သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်သစ် မြန်မာ့အရေး ကိုင်တွယ်မှု အလားအလာ


ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ် Rishi Sunak
ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ် Rishi Sunak

အင်္ဂါနေ့မှာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယနွယ်ဖွားတဦး ဝန်ကြီးချုပ်ဖြစ်လာတာဟာ ဗြိတိန်နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့မှတ်တိုင် တခုဖြစ်ပါတယ်။ ဒါအပြင် အသက် (၄၂) နှစ်အရွယ် Rishi Sunak ဟာ ဗြိတိန်နိုင်ငံ သမိုင်းမှာလည်း နှစ်ပေါင်း ၂၀၀ အတွင်း အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာတာပါ။ ကွန်ဆာဗေးတစ်ပါတီက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်သစ် Sunak အနေနဲ့ မြန်မာ့အရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရေချိန်ဘယ်လိုရှိပါသလဲ။ ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်သွားဖို့ရှိမလဲဆိုတာတွေနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူတွေနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ဟာ အင်္ဂါနေ့မှာ ဗြိတိန်နိုင်ငံရဲ့ တနှစ်အတွင်း တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာတာပါ။ ဗြိတိန်နိုင်ငံအနေနဲ့ ကြီးကြီးမားမားရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သူ့အနေနဲ့ အာရုံစိုက်အလေးပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ်အဖြစ် ဒီကနေ့ စတင်တာဝန်ထမ်းဆောင်တဲ့ Rishi Sunak က ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်ရှေ့ မှာ အခုလို ပြောကြားခဲ့ပါတယ်။

" ကျနော်အနေနဲ့ စီးပွားရေးတည်ငြိမ်မှုနဲ့ ယုံကြည်မှုကို ကွန်ဆာဗေးတစ်ပါတီအစိုးရရဲ့ အစီအစဉ် ဦးစားပေးအဖြစ်ဆောင်ရွက်သွားတာပါ။ ဒီနေရာမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာဖို့ရှိတယ်ဆိုပေမယ့် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ မိသားစုတွေအလိုက် အစိုးရငွေကြေးထောက်ပံ့မှုအစီအစဉ်ကို ကျနော်လုပ်ဆောင်နိုင်ခဲ့တာ တွေ့မြင်ကြရမှာပါ။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်မှုတွေ အမြဲရှိနေပါတယ်။ အခုဆိုရင် ပိုပြီး များလာဖို့ရှိပါတယ်။ ဒါပေမယ့် ကျနော် ခင်ဗျားတို့ကို ကတိပေးပါတယ်။ ဒီကနေ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အဲဒီအချိန်တုန်းကအတိုင်းပဲ အသေအချာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"

တချိန်က ဗြိတိန်ရဲ့ ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံက မိဘနှစ်ဦးကနေ မွေးဖွားလာသူတဦး အခုလို ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်လာတာဟာ နိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့လည်း လန်ဒန် ဘီဘီစီ မြန်မာပိုင်း အငြိမ်းစားဌာနမှူး လည်းဖြစ် မြန်မာ့အရေးအကဲခတ် ဒေါ်တင်ထားဆွေက ဗွီအိုအေကိုပြောပါတယ်။

" သူဟာ အာရှနွယ်ဖွားဖြစ်တယ်။ ဗြိတိန်နိုင်ငံမှာ အာရှနွယ်ဖွားတဦးဝန်ကြီးချုပ်ဖြစ်လာတယ်ဆိုတော့ ဗြိတိန်နိုင်ငံက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုဝေးနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ လူတိုင်းကို အခွင့်အရေးပေးတယ်ဆိုတာကို ဖေါ်ညွန်းလိုက်တဲ့အတွက် ဒီမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေက အင်မတန်မှ ဂုဏ်ယူတယ်။ ဒါပေမယ့် ပြန်ကြည့်မယ်ဆိုရင် Rishi Sunak က ဒီနိုင်ငံမှာ မွေးတဲ့အာရှနွယ်ဖွားဖြစ်ပါတယ်။ သူ့ရဲ့ မိဘတွေက အရှေ့ အာဖရိကနေပြီး ဗြိတိန်နိုင်ငံကို ပြောင်းလာသူတွေဖြစ်ပါတယ်။ အဖေက ဆရာဝန်ပါ။ အမေက ဆေးဆိုင်ဖွင့်ထားပါတယ်။ "

ဒါအပြင် ဝန်ကြီးချုပ်သစ် Rishi Sunak ဟာ ဗြိတိန်နိုင်ငံရေးလောကထဲကို ရောက်လာတဲ့နှစ်က (၇) နှစ်လောက်ပဲရှိသေးတယ်လို့လည်း ဒေါ်တင်ထားဆွေကပြောပါတယ်။

မြန်မာ့အရေးအပါအဝင် လူ့အခွင့်အရေးကိစ္စရပ်တွေမှာ သူ့အနေနဲ့ အာနည်းမှုတွေရှိနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က သုံးသပ်ပါတယ်။

"ကျနော်တို့အနေနဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဘာကြောင့်လည်းဆိုရင် ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖေါ်မှာဖြစ်သလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒကိုလည်း သူက အကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။ အခုချိန်ထိ သူ့အနေနဲ့ Boris Johnson အစိုးရမှာ ဝန်ကြီးအဖြစ်တာဝန်ယူကတည်းက နိုင်ငံခြားရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လုပ်ဆောင်တာမျိုး ကျနော်တို့ မတွေ့ရပါဘူး။ လူ့အခွင့်အရေးကိစ္စမှာဆိုရင်လည်း အားပေးပံ့ပိုးမှုလည်းမရှိခဲ့ပါဘူး။ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေကိုလည်း သူက ဝေဖန်မှုတွေရှိခဲ့ပါတယ်။ နောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ သဘောတူညီချက်တွေကိုလည်း သူက ဝေဖန်ခဲ့တာပါ။"

ဒါပေမယ့်လည်း ဗြိတိန်နိုင်ငံမှာ ဘယ်ပါတီအစိုးရပဲ တက်တက် မြန်မာနဲ့ ပတ်သက်ရင် မူဝါဒ သိပ်အပြောင်းအလဲ မရှိတဲ့အတွက် စစ်ကောင်စီအပေါ်မှာ ဝန်ကြီးချုပ် သစ်အနေနဲ့ ဆက်ပြီးဖိအားပေးသွားဖို့ရှိတယ်လို့ မြင်ကြောင်း ဒေါ်တင်ထားဆွေက ပြောပါတယ်။

" မြန်မာနိုင်ငံ အခုလက်ရှိအခြေအနေအရ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ်မှာ သူတို့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေရှိတယ်။ ဒါတွေကို ဆက်လက်ပြီး ထားရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဗြိတိန်အနေနဲ့ ခေါင်းခဲစရာ ကိစ္စက သူတို့ရဲ့ သံအမတ်ကြီးဟောင်း Vicky Bowman ကို ထိန်းသိမ်းထားတယ်။ အရေးယူထားတယ်။ ထောင်ဒဏ် အပြစ်ပေးခံထားရတယ်။ ပေးထားတာကလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေကို အကြောင်းပြပြီးပေးထားတယ်။ ဒါနဲ့ ပတ်သက်ပြီး အများက ယူဆထားတာကတော့ ဗြိတိသျှအစိုးရက စစ်အာဏာသိမ်းအဖွဲ့အပေါ်မှာ ထားတဲ့ သဘောထားက တင်းမာတယ်။ ဒါကို တန်ပြန်ဖို့ သံခင်းတမန်ခင်းနည်းအရ သံအမတ်ကြီးကို ပြန်ပေးဆွဲတာဆိုပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝေဖန်သုံးသပ်တာ ရှိပါတယ်။ အဲတော့ ပြန်ပေးဆွဲထားတဲ့အနေနဲ့ သံအမတ်ကြီးဟောင်း Vicky Bowman ကို ဖမ်းထားတယ်ဆိုရင် အပေးအယူဆိုတာရှိရာမှာပေါ့။ ဒါပေမယ့် ဗြိတိသျှအစိုးရအနေနဲ့ အပေးအယူလုပ်မယ်လိုတော့ မထင်ဘူး။ လက်မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စကစ ကိုဆက်လက်ဖိအားပေးမယ်၊ ဆက်လက်ပြီးတော့ သဘောထားတင်းမယ်လို့ ယူဆနိုင်ပါတယ်။"

ကွန်ဆာဗေးတစ်ပါတီ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Sunak ဟာ အင်္ဂါနေ့က ဗြိတိန်ဘုရင် ချားလ်စ်ကို ဘန်ကင်ဟမ်နန်းတော်မှာ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

XS
SM
MD
LG