သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ ဖမ်းဆီးစစ်ဆေးခံရ


ကချင်ပြည်နယ် လဂတ်ယန်ခိုလှုံစခန်း ( သတင်းဓာတ်ပုံ- Jade Land)
ကချင်ပြည်နယ် လဂတ်ယန်ခိုလှုံစခန်း ( သတင်းဓာတ်ပုံ- Jade Land)
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အရင်က ကချင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေမှာရှိတဲ့ လဂတ်ယန် IDPဒုက္ခသည်စခန်းက ဒုက္ခသည် ၁၄ ယောက်ကို မြန်မာစစ်တပ် တပ်မ ၈၈ ရဲ့ လက်အောက်ခံတပ်တွေက ဖမ်ဆီးခေါ်ဆောင် သွားပါတယ်။ အဖမ်းဆီး ခံရသူတွေဟာ ဧပြီလ ၂၅ရက်နေ့ သူတို့စစ်ဆေးခဲ့တဲ့ စာရင်းထဲမှာ မပါသူတွေဖြစ်နေတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အိုးအိမ်မဲ့ စစ်ပြေးဒုက္ခသည်စခန်းဖြစ်တဲ့ လဂတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည်တချို့ဟာ ပြီးခဲ့တဲ့ လက တိုက်ပွဲတွေကြောင့် မန်ဝိန်းကြီး စခန်း အပါအဝင် တခြားနေရာတွေမှာ ခိုလံှုနေကြပါတယ်။ မြန်မာစစ်တပ်က ဧပြီလ ၂၅ရက်နေ့က လာရောက် စစ်ဆေးချိန်မှာတော့ ဒုက္ခသည် အရေအတွက် အားလုံးမစုံသေးချိန်မှာ လာရောက် စစ်ဆေးခဲ့တာပါ။
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)


လဂတ်ယန်IDP စခန်းတွင်းကို မေလ ၃ရက်နေ့မှာတော့ မြန်မာစစ်တပ်
တပ်မ ၈၈လက်အောက်ခံတပ်တွေက ရှောင်တခင်စစ်ဆေးပြိး နောက် စာရင်းထဲမှာ မပါတဲ့ ကချင် အမျိုးသား ၁၄ယောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက အခုလိုရှင်းပြပါတယ်။

" နေ့တိုင်းလာနေတယ်။ မနေ့ကလည်း ၁၀နာရီလောက်လာပြီးတော့မှ စကားလာပြောတာပေါ့လေ။ နောက်တော့ တစ်နာရီ၊ နှစ်နာရီကျတော့ တခြားလူပိုတွေရှိတယ်ဆိုပြီးတော့ တပ်ရင်းမှူးလာပြီးတော့ ရှာခိုင်းတာပေါ့။ ရှာခိုင်းတဲ့အခါကျတော့ ရှိရှိသမျှ ယောကျ်ားတွေကို စုထားပြီးမှ အဲ့တာ အခန်းတိုင်း၊ အခန်းတိုင်းမှာ ရှာတာပေါ့။ ယောကျ်ား ၁၄ယောက်ကို နာမည်မပါဘူးဆိုပြီးတော့မှ ခေါ်သွားတယ်လို့ပြောတယ်။ ဟုတ်တယ်။ အခုထိပြန်မပို့သေးဘူး။"

လဂတ်ယန် အိုင်ဒီပီစခန်းအပါအဝင် အိုင်ဒီပီ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ဦးရေဟာ ၈သောင်းခွဲနဲ့ တစ်သိန်းကြားမှာ ရှိပါတယ်။ လဂတ်ယန် ဒုက္ခသည် စခန်း ဟာ အရင်က ဒုက္ခသည် တထောင်ကျော်ရှိပြီး ဧပြီ ၁၀ရက်နေ့က တိုက် ပွဲ တွေဖြစ်ပြီး နောက် ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် စစ်တပ်က စစ်ဆေးချိန် လူဦးရေ ၃၈၀ကျော်ပဲ ရှိနေတာပါ။
ကချင်စစ်ပြေးဒုက္ခသည်မိသားစု
ကချင်စစ်ပြေးဒုက္ခသည်မိသားစု
အိုင်ဒီပီ ဒုက္ခသည် စခန်းအားလုံးဟာ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ရာ နေရာတွေမှာ ရှိနေတာပါ။ ၂၀၁၁ခုနှစ် ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သူတိုရဲ့ရွာတွေကို မပြန်နိုင်ပဲ ခိုလှုံနေထိုင်နေရတာပါ။ သူတို့ကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ အမိုးအကာနဲ့ စားစရာတချို့ကို အကူညီပေးထားပါတယ်။

လဂတ်ယန်စခန်းနဲ့နီးတဲ့ ကေအိုင်အေ စခန်းတချို့ဟာ ပြီးခဲ့တဲ့လ မှာဖြစ်တဲ့ တိုက်ပွဲတွေ အတွင်းမှာ ဆုတ်ခွါသွားတာကြောင့် အဲဒီ့နေရာတွေမှာမြန်မာ စစ်တပ်က ဝင်ရောက်နေရာယူထားပြီး လဂတ်ယန်စခန်းကို ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက သူတို့စခန်းတွေ ဆုတ်ခွါအပြိးမှာ ဒုက္ခသည်တွေကို မြန်မာစစ်တပ်က နေရပ်ရင်းပြန်ခိုင်းနေတာဖြစ်တယ်လို့
ဆိုပါတယ်။

" အရင်က KIA ၂၇တပ်ရင်း နေရာမှာ သူတို့ လာထိုင်လိုက်တော့ ရွာသားတွေကို ဘယ်လိုပြောလဲ ဆိုတော့ သူတို့လာနေဖြစ်သွားပြီဖြစ်တဲ့အတွက် အဖြူရောင်နယ်မြေ ဖြစ်သွားပြီ။ ကျနော်တို့ဘေးမှာ IDP ကမ့် စစ်ပြေးဒုက္ခသည် စခန်းတော့ ကျနော်တို့ရှိတာကို လက်မခံဘူး။ သူတို့ရွာသားတွေကို မိမိရွာကို ပြန်ကြပါ။ အဲ့လိုမောင်းတယ်လို့ အဲ့ဒီ့အသံပဲ ကြားရတယ်။"

ဖမ်ဆီးခံထားရတဲ့ ဒုက္ခသည်တွေကတော့ ဦး ဖောင်ယမ်ယော်၊
ဦးဆွမ်ခါဘရန်ထွယ်၊ ဦးလထော်လထောင်၊ ဦး မဂျီဘောက်နော်၊ ဦး ဖောင်ဂျွမ်၊ မရမ်နော်မိုင်၊ ဦး မရူလအောင်၊ ဦးဝဂျယ် တူးမိုင်၊ ဦး ရှဒေါင်ဂမ်၊ မောင် ရှဒေါင် နော်ဂရောင်၊ ဦး မဂျီဂမ်၊ ဦး အင်ခွမ်လမိုင်၊ ဦး အာ့ဝမ်၊ ဦးကွမ်ဟွမ်၊
ဦးဇိန်ထုန် ခါးထုန် တို့ဖြစ်ပါတယ်။ သူတို့တတွေဟာ မိသားစုတွေများအတွက် အပြင်မှာထွက်ပြီးတော့ အလုပ်လုပ်ကြသူတွေရှိသလို ဆွေမျိုးတွေဆီမှာ အကူညီသွားတောင်းခံသူတွေလည်းရှိတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

"မိသားစုများတဲ့အခါကျတော့ တချို့က ယောကျ်ားသားတွေက အပြင်ထွက်ပြီးမှ ပိုက်ဆံရှာတာတွေရှိတယ်။ အဲ့တာက တရုတ်ပြည်နယ်စပ်ဒေသဆိုတော့ ဝင်ဝင်ထွက်ထွက်ရှိပြီးမှ နေ့စားအလုပ်တွေလုပ်တယ်။ ကြံခုတ်တာတို့ ဘာတို့ပေါ့။"

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးနေဆဲကာလမှာဘဲ ကေအိုင်အေ တပ်တွေနဲ့ မြန်မာစစ်တပ်တွေဟာ ဧပြီလ အတွင်းမှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေကြတာပါ။

တိုက်ပွဲတွေ အတွင်းမှာ အခု လဂတ်ယန်ဒုက္ခသည်စခန်းနဲ့ နီးတဲ့ကေအိုင်အေ စခန်းအပါအဝင်တခြား စခန်းတချို့လည်း ဆုတ်ခွါခဲ့ရသလို မြန်မာစစ်တပ်ရဲ့ ယာဉ်တန်းတွေကိုလည်း ကေအိုင်အေဘက်ကခြုံခိုတိုက်ခိုက်မူတွေ လုပ်ခဲ့တာပါ။

ကေအိုင်အေဟာ မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီးမှာ ၂၀၁၁ခုနှစ်မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာပါ။
မကြာသေးခင်ကတော့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အတွက် ကချင်လွတ်မြောက်ရေး အဖွဲ့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မေလ ၁၀ရက် နောက်ပိုင်း တွေ့မယ် လို့ အကြောင်းပြန်ထားတယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG