သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့ရောက် စစ်ရှောင်ထောင်ကျော် နေရပ်ပြန်


စစ်ဘေးရှောင်ပြည်သူတွေ လားရှိုးမြို့ပေါ် တိမ်းရှောင်နေရာမှ နေရပ်ပြန်ကြပုံ။ (Ddm Lashio)
စစ်ဘေးရှောင်ပြည်သူတွေ လားရှိုးမြို့ပေါ် တိမ်းရှောင်နေရာမှ နေရပ်ပြန်ကြပုံ။ (Ddm Lashio)

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှာရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူ တွေဟာ သူတို့ ဒေသအတွင်းမှာ နယ်မြေပြန်လည်တည်ငြိမ်လာပြီဖြစ်တာကြောင့် နေရပ်ပြန်ကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ္မတူဘက်တွေမှာတော့ တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေ ဆဲရှိပြီး စစ်ရှောင်တွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းတပ်ဖွဲ့နှစ်ခုအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့က ထောင်နဲ့ချီ တဲ့ စစ်ရှောင်တွေ လားရှိုးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူတို့တွေဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုဘက်က တိမ်းရှောင်လာတာဖြစ်ပြီး ဒီကနေ့ မှာတော့ နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်လာပြီဖြစ်တာကြောင့် နေရပ်ပြန်ကြပြီဖြစ်ကြောင်း စစ်ရှောင်တွေကို ကူညီနေတဲ့ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောပါတယ်။

“မနေ့ကစပြီးတော့ သူတို့ရဲ့ဆန္ဒအရပေါ့နော်။ နယ်မြေလည်း အေးချမ်းသွားပြီဖြစ်တဲ့အတွက် မန်ဆူ ကျောင်းမှာ ရှိတဲ့ အိမ်ထောင်စု ၁၈၃စု၊ လူဦးရေ ၇၉၆ ဦး၊ အဲဒါ ဒေသကားတွေ၊ လူမှုကူညီရေး ကားတွေ အစီး ၂၇ စီးနဲ့ ပြန်ပို့ လိုက်ပါတယ်။ အီနိုင်းကျေးရွာအုပ်စုနဲ့ အနီးတဝိုက် ရွာတွေကို မနေ့ က ပြန်ပို့ပါတယ်။ ဒီနေ့တော့ အိမ်ထောင်စု ၈၀။ လူဦးရေ ၂၄၆ ဦးကို ဒီနေ့ ကား ၂၂ စီးနဲ့ ပို့ပေး တယ်။ မန်ဆူရှမ်းကျောင်းမှာ ရှိတဲ့ တိုက်ပွဲရှောင် တိုင်းရင်းသားတွေ အကုန်လုံး ဒီနေ့ ၁ နာရီ ၁၀ မိနစ်မှာ ပြန်သွားပါပြီ။”

လားရှိုးမြို့ပေါ်က တချို့ခရစ်ယာန်ဘုရားကျောင်းတွေမှာတော့ စစ်ရှောင်အချို့ကျန်ရှိနေသေးကြောင်း လည်း ဦးမင်းသိန်းက ဆက်ပြောပါတယ်။

“ ကျန်တဲ့ ၂ နေရာရှိသေးတယ်။ ကျန်တဲ့၂ နေရာက ရပ်ကွက် ၉ ကချင်နှစ်ခြင်းဘုရားကျောင်းမှာ အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၂၀၀ ကျော်ပေါ့။ အဲဒီအဖွဲ့တွေက မနက်ဖန် ပြန်မယ်လို့တော့ ကြား သိရတယ်။ ထိုနည်း လည်း ကောင်းပဲ ရပ်ကွက် ၁၂ ကက်သလစ်ဘုရားကျောင်းမှာ အိမ်ထောင်စု ၃၂။ လူဦးရေ ၁၀၁ ရှိတယ်။ အဲဒီ အဖွဲ့ တွေလည်း မနက်ဖန် ပြန်မယ်လို့ သိရတယ်။ ပြန်တာသည် တာဝန်ရှိသူတွေက သွားခိုင်းတာမဟုတ်ဘူး။ နယ်မြေ အေးချမ်းသွားပြီဖြစ်တဲ့အတွက် သွားတာပေါ့နော်။”

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုဘက်မှာ ဖြစ်တဲ့ တိုက်ပွဲကတော့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ထိုးထားတဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ လက်မှတ်မထိုးသေးတဲ့ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ အကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီလ ၁ ရက်နေ့ကတော့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA အကြား တိုက်ပွဲဖြစ် ပွားခဲ့သလို နမ္မတူမြို့နယ်အတွင်းမှာလည်း TNLA၊ SSPP မဟာမိတ်တပ်တွေနဲ့ RCSS အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA က ပြောခွင့်ရသူ ဗိုလ်မှူး တာ့အိုက်ကျော်က ပြောပါတယ်။

“မနေ့က ကွတ်ခိုင်မြို့နယ် ကောင်းနှင်ကျေးရွာ အဲဒီအပေါ်ဘက်က တောင်ကုန်းပေါ်မှာ ဖြစ်တာပေါ့ နော်။ ညနေ ၄ နာရီ က ၅ နာရီထိ ဖြစ်တယ်။ မြန်မာ့တပ်မတော် တပ်မ ၁၁ နဲ့ ဖြစ်တယ်။ RCSS နဲ့က နမ္မတူမြို့နယ်ထဲ မှာတော့ ဖြစ်တယ်။ မနေ့က။ တိုက်ပွဲက သိပ်ပြင်းထန်မှုတော့ မရှိဘူး။ ဟိုဘက် ဒီဘက် လှမ်းပစ်လိုက် နားလိုက် ကြိုကြားကြိုကြားပေါ့နော်။”

ဒီတိုက်ပွဲတွေကြောင့် မန်မိုင်၊ မိုင်ခွန်၊ မနား၊ ကောင်းဝိန်း၊ မန်ကျောင်း၊ပိန်းဆာရွာ ရွာသူ၊ ရွာသား ၄၀၀ လောက် ဟာ မန်ဆန်ရွာကို တိမ်းရှောင်လာကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၃၁ ရက်နေ့ကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဟာ TNLA အဖွဲ့အပါအဝင် MNDAA ကိုးကန့်၊ AA ရခိုင်တပ်ဖွဲ့တို့နဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အတွက် သဘောတူညီချက် ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG