သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းမှာ သူပုန်တွေ အောင်ပွဲဆင်နွဲှ


ရုရှားကျောထောက်နောက်ခံရနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရဲ့ သံချပ်ကာကား ယာဉ်တန်းကို Debaltseve မြို့နားမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၅)
ရုရှားကျောထောက်နောက်ခံရနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရဲ့ သံချပ်ကာကား ယာဉ်တန်းကို Debaltseve မြို့နားမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၅)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Debaltseve မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေကို အနိုင်ရလိုက်တဲ့အတွက် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အနီးနားက Donetsk မြို့မှာ တနင်္လာနေ့က အောင်ပွဲခံတဲ့ ချီတက်ပွဲတွေ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ ရုရှားဘာသာစကားပြောတဲ့ အဲဒီဒေသမှာ ကုလသမဂ္ဂငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့တွေ စေလွတ်စောင့်ကြည့်ပေးဖို့ ယူကရိန်းအစိုးရက လုံခြုံရေးကောင်စီကို တောင်းဆိုနေချိန်မှာပဲ အဲဒီလို အောင်ပွဲခံတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

Donetsk မြို့က အောင်ပွဲခံတဲ့ အခမ်းအနားကျင်းပတဲ့နေ့ကို Fatherland Day အဖပြည်နေ့ဆိုပြီး ရုရှားနိုင်ငံမှာလည်း အမျိုးသားအားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တခြား ဒေသတွေမှာ ကျင်းပခဲ့တဲ့ အောင်ပွဲခံ အခမ်းအနားတွေရဲ့ပုံတွေထဲမှာတော့ အသစ်ခန့်အပ်ခံလိုက်ရတဲ့ Crimea ဝန်ကြီးချုပ်က Simferopol မြို့မှာ AK-47 မောင်းပြန်သေနတ်ကို ကိုင်ဆောင် ဝှေ့ယမ်းနေတဲ့ပုံနဲ့ Crimea ဒေသ Sevastopol မြို့က ရုရှား စစ်သင်္ဘောပေါ်မှာ ပြုံးပြီး အလေးပြုနေတဲ့ ကလေးငယ် တဦးပုံတို့လည်း ပါဝင်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းအရှေ့ပိုင်းဒေသကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့တွေစေလွတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီးက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထံ တောင်းဆိုလိုက်ပါတယ်။ Belarus နိုင်ငံ Minsk မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရလိုက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားနဲ့ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဘက်က ချိုးဖောက်ခဲ့တယ်လို့ ယူကရိန်းအသံအမတ်ကြီး Pavlo Klimkin က ပြောပါတယ်။

XS
SM
MD
LG