သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မြန်မာ ကြက်ခြေနီအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်


အမေရိကန်ကြက်ခြေနီအဖွဲ့နဲ့ မြန်မာကြက်ခြေနီအသင်းတို့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီမှု လက်မှတ်ထိုးပွဲ ရန်ကုန်မှာ ကျင်းပ။ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၁၁ စက်တင်ဘာ ၂၀၁၃။
အမေရိကန်ကြက်ခြေနီအဖွဲ့နဲ့ မြန်မာကြက်ခြေနီအသင်းတို့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီမှု လက်မှတ်ထိုးပွဲ ရန်ကုန်မှာ ကျင်းပ။ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၁၁ စက်တင်ဘာ ၂၀၁၃။
ဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းစဉ်တွေ ပိုမို ကျယ်ပြန့်လာစေရေးအတွက် အမေရိကန် ကြက်ခြေနီအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီမှု လက်မှတ်ထိုးပွဲကို ဒီကနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးခွဲမှာ ကျင်းပခဲ့ပါတယ်။ အခုမှ လက်မှတ်ထိုးပြီး တရားဝင်သဘောမျိုး ဖြစ်လာပေမဲ့လည်း ၂၀၀၅ ခုနှစ်ကစပြီး နှစ်ဘက် ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာပြီးနောက်ပိုင်း နိုင်ငံတကာ အသင်းအဖွဲ့တွေ၊ NGO အဖွဲ့အစည်းတွေ တဖွဲဖွဲ ရောက်လာကြတာမှာ အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းနဲ့ တခု အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် ကြက်ခြေနီအသင်းနဲ့ အခုမှ လက်မှတ်ထိုးပြီး တရားဝင် သဘောမျိုးဖြစ်လာပေမယ့် မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးနဲ့ လူအသေအပျောက် အများဆုံး သဘာ၀ ဘေးအန္တရာယ်လို့ ပြောလို့ရနိုင်တဲ့ ဆိုင်ကလုန်း နာဂစ် မတိုက်ခတ်ခင် ၂၀၀၅ ခုနှစ်ကတည်းက နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ သာလှရွှေ က ဗွီအိုအေကို ရှင်းပြပါတယ်။

“၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ဝက်သက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့နေရာမှာ သူတို့ အကူအညီ စပြီး ပေးလာပါတယ်။ ဒါပေမဲ့ အဲ့ဒီကြားထဲမှာလည်း လိုရင်လိုသလိုတော့ အကူအညီလေးတွေ သူတို့ဘက်က ပေးတာလေးတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ကြက်ခြေနီအသင်း နှစ်ခုအနေနဲ့ ဆက်သွယ်တယ်ဆိုပေမဲ့ အခုလို တရားဝင် လူသိရှင်ကြား လက်မှတ်တွေ ဘာတွေ ထိုးပြီးတော့ လုပ်တယ်ဆိုတဲ့ဟာမျိုးက မပေါ်ခဲ့ဘူး။ ဒါပေမဲ့ နာဂစ်တုန်းကတော့ သူတို့ဆီကနေ ဆရာတို့ကို ကူပါတယ်။ အများကြီးကို ကူခဲ့ပါတယ်။ သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပေးတယ်။ ကိုယ်စားလှယ်ကနေ သဘာဝဘေးအန္တရာယ်ရော၊ ဘာရော လုပ်ဖို့အတွက် တုံ့ပြန်ဖို့အတွက် ဘာတွေလုပ်သင့်တယ်။ ဘယ်လိုလုပ်ရမယ်။ ဆရာတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဆရာတို့ လုပ်ခဲ့တယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီနောက်ပိုင်းမှာလည်း ကာကွယ်ဆေးထိုးတဲ့ဟာတွေနဲ့ ပတ်သက်ပြီး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာ ကူပါတယ်။”

အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာတောင် နိုင်ငံတကာက အကူအညီတွေကို အာဏာပိုင်တွေဘက်က ချက်ချင်း လက်မခံခဲ့တဲ့အတွက် မလိုအပ်တဲ့ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်ခဲ့ရတယ်ဆိုပြီး ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာပါ။

အခုချိန်မှာတော့ အသစ်ပြောင်းလဲလာတဲ့ အစိုးရအဖွဲ့အစည်းနဲ့အညီ လုပ်ငန်း လုပ်ဆောင်မှုတွေမှာလည်း ပိုပြီး ပွင့်လင်း မြင်သာမှုတွေ ဖြစ်ပေါ်လာနေသလို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့အစည်းတွေလည်း မြန်မာကြက်ခြေနီအသင်းနဲ့အတူ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရောဂါ ကြိုတင် ကာကွယ်ရေးစတဲ့ လုပ်ငန်းတွေမှာ တိုးချဲ့ပြီး ပူးပေါင်း လုပ်ဆောင်လာနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နောင်မှာ နာဂစ်လို သဘာဝဘေးအန္တရာယ်အပါအဝင် တခြား မမျှော်လင့်တဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ အဆင်သင့်ဖြစ်အောင် မြန်မာကြက်ခြေနီ အသင်းအနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ် ဆိုတာကိုလည်း ဒေါက်တာ သာလှရွှေက ရှင်းပြပါတယ်။

“သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရင် ပြန်လည်ပြီးတော့ အမြန်ဆုံး တုံ့ပြန်နိုင်အောင်ဆိုပြီးတော့ သိုလှောင်ရုံ ၂၃ ရုံ မြန်မာတပြည်လုံးအနှံ့ ပြည်နယ်/တိုင်း အကုန်လုံးမှာ ဆရာတို့ ဖွင့်ထားတာတွေရှိပါတယ်။ အဲ့ဒီမှာလည်း ဆရာတို့အနေနဲ့က အပြည်ပြည်ဆိုင်ရာအဖွဲ့တွေ ဘာတွေက လှူဒါန်းတဲ့ငွေနဲ့ Emergency Management Fund ဆိုတာ ဘဏ်စာရင်းဖွင့်ထားတာ ရှိပါတယ်။ အဲ့ဒီဘဏ်စာရင်းဟာ ငွေစုဘဏ်အနေနဲ့ ဖွင့်ထားပြီး အဲ့ဒီကရတဲ့ အတိုးအမြတ်ကို အသုံးပြုပြီးတော့ Capital ကိုတော့ ထိလို့မရဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီကနေ ရတဲ့ အတိုးအမြတ်ကို အသုံးပြုပြီး ဆရာတို့က ပစ္စည်းတွေ ဝယ်ပါတယ်။ ပြီးရင် ဗမာတပြည်လုံးမှာရှိနေတဲ့ သိုလှောင်ရုံတွေကို ဖြန့်ထားပါတယ်။ မိသာစုသုံးပစ္စည်းတွေ၊ အမျိုးသမီးသုံး ပစ္စည်းတွေ၊ ကျောင်းသားတွေသုံးဖို့ ပစ္စည်းတွေ၊ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး သုံးနိုင်ဖို့ ကစ်တွေ အဲ့ဒါမျိုးတွေ အကုန်လုံးကို ဖြန့်ပြီးတော့ ထားပါတယ်။ အချိန်အခါမရွေး တကြိမ်တည်းမှာ ဆရာတို့က မိသားစု ၅ ထောင် ၁ သောင်းလောက်ကို တုံ့ပြန်နိုင်အောင် ကူညီနိုင်အောင် ပစ္စည်းတွေ ဖြန့်ထားတာပါ။”

အမေရိကန် ကြက်ခြေနီအသင်းအနေနဲ့တော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအတွက် ငွေကြေးအရ ထောက်ပံ့ပေးတာအပြင် သူတို့ ကျွမ်းကျင်တဲ့ နေရာဒေသတွေမှာ ပံ့ပိုး ကူညီပေးသွားမှာ ဖြစ်တယ်လို့ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပဒေသဆိုင်ရာ အမေရိကန် ကြက်ခြေနီအသင်း ညွန်ကြားရေးမှူး Mark Preslan က ပြောပါတယ်။

"အမေရိကန် ကြက်ခြေနီ အသင်းအနေနဲ့ ကျနော်တို့ ကျွမ်းကျင်တဲ့ နေရာတွေဟာ သဘာဝဘေးအန္တရာယ် လျှော့ချနိုင်ရေးနဲ့ အစီအစဉ် ချမှတ်ရေးဆွဲရေးတွေ ဖြစ်တာကြောင့် လုပ်ငန်းအရ ကျနော်တို့ ကျွမ်းကျင်တဲ့ အဲဒီ နေရာတွေကို အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် ပိုပြီး အကျိုးဖြစ်ထွန်းအောင် အဲဒီလို နေရာတွေကို ကျနော်တို့ အထူးပြု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ အမေရိကန် ကြက်ခြေနီအသင်းအပါအဝင် တခြား လခြမ်းနီအဖွဲ့၊ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ စတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘေးအန္တရာယ် လျှော့ချရေး၊ ဘေးဒုက္ခ စီမံခန့်ခွဲရေး၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေအပြင် အသင်းဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရှေ့တိုး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဘေးဒုက္ခကျရောက်နိုင်သော ရပ်ရွာ လူထုများနှင့် ကျောင်းသားလူငယ်များ၏ စွမ်းဆောင်ရည် မြင့်တင်ခြင်းဖြင့် ဘေးအန္တရာယ် ပိုမို ကင်းရှင်းအောင် လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ မြန်မာကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်ကလုန်း နာဂစ် တိုက်ခတ်တုန်းက အထိနာခဲ့တဲ့ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းက နေရာ ၅ နေရာက ကျောင်း ၅ ကျောင်းနဲ့ ရန်ကုန်မြို့လယ်အတွင်းမှာရှိတဲ့ ကျောင်း ၅ ကျောင်းတို့ကို အထူးဒေသအဖြစ် ရွေးချယ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေနဲ့ကတော့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာ ဒေသတွေတင်သာမကပဲ တခြား ဘေးဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတဲ့ IDP နေရပ် ရွေ့ပြောင်းခံရသူတွေအတွက်လည်း ကူညီ လုပ်ဆောင်ပေးသွားဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာ သာလှရွှေက ပြောပါတယ်။
XS
SM
MD
LG