သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်သတ်ဖြတ်မှု ထောင် ၁၀ နှစ်ကျ စစ်သား (၇)ဦး စောလွှတ်ပေးတဲ့ သတင်းအပေါ် HRW တုံ့ပြန်


၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)
၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)

အင်းဒင်ရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် (၁၀)နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ စစ်သား (၇)ဦးကို အချိန်တိုကာလအတွင်း ပြန်လွှတ်ပေးလိုက်တဲ့သတင်းမှန်တယ်ဆိုရင်ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကို အရေးယူဖို့ မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ ပျက်ကွက်မှုကို ပြသရာရောက်တယ်လို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

မေလ (၂၇) ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဝန်ကြီးဌာန သုံးခုရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရိုက်တာသတင်းမှာ ဖေါ်ပြထားတဲ့ စစ်သား (၇)ဦး လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကို အတည်ပြုဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ငြင်းဆိုသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

မနေ့ တနင်္လာနေ့က ရိုက်တာသတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ- ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် (၁၀)နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် (၇)ဦးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်းက လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ ထောင်အာဏာပိုင် နှစ်ဦး၊ အကျဉ်းသားဟောင်း နှစ်ဦးနဲ့ စစ်သားတဦးတို့ကို ကိုးကားဖေါ်ပြထားပါတယ်။

ဒီစစ်သား (၇)ဦးရဲ့ ပြစ်ဒဏ်တွေကို တပ်မတော်က လျော့ချခဲ့တာဖြစ်တယ်လို့လည်း အမည်မဖေါ်လိုတဲ့ နေပြည်တော်က အဆင့်မြင့်အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကြီးမားတဲ့ ပြစ်မှုကျူးလွန်သူတွေကို မြန်မာစစ်တပ်ခေါင်းဆောင်တွေက ပြစ်ဒဏ်လျော့ပေါ့ပြီး လွှတ်ပေးလိုက်တဲ့ သတင်းမှန်တယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိူးဖောက်မှုတွေကို စစ်တပ်ကလည်း အရေးယူပါတယ်ဆိုတဲ့ ဟန်ပြလုပ်ရပ်ကို နိုင်ငံတကာက ဘွင်းဘွင်းကြီး မြင်တွေ့လိုက်ရတာဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေး လက်ထောက် ညွန်ကြားရေးမှူး Phil Robertson က ဗွီအိုအေကိုပြောပါတယ်။

“အခုလို စစ်သား (၇)ယောက်ကို အချိန်တိုအတွင်း လွှတ်ပေးလိုက်တဲ့ ဖြစ်ရပ်ကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို လူအဖြစ်တောင် သတ်မှတ်စဉ်းစားတာမျိုးမရှိဘူးဆိုတာ ပြသလိုက်တာဖြစ်သလို ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးအယူတယ်ဆိုတာမျိုး တခါမှ မတွေ့ရပါဘူး။ ဒီလို ဖုံးကွယ်ဖို့ကြိုးစားတဲ့ နည်းလမ်းအတိုင်းပဲ တပ်မတော်ကနေ မကြာသေးခင်က ရခိုင်ပြည်နယ်အတွက် စစ်တပ် ခုံရုံးဆိုတာမျိုးဟာ ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ဒီလို ခုံရုံးဆိုတာမျိုးဟာ အဓိပ္ပါယ် ကင်းမဲ့နေသလို ဖိနှိပ်ညှင်းပမ်းမှုတွေကို ဖုံးကွယ်ဖို့ နောက်ထပ် လိမ်လည် လှည့်စားမှု တခုပဲဖြစ်ပါတယ်။”

အခုလို စစ်သား (၇)ယောက်ကို ဖမ်းဆီး အပြစ်ပေးခဲ့တယ်ဆိုတဲ့ကိစ္စမှာလည်း ထောင်ထဲမှာ (၁၆)လ နေခဲ့ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖေါ်ထုတ်ခဲ့တာကို မြန်မာစစ်ခေါင်းဆောင်တွေက ဘယ်လိုမှ ဖုံးကွယ် မရတဲ့အတွက်ကြောင့်သာဖြစ်တယ်လို့ Phil Robertson ကပြောပါတယ်။

“ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှင်းပမ်းရာမှာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့ ပြစ်မှုတွေကို အကြီးအကျယ် ဖုံးကွယ်ဖို့ တပ်မတော်က အာရုံစိုက်လုပ်ဆောင်ခဲ့တာပါ။ ဒီစစ်သား (၇)ယောက်ကို ဖမ်းဆီးခဲ့တဲ့ အဓိကအကြောင်းရင်းကလည်း သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တဲ့ ဒီအမှုကို ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ယောက်ကနေ သတင်းအနေနဲ့ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပြီး ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။”

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးကလည်း ရိုက်တာသတင်း မှန်ကန်ခဲ့မယ်ဆိုရင် မြန်မာတပ်မတော် ခေါင်းဆောင်တွေဘက် ဥပဒေလိုက်နာလိုစိတ် မရှိဘူးဆိုတာကို မြင်တွေ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“၂၀၂၀ နီးလာတာနဲ့ တပြိုင်နက်တည်းမှာပဲ တပ်မတော်ဘက်ကနေပြီးတော့ လှုပ်ရှားမှုတွေလုပ်လာတာတွေပိုပြီးများလာကို ကျနော်တို့တွေ့ရတယ်။ အဲဒီတော့ အင်းဒင်ရွာလူသတ်မှုဆိုရင် စစ်ဘက်နဲ့ဆိုင်တဲ့ အရေးယူထားတဲ့ ကိစ္စရပ်ဖြစ်တယ်။ အဲဒီတော့ အဲလိုမျိုးအရေးယူတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် တပ်မတော်ကနေပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်နဲ့ လွှတ်ပေးလိုက်တယ်ဆိုတာကတော့ ကျနော်တို့မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဘာမှ ဂရုစိုက်စရာမရှိဘူးဆိုတဲ့ သဘောမျိုး ပြလိုက်တာ ရှင်းရှင်းလင်းလင်းကို မြင်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။”

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန သုံးခုရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရိုက်တာသတင်းနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာ အတည်ပြုဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပေမယ့် အင်ဒင်းကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သား ၇ ဦး ထောင်ထဲမှာ ထိန်းသိမ်းထားတာ မရှိတော့ဘူးလို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်စိုးကဖြေဆိုခဲ့ပါတယ်။ အလားတူ ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးကလည်း သူတို့ကို လွှတ်ပေးခြင်းရှိမရှိဆိုတာ အတည်ပြု ပြောကြားလို့ မရသေးကြောင်း သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။

၂၀၁၈ခုနှစ် ဧပြီလတုန်းကတော့ ဒီတပ်မတော်သား ၇ ဦးကို နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်တွေထောင်ကနေ လွှတ်ပေးလိုက်ပြီးလို့ Sky Net MNTV ကနေ သတင်းထုတ်ပြန်ခဲ့ရာမှာ ဒီသတင်း မှန်ကန်မှု မရှိကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက တုန့်ပြန်ပြောကြားခဲ့တဲ့အတွက် Sky Net သတင်းဌာနက သတင်းမှားအတွက် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG