သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအပေါ် မလေးရှား သက်ညှာစေလို


မလေးရှားအစိုးရ အနေနဲ့ သူ့နိုင်ငံထဲမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြုဖို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံထဲမှာ ရှိနေကြတဲ့ UNHCR အသိအမှတ်ပြု ခံထားရတဲ့ ဒုက္ခသည်တွေ မကြာခဏ ဖမ်းဆီးနှိပ်စက် ခံနေရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီအစီရင်ခံစာက မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာထားတာပါ။ မလေးရှားနိုင်ငံ အနေနဲ့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ မဟုတ်ပေမဲ့ သူ့တိုင်းပြည်အတွင်းမှာ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တရားဝင် အသိအမှတ်ပြုထားသူ ဒုက္ခသည်ပေါင်း ၈,၄၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

ဒုက္ခသည် တော်တော်များများဟာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရပေမဲ့လည်း သူတို့ကို မလေးရှားအစိုးရက တရားဝင် အသိအမှတ် မပြုတဲ့အတွက် အခက်အခဲတွေ ကြုံနေကြရတဲ့ အခြေအနေတွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကြီးအကဲ ခရစ်စ် နက်ရှ် (Chris Nash) က ပြောပြပါတယ်။

“မလေးရှား အစိုးရက ဒုက္ခသည်တွေကို တရားဝင် အသိအမှတ်ပြုဖို့ ပျက်ကွက်နေတဲ့အတွက် ဒုက္ခသည်တွေဟာ တဖက်သတ် အဖမ်းခံရတာ၊ တုန်လှုပ် ချောက်ချားစရာကောင်းတဲ့ နေရာတွေမှာ ဖမ်းခံထားရတာ၊ ကြိမ်နဲ့ အရိုက်ခံရတာ၊ ငွေအညှစ်ခံရတာ၊ လူမှောင်ခိုကူးခံရတာနဲ့ ညှဉ်းပန်း နှိပ်စက်ခံရမယ့် မိမိနေရပ်ကို ပြန်ပို့ခံရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။”

ဒုက္ခသည်တွေ အနေနဲ့ မလေးရှားရဲနဲ့ RELA လို့ခေါ်တဲ့ ပြည်သူ့စစ်တွေရဲ့ မကြာခဏ ဖမ်းဆီးနှိပ်စက် ငွေညှစ်ခံနေကြရတာကို သူတို့အနေနဲ့ စုံစမ်းသိရှိခဲ့ရတယ်လို့ ခရစ်စ် နက်ရှ်က ပြောပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေ အဲဒီလို ကြုံတွေ့ ခံစားနေကြရတာတွေ ပပျောက်အောင် ပထမအဆင့်အနေနဲ့ မလေးရှား အစိုးရက တရားဝင် အသိအမှတ်ပြုတဲ့၊ တိုင်းပြည်အတွင်းမှာ တရားဝင် နေထိုင်ခွင့်ပြုတဲ့ ID မှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးဖို့ လိုအပ်တဲ့အကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မလေးရှား အစိုးရကို တောင်းဆိုထားပါတယ်။

မလေးရှား အစိုးရ ထိပ်ပိုင်း အရာရှိတွေက ဒီတောင်းဆိုချက် တချို့ကို အတိုင်းအတာ တခုထိ သဘောတူ လိုက်လျောပေမဲ့ အောက်ခြေ ရဲတွေနဲ့ RELA တွေက သူတို့ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ဆဲ ရှိသလိုပဲ တချို့ဆို ဖမ်းဆီး ချုပ်နှောင်ခံရမှာ စိုးတဲ့အတွက် ထွက်ပြေးကြရင်း အသက်ဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ ဒါကြောင့် အခုလို အခြေအနေတွေ ဆက်လက် ဆိုးရွားနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ခရစ်စ် နက်ရှ်က ပြောပါတယ်။

“ထိပ်ပိုင်း အစိုးရ အရာရှိတွေ ကတိပေးထားတာနဲ့ အောက်ခြေက အုပ်ချုပ်သူတွေအကြား ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ပုံ ကျပါတယ်။ ပထမအဆင့် အနေနဲ့ RELA တွေအနေနဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းတွေမှာ လုံး၀ ဝင်ရောက်စွက်ဖက်တာကို ကျနော်တို့ မမြင်ချင်ပါဘူး။ အဲဒီလို လုပ်လိုက်ရင် ဒီ ဖမ်းဆီး ငွေညှစ်မှုတွေ ပပျောက်သွားပါမယ်။

“အဲဒီထက်ပိုပြီး လုပ်သင့်တာက ဒုက္ခသည်တွေကို တဖက်သတ် ဖမ်းဆီး ထိန်းသိမ်းတာတွေ မလုပ်ဖို့ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့တွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်သင့်ပါတယ်။ UNHCR ကို အလေးထားသင့်တယ်၊ UNHCR က အသိအမှတ် ပြုထားတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြုဖို့ မလေးရှားရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့တွေ သဘောပေါက်အောင် ပြောပြသင့်ပါတယ်။”

မလေးရှားနိုင်ငံမှာရှိတဲ့ UNHCR ဒုက္ခသည်ရုံးက လူ ၈,၄၀၀ လောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားတယ် ဆိုပေမဲ့ တကယ့်ဒုက္ခသည် အရေအတွက်ဟာ အဲဒီထက် ၃ ဆလောက် ဖြစ်နိုင်တယ်လို့ ခရစ်စ် နက်ရှ်က ပြောပါတယ်။ ဒီအထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

“ဒီအထဲက ၉၀% လောက်ဟာ မြန်မာပြည်က ဖြစ်ပါတယ်။ ကျနော်တို့အားလုံး သိထားကြသလိုပါပဲ၊ ဒီလူတွေ ကိုယ့်တိုင်းပြည်မှာ မနေနိုင်ဘဲ အခုလို တခြားတိုင်းပြည်တွေမှာ ခိုလှုံခွင့် လျှောက်ထားကြတယ် ဆိုတာက မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။”

UNHCR ကို လျှောက်လာကြတဲ့ ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံသား ၉၇% ကျော်ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံကြရတာဖြစ်ပြီး မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည် စုစုပေါင်းရဲ့ ၉၀% လောက်ဟာ မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောပါတယ်။

XS
SM
MD
LG