သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ Sean Turnell ပြစ်ဒဏ်ချမှု AI ဝေဖန်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ အစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီးသုံးဦးအပါအဝင် စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell တို့ကို ထောင်ဒဏ် သုံးနှစ် စီ ဒီကနေ့ ချမှတ်လိုက်တာဟာ အရပ်သားအစိုးရကို တယောက်မှမကျန်ရအောင်အပြီးသတ်ချေမှုန်းဖို့ စစ်ကောင်စီဘက်က အစီအစဉ်ချလုပ်ဆောင်တာ ဖြစ်တယ်လို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ Sean Turnell ကို ချက်ချင်းလွှတ်ပေးရေး သြစတြေးလျအစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးဟောင်းကလည်း တိုက်တွန်းလိုက်ပါတယ်။
အေပီသတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က ပြောပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအဖွဲ့ဝင်တချို့အပါအဝင်၊ စီးပွားရေးအကြံပေးတို့ကို ဒီကနေ့ ကြာသပတေးနေ့မှာ ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တဲ့လုပ်ရပ်က အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ဖြုတ်ချခဲ့တဲ့ အရပ်သားအစိုးရ အကြွင်းအကျန်မှန်သမျှ အပြီးသတ်ချေမှုန်းရေး အစီအစဉ်နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ပြောခွင့်ရ Joe Freeman က အခုလိုပြောပါတယ်။


"သူနဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် စွဲဆိုထားတဲ့ ဆွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ အကွက်ဆင်ထားတဲ့အမှုတွေဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်မိုးမလင်းခင်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့တဲ့ အရပ်သားအစိုးရကို တယောက်မှမကျန်ရအောင် အပြီးသတ်ချေမှုန်းဖို့ အစီအစဉ်ချ လုပ်ဆောင်တာဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်စီရင်ချက် ချမှတ်တဲ့အထဲမှာ အမှုတွဲ အဖြစ်ပါခဲ့တဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ကို အမြန်ဆုံးချက်ချင်းလွှတ်ပေးဖို့ AI အဖွဲ့ကတောင်းဆိုကြောင်း Joe Freeman ကပြောပါတယ်။


"မနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရတဲ့ ထောင်နဲ့ချီ အကျဉ်းသားတွေလိုပဲ Sean Turnell ဟာ မျှတတဲ့ တရားစီရင်မှုကို ငြင်းဆိုခံရပြီး ဥပဒေရေးရာ အကူအညီ ဒါမှမဟုတ် ကောင်စစ်ဝန်အကူအညီ စတာတွေကို ငြင်းပယ်ခံခဲ့ရပါတယ်။ သူ့ကို ချက်ချင်းလွှတ်ပေးသင့်ပြီး မိသားစုဆီကို ပြန်ခွင့်ပြုသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

သြစတြေးလျနိုင်ငံ Macquarie University ကစီးပွားရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Turnell ကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ပေးအပ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီး ငါးရက်မြောက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာချိန် သူ့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့လည်း တရားစွဲထားတာဖြစ်ပြီး လပေါင်း ၂၀ နီးပါး ထိန်းသိမ်းခံရပြီးနောက် အခုလို အမှုနှစ်မှုလုံးပေါင်းပြီး ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရတာပါ။ Sean Turnell ကို ဒီကနေ့ ထောင်ဒဏ်စီရင်ချက် ချလိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးဟောင်း Nicholas Coppel ကအခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

" တကယ့်ကို ဆိုးဝါးတဲ့သတင်းပါ။ ဒီအမှုတွေဟာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်တွေဖြစ်ပါတယ်။ တံခါးပိတ်တရားစီရင်မှုဖြစ်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိ၊ တရားမျှတမှုလည်း လုံးဝမရှိပါဘူး။ ဆိုလိုတာက အခုလိုစီရင်ချက်ချပြီးရင် စစ်တပ်က သူနဲ့ ပတ်သက်လို့ ဘာဆက်လုပ်မလဲ။ အရင်ကဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေဖမ်းဆီးခံရတဲ့ ကိစ္စမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ ပြည်နှင်ဒဏ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် သြစတြေးလျအစိုးရအတွက် နောက်တဆင့်လုပ်ရမှာက Sean Turnell အနေနဲ့ သြစတြေးလျကို လုံခြုံစိတ်ချစွာနဲ့ အမြန်ဆုံး ပြန်လာနိုင်ရေး အစီအစဉ်တွေကို ကြိုးစားညှိုနှိုင်းရလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။"

သြစတြေးလျအစိုးရအနေနဲ့ ဝေဖန်မှုတွေကြားက Sean Turnell အမြန်ဆုံးလွတ်မြောက်ရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်းလည်း Nicholas Coppel ကအခုလို တိုက်တွန်းသွားပါတယ်။

"ဒီကိစ္စကတော့ သူ့အလိုအလျောက်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်ဟာ သြစတြေးလျအစိုးရအတွက် စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ဖို့ အရေးကြီးတဲ့အချိန်လို့ ကျနော်ထင်ပါတယ်။ ဒီလို စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရင်လည်း သူတို့ကို တရားဝင်အစိုးရအဖြစ်သဘောထားတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေဘက်က ဝေဖန်ကြမှာပါ။ ဒါပေမယ့် ကျနော်တို့ရဲ့ ဦးစားပေးရည်မှန်းချက်က Sean Turnell အနေနဲ့ သူ့အိမ်ကို အတတ်နိုင်ဆုံး အမြန်ဆုံးပြန်ရောက်ရေး ဆိုတဲ့ မူအပေါ်မှာ လုပ်ရမှာပါ။ ဒီအတွက်လည်း မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျသံရုံးကို ညွန်ကြားချက်တွေပေးမယ်ဆိုတာ သေချာပါတယ်။"

အခုလို Sean Turnell အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာကို လက်မခံတဲ့အကြောင်းနဲ့ ချက်ခြင်းပြန်လွှတ်ပေးဖို့ သြစတေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong က မြန်မာစစ်ကောင်စီကို ပြောဆိုပါတယ်။

ဒီကနေ့ နေပြည်တော်အထူးတရားရုံးက အမိန့်ချမှတ်တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell တို့အမူတွဲထဲမှာပါတဲ့ NLD အစိုးရလက်ထက်က ဘဏ္ဍာရေး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ကိုလည်း အလုပ်မပါ ထောင်ဒဏ် ၃ နှစ်စီ စီရင်ချက်ချခဲ့ပါတယ်။ အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုစွဲချက်နဲ့ ဒီကနေ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချခံရတာဖြစ်ပါတယ်။ အရင်ချမှတ်ထားတဲ့ ထောင်ဒဏ်စီရင်ချက်တွေနဲ့ ပေါင်းရင် လောလောဆယ် ထောင်ဒဏ်အနှစ် ၂၃ သုံးနှစ်ရှိနေပါတယ်။ လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်စည အမှုပေါင်း ၇ မှုကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

 ဒေါ်စုနဲ့ Sean Turnell ပြစ်ဒဏ်ချမှု AI ဝေဖန်
please wait

No media source currently available

0:00 0:04:33 0:00

----------------------------














XS
SM
MD
LG