန်ဆာက ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ တွေ့ဆုံပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ တွေ့ဆုံပွဲ

“ ကနေ့အနေထားကို ပြန်လည်သုံးသပ်ကြည့်တဲ့ အခါမှာ တပ်မတော်ကလည်း စစ်တပ်ကလည်း တိုင်းရင်းသားတွေပေါ်မှာ အယုံအကြည် မရှိဘူး၊ တိုင်းရင်းသားတွေကလည်း စစ်တပ်ပေါ်မှာ ယုံကြည်မှု မရှိဘူး။ အဲဒီအခါကျတော့ အဲဒီယုံကြည်မှု ရှိလာအောင် ကြားထဲမှာ သမာသမတ် ကျကျနဲ့ ဘက်မလိုက်ပဲနဲ့ ရပ်တည်နိုင်တဲ့ အကဲဖြတ်အဖွဲ့အစည်းတွေ ဘာတွေက ခိုင်ခိုင်မာမာ ဖွဲ့စည်းဖို့ လိုမယ်။ အဲဒီလို ခိုင်ခိုင်မာမာ မဖွဲ့စည်းပဲနဲ့ NCA ကို လက်မှတ်ထိုးခိုင်း ပြီးတော့မှ၊ အကြောင်း အမျိုးမျိုး ပြပြီးတော့မှ နှောင့်နှေး ကြန့်ကြာအောင် လုပ်ပြီးတော့မှ အမြစ်ဖြတ် ချေမှုန်းရေး ဆိုတဲ့ ပုံစံမျိုး လုပ်လာမယ့် အနေအထားမျိုးတွေကို တွေ့ရတယ်လေ ”

ဒီလို တောင်းဆိုနေရတာကလည်း စစ်တပ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်ခြင်း မရှိဘူးဆိုတဲ့ တိုင်းရင်းသား တွေဘက်က သုံးသပ်ထားချက်ကြောင့် ဖြစ်တယ်လို့ မခေါ်ခွန်ဆာက ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ကျနော်တို့က အကောင်းမြင် ကြည့်မယ်ဆိုရင် သူ့ရဲ့ အခက်အခဲတွေကို ကျနော်တို့ စာနာတယ်၊ နည်းလည်တယ်။ ဒါပေမယ်လို့ စစ်တပ်ကိုသူ မလွှမ်းမိုးနိုင်တဲ့ အခါကျတော့ ဒီစစ်တပ်ရဲ့ ပြဇာတ်တခုမှာ သူက ဒီအခန်းမှာ ဒီလိုကဆိုရင် .. အဲလိုကရတဲ့ အတိုင်းမျိုးတွေ ဖြစ်လာတယ်။ သူဖြစ်ချင်တဲ့ ဟာတွေကို စစ်တပ်က သဘောမတူဘူး ဆိုလို့ရှိရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆိုတဲ့ အတွက်ကြောင့်မို့ နိုင်ငံတကာ စောင့်ကြည့် ထိန်းသိမ်းရေးအဖွဲ့တွေ အကဲဖြတ် အဖွဲ့တွေ အဲဒါတွေအကုန် ပါဝင်ပြီးတော့မှ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် process တခုလုံး အပေါ်မှာ အာမခံပြီး လုပ်တဲ့ဟာမျိုးကိုမှ ကျနော်တို့ လိုချင်တာ ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝိုင်းမော်မြို့နယ်က စစ်ဘေးရှောင် IDP စခန်းတွေကိုလည်း သွားရောက်ခဲ့ပြီး၊ စစ်ရှောင်စခန်းက ပြည်သူတွေရဲ့လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့ ကတိပေးသွားပါတယ်။ ကချင်ဒေသမှာ စစ်ဘေးရှောင်ဒုက္ခသည် IDP စခန်း ၉ ခု ရှိပြီး တချို့စခန်းတွေမှာ အရေးပေါ်အကူအညီတွေ အခုထိ လိုအပ်နေဆဲပဲလို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောနေတာပါ။ နိုင်ငံတကာ လူသားချင်း စာနာတဲ့ အဖွဲ့အစည်းတွေက သွားရောက်ပံ့ပိုး ကူညီပေးချင်ပေမယ့် လမ်းခရီးမှာ တားမြစ်မှု ရှိတာကြောင့် အကူအညီတွေ မရပဲဖြစ်နေပါတယ်။ ဒီအတား အဆီးတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံတယ်လို့ ပြောသူကတော့ ကနေဒါနိုင်ငံသား ကချင်တိုင်းရင်းသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဂျွန်လာဆမ်း ဖြစ်ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေါ့နော့်၊ ကချင်ပြည်နယ်ကို လာရောက်တာကို ဝမ်းသာကြိုဆိုပါတယ်။ ဒီလို လာရောက်တဲ့ အတွက်ကြောင့်မို့ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ပိုပြီးတော့ တွေ့မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ အခြေအနေကို သိမြင်ပြီးတော့ ဒီကချင်ပြည်နယ် ငြိမ်းချမ်းရေး ရဖို့နဲ့ ထိုးစစ်တွေကို ရပ်ပြီးတော့ တိုက်ပွဲတွေ မရှိတော့ဘူးဆိုလို့ရှိရင် ဒီ IDP တွေရဲ့ အခြေအနေလည်း တနည်းတဖုံ ပြောင်းသွားနိုင်တာပေါ့။ နောက် ကချင်ပြည်နယ် အစိုးရအနေနဲ့လည်း လက်တွေ့မှာ ပိုပြီးတော့ ပံ့ပိုးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေကိုလည်း လွတ်လပ်စွာ ကူညီနိုင်ဖို့ လမ်းဖွင့်ပေးစေချင်ပါတယ် ”

ကချင်ဒေသမှာ စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်း ၂သောင်းလောက်ရှိပြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေနဲ့ ကချင်ဒုက္ခသည်တွေကို ကျပ်သိန်း ၃ ထောင်လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG