သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ယက်ကုန်း စာသင်ကျောင်းပစ်ခတ်မှုအပေါ် တုံ့ပြန်မှုများ 


လက်နက်ကြီးနဲ့ ရဟတ်ယာဉ်နှစ်စင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်ယက်ကုန်း တွဲဖက်အလယ်တန်းကျောင်း (စက်တင်ဘာလ ၁၆၊ ၂၀၂၁)
လက်နက်ကြီးနဲ့ ရဟတ်ယာဉ်နှစ်စင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်ယက်ကုန်း တွဲဖက်အလယ်တန်းကျောင်း (စက်တင်ဘာလ ၁၆၊ ၂၀၂၁)

စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း တွဲဖက်အလယ်တန်းစာသင်ကျောင်းကို စစ်တပ်က တိုက်ခိုက်ခဲ့တာ သီတင်းနှစ်ပတ်ကျော်ရှိလာပေမယ့် သေဆုံးခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘတွေကတော့ အခုချိန်ထိ သူတို့ သားသမီးတွေ ပြန်လာဦးမလားဆိုပြီး မျှော်လင့်နေဆဲဖြစ်ကြောင်း တတိယတန်းကျောင်းသားရဲ့ မိဘတဦးက ဗွီအိုအေကိုပြောပါတယ်။ ကလေး ခြောက်ယောက်အပါအဝင် အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကို ကမ္ဘာကြီးအနေနဲ့ အပြစ်ပေးအရေးယူဖို့ ကုလသမဂ္ဂအကြီးအကဲတွေက တောင်းဆိုထားသလို၊ IIMM-နိုင်ငံတကာစုံစမ်းရေးအဖွဲ့ကလည်း ဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့အတွက် အထောက်အထားတွေ စုဆောင်းနေတယ်လို့ဆိုပါတယ်။
မအင်ကြင်းနိုင်က အသေးစိတ်ကို ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက တွဲဖက်အလယ်တန်း စာသင်ကျောင်းကို စက်တင်ဘာလ (၁၆)ရက်နေ့မှာ စစ်တပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ ဝေဟင်ကနေ တနာရီကျော်ကြာပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်ကနေလည်း လေးဖက်လေးတန်ပိတ်ပြီး နာရီပေါင်းများစွာကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေကပြောထားပါတယ်။ ကလေး ခြောက်ဦးအပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ရာမှာ အခု လက်ရှိ နောက်ဆုံးအခြေအနေ သိရအောင် လက်ယက်ကုန်း စာသင်ကျောင်းက (၉ ) နှစ်အရွယ် သုံးတန်းကျောင်းသားတဦးရဲ့ ဖခင် ဆရာသိုက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

"ခွဲစိတ်ကုသခံယူပြီး ပြန်ရောက်လာတဲ့ ကလေးတယောက်ရှိတယ်။ သူက မျက်ခုံးကိုခုနှစ်ချက်လောက် ချုပ်ထားတယ်ဗျ။ စဖြစ်တုန်းကတော့ ကျောင်းသား (၁၀) ယောက်ကို ရေဦးကို ခေါ်သွားတယ်ပေါ့ဗျာ။ အဲဒီ (၁၀) ယောက်ထဲက နှစ်ယောက်ကို အရေးပေါ်ကုရမယ်ဆိုပြီး မုံရွာခေါ်သွားတယ်။ အဲဒီထဲက တယောက်ကို ရန်ကုန်ပို့လိုက်တယ်။ အဲဒီကလေးရဲ့ အခြေအနေက တော်တော်ဆိုးတယ်။ မုံရွာကို ခေါ်သွားတဲ့ကလေးကတော့ မျက်ခုံး ရှစ်ချက်ချုပ်ပြီး ပြန်ရောက်လာပြီ။"

သုံးတန်းအရွယ် သားဖြစ်သူကတော့ ကျောင်းနံရံအုတ်တံတိုင်းကို တဝမ်းကွဲမောင်နှမတွေနဲ့ ကျော်လွှားပြီး အနီးအနားကျေးရွာအထိ ပြေးကြချိန်မှာ စာသင်ခန်းတွေထဲမှာ ကျည်ဆံထိမှန် သေဆုံးနေတဲ့ သူငယ်ချင်း ကျောင်းသူကျောင်းသားတချို့ရဲ့ မြင်ကွင်းတွေကို တွေ့ခဲ့ရတဲ့ ကလေးတွေအနေနဲ့ အဖြစ်ဆိုးတွေကို မေ့ဖျောက်လို့မရတဲ့ အခြေအနေကိုလည်း ဆရာသိုက်က အခုလို ပြောပြပါတယ်။

"အဲဒီ နှစ်တန်းကျောင်းသူလေးက သူနဲ့ အတူတက်တဲ့ စာသင်ခန်းနဲ့ ကပ်ရပ်ထိုင်တဲ့ ကလေးမလေးက လက်နက်ကြီး ကျည်ဆံထိမှန်ပြီးတော့ ကျဆုံးသွားတာပေါ့ဗျာ။ ခန္ဓာကိုယ်ကို အခုချိန်ထိ ရှာမတွေ့တော့ဘူးဗျာ။ ကလေးမလေးရဲ့ ခန္ဓာကိုယ်က တစစီကို လွတ်ထွက်သွားတာတဲ့။ စစ်သားတယောက်က ပီနန်အိတ်နဲ့ ကောက်ပြီးတော့ ထည့်သွားတယ်လို့တော့ ကြားတယ်ဗျ။"

ဒဏ်ရာ သိပ်မပြင်းထန်တဲ့ ကလေးအရေအတွက် (၃၀) ကျော်ရှိတယ်လို့လည်း ဆရာသိုက်က ဆိုပါတယ်။ လက်ယက်ကုန်း တွဲဖက်အလယ်တန်းကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက် ၃၅၀ ကျော်လောက်ရှိပြီး ဆရာ၊ ဆရာမပေါင်း ၂၀ ပတ်ဝန်းကျင်လောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။ လက်ယက်ကုန်းရွာ အနီးက အခြားရွာမှာ နေထိုင်တဲ့ ဆရာသိုက်ရဲ့ သားအပါအဝင် အခြားရွာတွေက ကျောင်းသူကျောင်းသားတွေဟာ လက်ယက်ကုန်း ဘုန်းကြီးကျောင်းထဲမှာ ဖွင့်ထားတဲ့ တွဲဖက်အလယ်တန်းကျောင်းကို နေ့စဉ် သွားရောက်သင်ယူနေကြတာဖြစ်ပါတယ်။ ဒီကျောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ (၂၁)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားရာမှာ- အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ပဲ KIA အမည်ခံအကြမ်းဖက်သောင်းကျန်သူတွေနဲ့ ဒေသခံ PDFတွေကို ပြန်ပြီးချေမှုန်းတာဖြစ်ကြောင်း အခုလိုပြောသွားပါတယ်။

" ကေအိုင်အေ အမည်ခံအကြမ်းဖက်သောင်းကျန်သူတွေက ရွာသားတွေအကုန်လုံးကို ဘုန်းကြီးကျောင်းကို ခေါ်သွားတယ်။ ဘုန်းကြီးကျောင်း အောက်ထပ်မှာ နေခိုင်းပြီးတော့ လူသားဒိုင်းသဖွယ်အသုံးပြုပြီးတော့ သူတို့ တပ်ကို ဝိုင်းဝန်းပစ်ခတ်ခဲ့တာဖြစ်တယ်။ ဝိုင်းဝန်းပစ်ခတ်တဲ့အချိန်မှာ ကျနော်တို့လည်း ဒီနေရာကို ပစ်ခတ်ခဲ့ရတာတွေရှိတယ်။"

တကယ်တမ်းဖြစ်စဉ်မှာ ဘယ်အဖွဲ့နဲ့မှ အပြန်အလှန်ပစ်ခတ်တာမရှိပဲစစ်တပ်ဘက်ကပဲ တရစပ်ပစ်ခတ်ခဲ့တာဖြစ်သလို ဒေသခံတွေရဲ့ အမြင်မှာလည်း စစ်အာဏာသိမ်းတာကို မလိုလားသူတွေကို ကြောက်ရွံအောင်နဲ့ ဒုက္ခရောက်စေလိုတဲ့ ရည်ရွယ်ချက် စစ်ကောင်စီမှာ ထင်ထင်ရှားရှားရှိနေတယ်လို့ ဆရာသိုက်က ပြောပါတယ်။

" အရပ်လို ပြောရမယ်ဆိုရင် ဒလံသတင်းပေးမှုပေါ့ဗျာ။ အဲဒီရွာက ရွာသားတဦးရဲ့ သတင်းပေးမှုပေါ့။ ဒီစာသင်ကျောင်းကို ဒုက္ခရောက်အောင်၊ ကလေးမိဘတွေ အကုန်လုံး ကစင့်ကလျားဖြစ်အောင် လက်စားချေတဲ့သဘောမျိုး လုပ်သွားတာဗျ။ စစ်ကောင်စီသတင်းပေးဆိုတဲ့သူပေါ့ဗျာ။ ကလေးတွေကျောင်းကို ပစ်မှတ်ထားပြီးတော့ တိုင်လိုက်တာပေါ့။ ဘာ PDF ဘာမှမရှိတဲ့ နေရာကြီးကို။ ဒါ သပ်သပ် ရပ်ရွာဒုက္ခရောက်အောင် လုပ်သွားတာပေါ့။"

စက်တင်ဘာလ (၂၆)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံကို တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ယာယီမဟာမင်းကြီး Nada Al- Nashif ရဲ့ မြန်မာနိုင်ငံအစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ရဲ့ နိုင်ငံတဝှမ်းထိုးစစ်ဆင်မှုတွေကိုကြည့်ရင် သူတို့ကို ဆန့်ကျင်တိုက်ခိုက်သူတွေကို ပစ်မှတ်ထားရုံတင်မဟုတ်ပဲ စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ထောက်ခံတယ်လို့ ယူဆတဲ့ အသိုင်းအဝိုင်းမှန်သမျှကိုပါ ရည်ရွယ်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အခုလိုပြောသွားပါတယ်။

"စစ်နည်းဗျူဟာတွေမှာ မခွဲခြားပဲ လက်နက်နဲ့ အင်အားသုံး တိုက်ခိုက်တာတွေပိုပြီးများလာနေပါတယ်။ မုတ်သုံရာသီအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးအမြောက်တွေကို အသုံးပြုတိုက်ခိုက်မှုတွေ တိုးလာနေတာကြောင့် အရပ်သားတွေ၊ လူနေအိမ်ခြေတွေကို သိသိသာသာထိခိုက်စေပါတယ်။ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွေအပြင် ကချင်၊ ရှမ်း၊ ကယား၊ ကရင်ပြည်နယ်တွေမှာဆိုရင်လည်း စစ်တပ်ရဲ့ မြေပြင်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း စာသင်ကျောင်းတွေနဲ့ လူနေအိမ် အဆောက်အအုံ စုစုပေါင်း ၃၀၀၀၀လောက်မီးရှို့ဖျက်စီး ခံခဲ့ရပါတယ်။"

တဆက်တည်းပဲ လက်ယက်ကုန်းကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လည်း Nada Al- Nashif က အခုလို ထည့်သွင်းပြောသွားပါတယ်။

" စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်းကျေးရွာမှာ စက်တင်ဘာလ ၁၆ ရက်နေ့က နောက်ထပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ- စစ်တပ်ဟာ စာသင်ကျောင်းနဲ့အနီးအနားက ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံးကလေး ခြောက်ဦးလောက် သေဆုံးပြီး ဆရာ၊ ဆရာမ တွေအပါအဝင် ကလေးအများအပြားလည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲ ကလေး ၉ ယောက်နဲ့ ဆရာ၊ ဆရာမ နှစ်ယောက်ကို စစ်တပ်က ခေါ်ဆောင်သွားခဲ့ပြီးတော့ သူတို့ဟာ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မျက်မြင်တွေက ပြောပြခဲ့ပါတယ်။"

စက်တင်ဘာလ (၂၇)ရက်နေ့က ထုတ်ပြန်တဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ရဲ့ ကြေညာချက်မှာ- နိုင်ငံတကာ စစ်ဥပဒေအရ အရပ်သားတွေပေါ် အလွန်အကျွံ တိုက်ခိုက်မှုမလုပ်နိုင်အောင် တားမြစ်ထားပြီး၊ ဒီတားမြစ်ချက်ကို ကျူးလွန်ရင် စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုအဖြစ် အပြစ်ပေးအရေးယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် လက်ယက်ကုန်း စာသင်ကျောင်းကို မြန်မာစစ်တပ်က ဝေဟင်ကနေရော မြေပြင်ကနေပါ တိုက်ခိုက်မှုကို စစ်ရာဇဝတ်ကျူးလွန်မှုဖြစ်နိုင်တဲ့ အထောက်အထားတွေစုဆောင်းနေတယ်လို့လည်း IIMM ကဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ စစ်ဘက်ဆိုင်ရာ နည်းလမ်း၊ ဥပဒေတွေကို လိုက်နာတာဝန်ယူခြင်းမရှိပဲ စာသင်ကျောင်းတကျောင်းအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်တဲ့ဖြစ်ရပ်ကို ကမ္ဘာကြီးအနေနဲ့ ဝိုင်းဝန်းအရေးယူကြဖို့လည်း ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews က စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

"ဒီဖြစ်ရပ်ကို ကမ္ဘာကြီးသိဖို့ အလွန်အရေးကြီးပါတယ်။ ဒီကျူးလွန်မှုကို အပြစ်ပေးကြဖို့ ကမ္ဘာကြီးအတွက် အလွန်အင်မတန်ကို အရေးကြီးပါတယ်။ မြန်မာပြည်သူတွေအပေါ် ပျက်ကွက်မှုတွေကို ရပ်တန့်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ လက်တွေ့အရေးယူဆောင်ရွက်ပေးကြဖို့ အလွန်အရေးကြီးပါတယ်။ ပြောမပြနိုင်လောက်အောင်ခံစားနေရတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ကောင်းမွန်တဲ့ ကမ္ဘာဖြစ်လာဖို့ သူတို့ လုပ်ပေးနိုင်ပါတယ်။"

ဒါအပြင် စစ်ကောင်စီလက်အောက်မှာ မြန်မာပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း Tom Andrews က အခုလိုပြောသွားပါတယ်။

" မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို သိချင်တယ်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက ကျောင်းတကျောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို ကြည့်ရင် ဘယ်လောက်အထိ အခြေအနေတွေဆိုးနေသလဲဆိုတာ ခင်ဗျားတို့ နားလည်ပါလိမ့်မယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိနေတဲ့ စာသင်ကျောင်းကို နိုင်ငံခြားကဝယ်ယူထားတဲ့ ရဟတ်ယာဉ်နှစ်စင်းနဲ့ မီးကုန်ယမ်းကုန်ပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်ကနေလည်း စစ်သားတွေဟာ ကျောင်းဝင်းထဲဝင်ပြီး လက်နက်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။"

လက်ရှိမှာတော့ လက်ယက်ကုန်းစာသင်ကျောင်းကို စစ်တပ်က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိဘတွေကတော့ သူတို့ကလေးတွေ ပြန်လာမလားဆိုတာကို မျှော်လင့်နေကြဆဲဖြစ်တယ်လို့ ဆရာသိုက်ကပြောပါတယ်။

" သေသွားတဲ့မိဘတွေကတော့ အခုချိန်ထိ ဒီဖြစ်စဉ်ကြီးကို လက်မခံနိုင်သေးဘူး။ ကိုယ့်သားသမီး ဘယ်အချိန်ပြန်လာမလဲဆိုတဲ့ စိတ်နဲ့ အကုန်လုံးက မျှော်နေကြတာပေါ့။ ကိုယ့်သားသမီးတွေကို ကိုယ့်မျက်မြင်ရှေ့ သေဆုံးတယ်ဆိုတာ မတွေ့ခဲ့ရတော့ ခန္ဓာကိုယ်လည်းမတွေ့ရ၊ အပိုင်းအစတွေလည်း မတွေ့ရ၊ အကုန်လုံးလက်စ လက်နဖျောက်ပြီးတော့ ကားပေါ်တင်သွားတာ။ အခုချိန်ထိ လက်မခံနိုင်ကြသေးဘူးဗျာ။"

XS
SM
MD
LG