သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာဈေးနဲ့အတူ ကုန်ဈေးနှုန်း တက်ရိပ်ပြ


မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေများ
မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေများ

ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာတဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ မနေ့ ဗုဒ္ဓဟူးနေ့က စံချိန်တင် မြင့်တက်သွားပါတယ်။

အခုလို ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုကြောင့် တရိတ်ရိတ်တက်လာနေတဲ့ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ပိုပြီးမြင့်တက်လာမယ့် အရေး ပြည်သူအများ စိုးရိမ်နေကြပါတယ်။

စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

အမေရိကန် ဒေါ်လာတန်ဖိုးမြင့်လာတာကြောင့် မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့မှာ ရိုက်ခတ်မှုတွေရှိနေတာပါ။ မြန်မာနိုင်ငံမှာတော့သြဂုတ်လ ၁၅ ရက်နေ့ တရက်တည်းမှာပဲ တဒေါ်လာကို ကျပ်ငွေ ၁၅၂၅ အထိ ဈေးပေါက်ခဲ့တဲ့ အတွက် အမြင့်ဆုံးနားထိ မြင့်တက်ခဲ့တယ်လို့ ပြောရမှာပါ။

ဒါဟာ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ဈေးကွက် မြန်မာနိုင်ငံမှာ ခိုင်မာမှုမရှိတဲ့အတွက် ပိုပြီးခံရတယ်လို့ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်နေသူလည်းဖြစ်၊ NLD စီးပွားရေး အကြံပေးဟောင်း တဦးလည်းဖြစ်တဲ့ ဦးမင်းခင် ကပြောပါတယ်။

“အဓိကအကြောင်းကတော့ ကမ္ဘာ့ဒေါ်လာဈေးတက်တာပဲလေ။ တကမ္ဘာလုံးတက်။ ဒေါ်လာနဲ့ယှဉ်ရင် အခြားငွေတွေက ကျနေတာကို။ ဒါပေမဲ့ ဒီမှာကတော့ မရေရာတာ၊ မတည်ငြိမ်တာတွေက ရှိနေတယ်လေ။ မှောင်ခိုဈေးကွက်ရှိတယ်။ ပုံမှန်နဲ့ မှောင်ခိုကြားမှာ အဖြူ၊ အမဲ မသဲကွဲပဲလုပ်ကိုင်နေတာတွေ ရှိတယ်။ အခု ၁၅၀၀ ကျော်သွားတာကတော့ ဗဟိုဘဏ်က သူတို့ ဈေးနှုန်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို ဖြုတ်လိုက်တာလေ။ ဖြုတ်လိုက်တော့ ဒီလိုအချိန်မှာ အလှုပ်အရမ်းကတော့ ရှိမှာပဲ။”

မေး။ ။ ဒါဆိုရင် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေရောင်းဝယ်တဲ့နှုန်းထား အရင်က သတ်မှတ်ထားတာကို ပယ်ဖျက်လိုက်တဲ့အတွက် အခြေအနေပိုပြီးဆိုးသွားတယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ အဲဒါကတော့ သိပ်အများကြီး ထူးတာတော့မဟုတ်ဘူး။ နဂိုကတည်းက manage float လို့ခေါ်တဲ့ ထိန်းချုပ်ပြီးတော့ နှုန်းယှဉ်မျှောတဲ့ စနစ်လို့ပြောတယ်။ ပြောပေမဲ့ ဗဟိုဘဏ်က ဒေါ်လာလဲ များများ ရောင်းမပေးနိုင်ဘူး။ ဝယ်လဲ မပေးနိုင်ဘူး။ ကန့်သတ်ထားတဲ့ နှုန်းတခုထဲမှာ တရားဝင် ရောင်းဝယ်ခွင့်ရှိတယ်။ ပုဂ္ဂလိက ဘဏ်တွေ၊ နောက်ပြီး ငွေလဲ ဆိုင်တွေပေါ့။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ဘဏ်တွေက ဗဟိုဘဏ် ကန့်သတ်ထားတဲ့ထဲမှာ တရားဝင် ရောင်းတာ၊ ဝယ်တာ ရှိပေမယ့် အဲဒီဈေးထက် ကျော်ပြီး ဝယ်တာ၊ ရောင်းတာတွေလည်း ရှိနေတယ်။ နောက် ဗဟိုဘဏ်က ရည်ညွန်းဈေးနှုန်း ထုတ်ပြန်တယ် ဆိုတာက တကယ်တမ်းတော့ သူ့အနေနဲ့ ဝယ်ပေးတဲ့ ရောင်းပေးတဲ့ ဈေးကို ထုတ်တာ မဟုတ်ဘူး။ တကယ်တမ်း ဗဟိုဘဏ်က ထိန်းချုပ်တယ်ဆိုတာမျိုး ထိထိရောက်ရောက် မရှိတာ ကြာပြီ။ ကန့်သတ်ချက်ကို ပယ်လိုက်လို့ အမှန်တကယ် သက်ရောက်မှုကတော့ သိပ်မရှိနိုင်ဘူး။

မေး။ ။ အဲတော့ ဗဟိုဘဏ်က ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ချက်ကို မူတည်ပြီးတော့ အတက်အကျကစားတဲ့ အပြင်က ငွေကြေးဈေးကွက်ကိုရော ထိခိုက်မှုရှိမရှိ ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ ဗဟိုဘဏ်က အရင်ကတည်းက ပြောပြီးသား။ တက်လာရင် တက်သလို၊ ကျလာရင် ကျသလို သူတို့အနေနဲ့ ရည်ညွန်းပြီး သတ်မှတ်ပေးတာ။ ညွန်းလို့ရအောင်။ ဒါပေမယ့် ဈေးကစားတဲ့သူတွေက ဗဟိုဘဏ်ဈေးနှုန်းအပေါ် ကြည့်ပြီးတော့ ကစားကြတာရှိတယ်။ တက်တဲ့အချိန်မှာ တက်ပြီးတော့ ကျရင်လည်း ဗဟိုဘဏ်သတ်မှတ်ချက်အပေါ် မူတည်ပြီး ကျသွားနိုင်တယ်။ ဒါက ဈေးကစားတဲ့သူတွေအတွက်ပေါ့။ အဲဒါက အဆိုးရော၊ အကောင်းရောရှိတယ်။

လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်း အရောင်းအဝယ်တွေမှာ ထိခိုက်မှုတွေရှိတယ်လို့ ရန်ကုန် လုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောပါတယ်။

“အွန်လိုင်းက မှာပြီးဝယ်တဲ့ ပစ္စည်းတွေအတွက် သူတို့ ဟိုမှာ ငွေလဲလှယ်နှုန်းကျတော့ မှာထားတဲ့ ပစ္စည်းတွေကျတော့ အခု ဈေးက ခုန်တက်သွားတော့ ပိုက်ဆံပိုပေးရတဲ့အခါကျတော့ အရှုံးပေါ်တာပေါ့။”

တချိန်တည်းမှာပဲ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တက်လာနေတဲ့အတွက် မြို့နေ အခြေခံလူတန်းစာတွေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်း ပိုပြီးရင်ဆိုင်နေကြောင်း အဲဒီ လုပ်ငန်းရှင် အမျိုးသမီးက ပြောပါတယ်။

“ဆန်ကကျတော့ အရင်က ၁၅၀၀ကျပ်လောက်နဲ့ ရတာကနေ အခုဆိုရင် ၂၀၀၀ ကျပ်ထိ ဖြစ်နေပြီ။ ဒီရက်ပိုင်းအတွင်း တက်နေတာပေါ့။ ကြက်သွန်ဈေးကတော့ မတက်ဘူး။ ဒါပေမယ့် ယိုးဒယားပစ္စည်းတွေ ဥပမာ- ယိုးဒယားကြာဇံ၊ ခေါက်ဆွဲ၊ ပဲနို့ စတဲ့ ယိုးဒယားက ဝင်လာတဲ့ ပစ္စည်းမှန်သမျှ တက်တယ်ဆိုတော့ စားသုံးတဲ့သူတွေက ချင့်ချိန်ရတော့ အဝယ် နည်းလာပြီပေါ့။ ဆယ်ခု ဝယ်မယ့်နေရာမှာ နှစ်ခုလောက်ပဲ ဝယ်တာပေါ့။ ရောင်းအားတွေကလည်း ကျလာတယ်ပေါ့နော်။”

ရန်ကုန်မြို့က နိုင်ငံခြား ငွေကြေးဈေးကွက်မှာ မနေ့အစောပိုင်းက တဒေါ်လာကို ကျပ် ၁၄၈၀ နဲ့ ဈေးဖွင့်ခဲ့ပြီး၊ တဖြည်းဖြည်း တက်လာခဲ့ရာ ဈေးပိတ်ချိန်မှာ ကျပ် ၁၅၂၅ အထိ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG