သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး စီစဉ်မှုအတိုင်းဖြစ်မလာ


Unchiprang ဒုက္ခသည်စခန်းတွင်း နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဆန့်ကျင်ကြွေးကြော်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကလေးတဦး။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)
Unchiprang ဒုက္ခသည်စခန်းတွင်း နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဆန့်ကျင်ကြွေးကြော်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကလေးတဦး။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူထားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေကို ဒီကနေ့ နိုဝင်ဘာ၁၅ ရက်နေ့ကစပြီး ပြန်ပို့ဖို့စီစဉ်ထားပေမယ့် ပြန်လာချင်သူတွေ မရှိဘူး ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဘက် ပြန်မပို့ဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန္ဒပြနေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ထွက်ပြေးလာရတဲ့အခြေအနေမျိုး ပြန်မကြုံရဖို့အရေးကြီးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း သတိပေးနေပါတယ်။ VOA သတင်းထောက် William Gallo ရဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ Bangladesh နိုင်ငံကြား အောက်တိုဘာ ၃၀ ရက်နေ့က သဘောတူထားတဲ့အတိုင်း ဒုက္ခသည်ပထမအသုတ်အဖြစ် ၂ ထောင်ကျော်ကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်ပို့ဖို့ စီစဉ်ထားပေမယ့် ဒုက္ခသည်တွေ မပြန်ချင်တဲ့အတွက် ပြန်ပို့တဲ့အစီအစဉ်မဖြစ်ခဲ့ပါဘူး။ ဒါတင်မက Cox’s Bazar က ဒုက္ခသည်စခန်းမှာ မြန်မာ နိုင်ငံဘက်ကို မပြန်ချင်ဘူးလို့ ကြွေးကြော်ပြီး ဒုက္ခသည်ရာနဲ့ချီ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံသား အခွင့်အရေးမရတဲ့အတွက် မပြန်ချင်တာလို့ ဒုက္ခသည်တွေက ပြောနေကြပါတယ်။ ပြန်ပို့ခံရမှာ စိုးရိမ်လို့ ထွက်ပြေးပုန်းနေကြသူတွေလည်း ရှိပါတယ်။ ဒီကနေ့ပြန်ပို့ခံရမယ့်စာရင်းထဲမှာပါတဲ့ ဒုက္ခသည် Nurul Amin ကခုလိုပြောပါတယ်။

“ကျနော်တို့စခန်းထဲမှာ ရောက်နေတာ ၁၄ လရှိပါပြီ။ အခုမြန်မာနိုင်ငံပြန်ပို့ခံရမယ့်စာရင်းထဲမှာ ကျနော့် နာမည် ပါနေပါတယ်။ ဒါကြောင့် ပြန်ပို့ခံရမှာစိုးလို့ အဲဒီစခန်းကနေထွက်ပြေးလာပြီး ဒီမှာပုန်းနေတာပါ။ ကျနော်တို့ ဆုံးရှုံးခဲ့တာတွေ ပြန်လျော်ပေးမယ်။ ကျနော်တို့အခွင့်အရေး အားလုံး ပေးမယ်ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်မှာပါ။ ဒါပေမဲ့ ကျနော်တို့ကို စခန်းတွေထဲမှာထားမယ်လို့ ကြားပါတယ်။ စခန်းတွေထဲမှာကျနော်တို့ မနေချင်ပါဘူး။ သူတို့ကမ်းလှမ်းတဲ့ NVC ကဒ်လည်း ကျနော်တို့ လက်မခံပါဘူး။ ဒါကြောင့် ပြန်မသွားပါဘူး။”

၂၀၁၇ ခုနှစ်က နယ်စပ်ကင်းစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့တိုက်ခိုက်ခဲ့တဲ့နောက် မြန်မာ လုံခြုံရေး တပ် တွေ နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးခဲ့သူ သိန်းချီထဲက ဖြစ်ပါတယ်။ ကုလ သမဂ္ဂ စာရင်းအရ ၇ သိန်း ထက်မနည်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်နိုင်ရေး တိုက်တွန်းဆောင်ရွက် နေကြတာ ပါ။မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြား ဒုက္ခသည်ပြန်ပို့ရေး သဘောတူ လိုက်ပေမယ့် ဒုက္ခသည်တွေ ကိုယ်ပိုင်ဆန္ဒနဲ့ ပြန်နိုင်ဖို့အရေးကြီးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြနေကြပါတယ်။

“သူတို့အတွက်က တရားမျှတမှုနဲ့ သူတို့ကြောခိုင်းခဲ့တဲ့ ပဋိပက္ခအခြေအနေမျိုးပြန်မရောက်စေရဘူး။ ဖိနှိပ် နှိပ်စက်မှုတွေ ထပ်ပြန်မခံရပါဘူးဆိုတဲ့ အာမခံချက်လိုပါတယ်။ ခုထိတော့ဒီအာမခံချက်တွေ ပေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။”

Human Rights Watch အဖွဲ့က ဒုက္ခသည်အစီအစဉ်ဆိုင်ရာ ဒါရိုက်တာ Bill Frelich ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက် မပြန်ချင်လို့ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးနေကြတဲ့ဒုက္ခသည်တွေကို Bangladesh တပ်တွေက တားဆီးဖို့ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ မြန်မာကိုပေးတဲ့စာရင်းက ကြုံသလို ကျပန်းရွေးထားတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဒုက္ခသည်ပြန်ပို့ရေးဆိုင်ရာ အကြီးအကဲကို ကျနော်မေးတော့ ဒုက္ခသည်စာရင်းကောက်ထားတဲ့ ထဲက ကျပန်းရွေးလိုက်တာလို့ ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ဆန္ဒမပါပါဘူး။”

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောပေမယ့် လက်တေ့ွ အခြေအနေတွေ အရ ဒုက္ခသည်တွေ ရေရှည်ပြန်နေနိုင်ဖို့ လုံလောက်တဲ့အခြေအနေမရှိသေးဘူးလို့ အမေရိကန်နဲ့ ကုလသမဂ္ဂက ပြောနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်ပြဿနာကိုင်တွယ်ပုံနဲ့ ပတ်သက် လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်နဲ့ စင်္ကာပူမှာမနေ့ကတေ့ွဆုံခဲ့စဉ် အမေရိကန် ဒုသမ္မတ Mike Pence က ဝေဖန်ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ ဒီဝေဖန်မှုတွေကို လက်မခံပါဘူး။ ဒါပေမယ့် အမေရိကန်ဘက်က ခုလို ပြတ်ပြတ်သားသား ပြောခဲ့တာကို Heritage Foundation က Olivia Enos ကကြိုဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်လုပ်ချင်တာလုပ်တာကို အရေးမယူတာကြောင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပါ တယ်။ ဒါကြောင့် သူတို့လုပ်ရပ်ကိုစောင့်ကြည့်နေတယ်။ တာဝန်ရှိသူတွေ တာဝန်ခံဖို့ လိုတယ်လို့ မြန်မာနိုင်ငံ အပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေသာမက တခြားနိုင်ငံတွေက ဖိအားပေးပြောဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။”

ဒုက္ခသည်ပြန်ပို့ရေးပြန်ပို့ရေးသဘောတူထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ သူတို့အနေနဲ့ အတင်းအကြပ် ပြန်ပို့တာမျိုးမလုပ်ဘူးလို့ ကတိပြုခဲ့သလို ပြန်ပို့မယ့်စာရင်းထဲပါသူတွေ တကယ် ပြန်ချင်မှ ပြန်နိုင်ရေး ကူညီပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များကော်မရှင်နာမင်းကြီးရုံး UNHCR ကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG