သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရည်အချင်းရှိ ချင်းဒုက္ခသည် လူငယ်သေဆုံးမှု Kansas City မြို့ခံတွေ ဝမ်းနည်း


အသက် (၁၇)နှစ်အရွယ် ချင်းလူငယ် Om Kee Hata (ဓါတ်ပုံ- Global FC)
အသက် (၁၇)နှစ်အရွယ် ချင်းလူငယ် Om Kee Hata (ဓါတ်ပုံ- Global FC)

မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ် Kansas City ကို ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်တွေအဖြစ် ရောက်ရှိလာကြတဲ့ ချင်းမိသားစုအနက် အသက် (၁၇)နှစ်အရွယ် Om Kee Hata ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မတော်တဆ ရေနစ်သေဆုံးခဲ့ပါတယ်။ မိခင်နဲ့အတူ ရောက်ရှိလာတဲ့ သားသမီး ငါးဦးထဲက အကြီးဆုံးဖြစ်တဲ့ Om Kee Hata ဟာ အားကစားထူးချွန်တဲ့အတွက် ကျောင်းမှာလည်း ဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်ပါတယ်။

မိသားစုအတွက်လည်း တဖက်တလမ်းကနေပြီး ရှာဖွေကူညီပေးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့် အခုလို ရုတ်တရက်သေဆုံးမှုအတွက် မြို့ခံတွေက ဝမ်းနည်းမဆုံးဖြစ်နေကြပါတယ်။

အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။

အသက် (၁၇)နှစ်အရွယ် ချင်းလူငယ် Om Kee Hata ဟာ အသက် (၁)နှစ်ကနေ (၁၅)နှစ်အထိရှိတဲ့ ညီငယ်၊ ညီမငယ် လေးဦးနဲ့အတူ မိခင်နဲ့ အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ် Kansas City မှာ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်စခန်းကနေ လာရောက်အခြေချခဲ့တာဖြစ်ပါတယ်။ သူဟာ Miami ခရိုင်ရှိ Hillsdale ရေကန်မှာ ပြီးခဲ့တဲ့သတင်းပတ် ဇူလိုင်လ (၇)ရက် သောကြာနေ့က ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းကို ပြန်ရှာဖွေတွေ့ရှိခဲ့ရာမှာ ရဲက စစ်ဆေးခဲ့ပြီးနောက် Om Kee Hata ဟာ မတော်တဆ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲကဆုံးဖြတ်ခဲ့ပါတယ်။

ခုလို ဒုက္ခသည်ဘဝကနေ အခက်အခဲတွေ လွတ်မြောက်ကျော်လွန်ပြီး အမေရိကန်မှာ လာရောက်အခြေချနေထိုင်ခဲ့တဲ့ Om Kee Hata ရေနစ်သေဆုံးမှုအတွက် Kansas City ရှိ ရုပ်သံလွှင့်သတင်းဌာနနဲ့ သတင်းတွေမှာ အကျယ်တဝန့်ဖေါ်ပြခဲ့ကြပြီး သူနဲ့ သိကျွမ်းသူတွေကလည်း ဝမ်းနည်းမဆုံး ဖြစ်ကြတဲ့အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါတယ်။

Om Kee Hata ဟာ မိခင်ဖြစ်သူကို မိသားစုရဲ့ဝင်ငွေ တဖက်တလမ်းကရှာဖွေပေးနေသူ ဖြစ်တဲ့အတိုင်း နွေရာသီ အားလပ်ရက်တွေမှာ အလုပ်လုပ်ရာမှာ ဒီနှစ်မှာတော့ အရှေ့မြောက် Kansas City ကုန်သည်ကြီးများအသင်းမှာ အလုပ်ဝင်ခဲ့ပါတယ်။ ကုန်သည်ကြီးများအသင်းရဲ့ ဘုတ်အဖွဲ့ဥက္ကဌ Bobbi Baker Hughes က အခုလို Hata ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သတင်းမီဒီယာကို ပြောခဲ့ပါတယ်။

“ လူငယ်ချစ်ကြည်ရေးသံတမန်တွေအဖြစ် ဒီနှစ်အတွက် ကျမတို့က (၆)ဦးကို ငှားရမ်းခဲ့ပါတယ်။ သူတို့က ပန်းပင်တွေ စိုက်ကြတယ်။ ရေလောင်းကြတယ်။ ပေါင်းမြက်တွေ နုတ်ကြတယ်။ ကျမတို့ရဲ့ လမ်းတွေကို သာယာလှပအောင် လုပ်ပေးခဲ့ကြတယ်။ Hata က အခုလိုနွေရာသီမှာ သူအလုပ်လုပ်ပြီး သူ့မိသားစုကို ထောက်ပံ့ခဲ့တာပါ။ သူ့အဖေက မြန်မာနိုင်ငံမှာပဲ ကျန်ရစ်ခဲ့တဲ့အတွက် သူက မိသားစုရဲ့ဝင်ငွေကို တဖက်တလှမ်းက ရှာဖွေပေးနေသူဖြစ်ပါတယ်။ ကျမတို့ မြို့အတွက်တော့ အရည်အချင်းရှိတဲ့ အနာဂတ်လူငယ်တဦး ဆုံးရှုံးခဲ့တယ်လို့ ကျမခံစားရပါတယ်။”

ဖခင်ဖြစ်သူကတော့ မိခင်ကိုနှိပ်စက်တဲ့အတွက် မိခင်ဖြစ်သူက ဒုက္ခသည်စခန်းကနေအမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Kansas City သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ သူကတော့ သူ့ဖခင်ကို ခွင့်လွှတ်ပြီး အမေရိကန်ပြည်ထောင်စုကို တနေ့ လာရောက်အခြေချကာ မိသားစုတွေပြန်လည်စုံဆည်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူ့မြို့ရဲ့ဘောလုံးအသင်း ဥက္ကဌ Mariya Goodbrake ကိုပြောခဲ့တယ်လို့ အသင်းဥက္ကဌက သတင်းမီဒီယာတွေကိုပြောပါတယ်။ Goodbrake က Hata တို့လို ဒုက္ခသည် ကလေးတွေနဲ့ တွဲ အလုပ်လုပ်ခါ Global FC လို့ ခေါ်တဲ့ဘောလုံးအသင်းကို ထူထောင်ပြီး ဒုက္ခသည်ကလေးတွေကို ကူညီဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ Hata ဟာ ယဉ်ကျေးလိမ္မာပြီး စာကြိုးစာတဲ့သူဖြစ်တဲ့အပြင် ခေါင်းဆောင် အရည်အချင်းပြည့်ဝသူဖြစ်တယ်လို့ သူကရှုမြင်တာဖြစ်တယ်လို့ ပြောပါတယ်။ Kansas City ရှိ East High School ကျောင်းမှာ တက်နေသူ Hata ဟာ မနက်တိုင်း စောစောလာပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်ခဲ့ပြီး စိတ်ဓါတ်ခိုင်မာတဲ့သူဖြစ်တာ တွေ့ရတယ်လို့ သူရဲ့ အင်္ဂလိပ်စာ ဆရာ Doug Bartel ကသတင်းမီဒီယာကို ပြောခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား Hata ဟာ ဘောလုံးအားကစားမှာ ထူးချွန်တဲ့အတွက်ကြောင့်လည်း သူဟာ ကျောင်းရဲ့ ဘောလုံးအသင်း ကပ္ပတိန်ဖြစ်လာခဲ့ပါတယ်။

ဘောလုံးနည်းပြ John Parker က Hata ဟာ နှလုံးရည်လက်ရုံးရည်ရှိတဲ့ လူငယ်တဦးဖြစ်တဲ့အပြင် သူ့လို ကြိုးစားတဲ့လူငယ်မျိုး ရနိုင်ဖို့က ခက်ခဲတယ်လို့ သတင်းမီဒီယာကို ပြောခဲ့ပါတယ်။ ဒါအပြင် Hata ဟာ ဘောလုံးထူးချွန်တဲ့ အတွက်ကြောင့်လည်း ကောလိပ်မှာ အားကစားပညာတော်သင်ဆု တွေရရှိနိုင်မယ့် အရည်အချင်း ရှိသူဖြစ်တယ်လို့လည်း နည်းပြက သုံးသပ်ပါတယ်။

Hata ရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီစနေ ဇူလိုင်လ (၁၄)ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ကျန်ရစ်သူမိခင်နဲ့ ညီငယ် ညီမငယ်တို့အတွက် Hata ကိုအမှတ်တရရည်စူးပြီး ဒေါ်လာ ၂၀,၀၀၀ လှူဒါန်းဖို့ မြို့ခံတွေက ကြိုးပမ်းလျက်ရှိရာမှာ GoFundMe ဆိုတဲ့ webpage မှာ သွားရောက်လှူဒါန်းနိုင်တယ်လို့လည်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG