သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာ ခိုလှုံဖို့ ဒုက္ခသည် ၁ သောင်းကျော်ရောက်


ဥရောပမှာ ခိုလှုံဖို့ ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၂,၂၀၀ ဟာ မနေ့က Munich မြို့ကို ရောက်လာတယ်လို့ ဂျာမနီရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လောလောဆယ်မှာတော့ ဒီဒုက္ခသည်တွေဟာ ဘယ်နေရာကိုမှ သွားမှာမဟုတ်တဲ့အတွက် အပြင်ဘက်မှာပဲ ညအိပ်ကြမယ့် အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း အာဏာပိုင်က ပြောပါတယ်။ မြူးနစ်မြို့ဟာ ဂျာမနီကို အရှေ့ဘက်က ဝင်လာရင်ရောက်မယ့် အဓိကကျတဲ့မြို့တမြို့ဖြစ်တာကြောင့် အခုထိ ဒီဒုက္ခသည်တွေ ဆက်လက် ဝင်ရောက်နေဆဲပဲ လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ဒုက္ခသည်အရေး ရင်ဆိုင်နေရတာနဲ့ပတ်သက်လို့ ဥရောပက မြို့ကြီးတွေမှာတော့ ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။ ပြီတိန်နိုင်ငံမှာတော့ အခုလိုဒုက္ခသည်အရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးလာတဲ့အပေါ် ဗြိတိန်အစိုးရရဲ့ရပ်တည်ချက်ကို လူ သောင်းနဲ့ချီ ဆန့်ကျင်ဆန္ဒပြကြပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေဟာ လွှတ်တော်ရင်ပြင်ကို ချီတက်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေး လာသူတွေကို စာနာကြောင်း ပြသခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာလည်း လူ သုံးသောင်းလောက် စုဝေးပြီး….. ဒုက္ခသည်တွေကိုကြိုဆိုပါတယ်၊ ဥရောပဟာ ဆီးရီးယားရဲ့အနီးကပ်ဆုံး အိမ်နီးချင်းပါဆိုတဲ့စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။

ဆွိဒင်နိုင်ငံ စတော့ဟုမ်းမှာတော့ လူ ၁,၀၀၀ လောက်က ဒုက္ခသည်တွေကို အစိုးရအနေနဲ့ ပိုကူညီနိုင်တဲ့ မူဝါဒတွေချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပိုလန်နိုင်ငံမှာတော့ လူ ၅,၀၀၀ လောက်က ဆန္ဒပြကြပြီး အဲဒီထဲက အများစုဟာ အစ္စလာမ်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့သလို လူ ၁,၀၀၀ လောက်ကတော့ ဒုက္ခသည် လက်ခံထားရေးအတွက် စုရုံးဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။

XS
SM
MD
LG