သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော်အခြေပြမိန့်ခွန်း မြန်မာနွယ်ဖွား တုံံ့ပြန်


 အမေရိကန်သမ္မတ Donald Trump အင်္ဂါနေ့ညက ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း Jan. 30, 2018 in Washington.
အမေရိကန်သမ္မတ Donald Trump အင်္ဂါနေ့ညက ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း Jan. 30, 2018 in Washington.

အမေရိကန်သမ္မတ Donald Trump အင်္ဂါနေ့ညက ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ မျှော်မှန်းချက်တွေ၊ အောင်မြင်မှုတွေ ကိုချပြခဲ့ပါတယ်။ သူရဲ့မိန့်ခွန်းအပြီး CNN က လူထူစစ်တမ်း အမြင်ကောက်ခံရာမှာ ကြည့်ရှုသူ တဝက်နီးပါးက နှစ်ခြိုက်ကြတာ တွေ့ရပါတယ်။

ဒါပေမယ့် မြန်မာနွယ်ဖွားတွေကြားမှာတော့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်သစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေအတွက် ထိခိုက်နစ်နာစေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပါလိမ့်မယ်။

သမ္မတ သက်တမ်း တနှစ်ပြည့်မှာ ပထမဦးဆုံးပြောကြားတဲ့ သမ္မတ Trump ရဲ့ တနာခွဲနီးပါး ကြာမိန့်ခွန်းမှာ နိုင်ငံညီညွတ်ဖို့ စီးပွားရေးအားကောင်းဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ဖို့အပြင် နိုင်ငံခြားရေးမူဝါဒတွေကို ချပြခဲ့ရာမှာ CNN သတင်းဌာနက စစ်တမ်းကောက်ယူခဲ့ရာမှာ ကြည့်ရှုသူ ၄၈%နီးပါးက အပြုသဘောဆောင်တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ၅၄ % က သမ္မတရဲ့ မိန့်ခွန်းမှာ ဦးစားပေးချက်တွေဟာ မှန်ကန်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ၆၂%က သူရဲ့ မူဝါဒတွေဟာ နိုင်ငံကို လမ်းမှန်ပေါ် ရောက်စေမယ်လို့ ရှုမြင်ကြောင်း ဖြေကြားခဲ့တယ်လို့ CNN သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဖြေကြားသူ ၁၀ ဦးအနက် ၄ ဦးကတော့ သမ္မတ တဦးအနေနဲ့ တာဝန်ကို သူ့အနေနဲ့ လုပ်နိုင်စွမ်း ရှိတယ်လို့ မယူဆကြဘူးလို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ Trump ပြောကြားတဲ့ မိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရက်တွေရော၊ ရီပါပလင်ကန်နှစ်ပါတီ စလုံးကပါ သဘောတူညှိုနှိုင်းခဲ့တဲ့ ၂၁ ရာစု ခေတ်မှီ လူဝင်မှုကြီးကြပ်ရေးကို အတည်ပြုပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“မကြာသေးမှီလတွေအတွင်းက ကျနော့်အစိုးရဟာ ဒီမိုကရက်တွေရော၊ ရီပါပလင်ကန် ပါတီဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးတော့ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲတဲ့ နည်းလမ်းကို နှစ်ပါတီညှိုနှိုင်းခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေ အခြေခံပြီးမျှတတဲ့ အပေးယူလုပ်ခဲ့ပြီးတော့ လွှတ်တော်ထဲကို အသေးစိပ် အဆိုပြုချက် တင်သွင်းခဲ့ပါတယ်။ ဘယ်ပါတီကမှ လိုချင်တာအားလုံးမရခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုတော့ ထည့်သွင်းထားပါတယ်။ အဲဒီ အစီအစဉ်မှာ မဏ္ဍိုင်ကြီး လေးရပ်ရှိပါတယ်။”

သမ္မတ ချပြခဲ့တဲ့ မဏ္ဍိုင်ကြီး လေးရပ်နဲ့ ပတ်သက်လို့ Indianapolis အခြေစိုက် BACI ခေါ် မြန်မာ-အမေရိကန် လူ့အဖွဲ့အစည်း ဥက္ကဌ ဒေါက်တာ Ro Dinga က အခုလို တုန့်ပြန်ခဲ့ပါတယ်။

“ကျနော်တို့ မြန်မာပြည်သားတွေအနေနဲ့ တိုက်ရိုက်သက်ဆိုင်မယ့်ဟာက သူ့ရဲ့ immigration reform package ပေါ့နော်။ သမ္မတကနေ လွှတ်တော်ကို တင်ပြဖို့ရှိတယ်။ ဥပဒေပြုဖို့။ အဲဒီမှာ အမေရိကန်ပြည်ထောင်စုကို ဝင်လာတဲ့ immigrants တွေကိစ္စကို သူတင်တာတွေရှိတယ်။ သူကတော့ မိန့်ခွန်းထဲမှာ piller လေးခု အချက်လေးချက်ပေါ့နော်။ အဆိုပြုချက် လေးခုပေါ့။ နံပါတ် (၁)နဲ့ (၂)ကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေနဲ့ သိပ်မပတ်သက်ဘူး။

နံပါတ် (၁) ကတော့ အမေရိကန်ပြည်ထောင်စုက ရောက်နေတဲ့ မက္ကဆီကိုကနေ ကလေးဘဝကနေဝင်လာတဲ့ လူပေါင်း ၁.၈ သန်းလောက်ကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့်ကိစ္စ၊ နံပါတ် (၂)ကတော့ နယ်စပ် ခြံစည်ရိုးကာဖို့၊ နံပါတ် (၃)ကတော့ DV လိုခေါ်တဲ့ green card ကံစမ်းမဲဗီဇာ ကို သူပိတ်ပစ်မယ်လို့ ပြောပါတယ်။ အဲဒါကို လွှတ်တော်ကို အဆိုတင်မယ်လို့ ပြောပါတယ်။ တနှစ်ကို လူ ၅၀,၀၀၀ လောက် DV နဲ့ အမေရိကန်ပြည်ထောင်စုကို ဝင်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အများကြီးပါပါတယ်။ အဲဒီအခွင့်အရေး ပိတ်သွားမှာဖြစ်ပါတယ်။ နံပါတ် (၄) အချက်က အင်မတန်အရေးကြီးပါတယ်။ Chain Migration လို့ခေါ်တဲ့ ဟာကို ပိတ်ပစ်မယ်လို့ သူပြောတယ်။ Chain Migration ဆိုတာက အမေရိကန်ပြည်ထောင်စု ကိုတနည်းနည်းနဲ့ ဒုက္ခသည်ဖြစ်ဖြစ်၊ DV ပေါက်လို့ဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေ ရောက်လာမယ်။ အဲဒါရောက်ပြီးလို့ green card၊ နိုင်ငံသားခံယူခွင့် ရပြီလို့ရှိရင် သူ့ရဲ့ဆွေမျိုးသားချင်းတွေကို ပြန်ခေါ်လို့ရတယ်။ အဲဒါကို သူပိတ်ပစ်မယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ merit basis ကိုပဲကြည့်မယ်လို့ ပြောတယ်။ merit basis ဆိုတာ အင်္ဂလိပ်စကားတတ်ရမယ်၊ အလုပ်အဆင်သင့်လုပ်နိုင်မယ့် သူဖြစ်ရမယ် လို့ပြောပါတယ်။ အခုလက်ရှိမှာ ကိုယ့်ရဲ့ဆွေမျိုးတွေ၊ အဖေအမေတွေ၊ ညီအကိုမောင်နှမတွေ၊ အဒေါ်တွေ အဲဒါတွေကို ခေါ်လို့ရတော့မှာမဟုတ်ပါဘူး။ သူ့အဆိုပြုချက် အထမြောက်မယ်ဆိုလို့ရှိရင်။ သူပြောတာကတော့ ခင်ပွန်း၊ မိန်းမနဲ့ ၂၁ နှစ်အောက် ကလေးတွေကိုပဲ ခေါ်ခွင့်ပြုမယ်ဆိုပြီး သူရဲ့ အဆိုပြုချက်မှာ ပြောသွားပါတယ်။ အဲဒါကို အင်မတန်အရေးကြီးပြီးတော့ မြန်မာနိုင်ငံသားတွေကို တိုက်ရိုက်ထိခိုက်မယ့်ဟာဖြစ်ပါတယ်။”

နှစ်ပေါင်း (၃၀)အထိ အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးပြဿနာကြီးကို လျစ်လျူရှုခဲ့ရာက ဒီတကြိမ်လွှတ်တော်အနေနဲ့ အောင်မြင်စွာ ပြုပြင်နိုင်စွမ်းရှိပြီး အမေရိကန်နိုင်ငံသားတွေကို ဦးစားပေးတဲ့ ဥပဒေကြမ်းဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးခံယူချက်တွေကို ဘေးဖယ်ထားပြီး ဒီမဏ္ဍိုင်ကြီးလေးရပ်ပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းကို အတည်ပြုဖို့လည်း သမ္မတက သူ့မိန့်ခွန်းမှာ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG