သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံတွေထဲ မြန်မာပါဝင်


၂၀၁၈ ကမ္ဘာတဝှမ်း ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်အစီရင်ခံစာ
၂၀၁၈ ကမ္ဘာတဝှမ်း ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်အစီရင်ခံစာ

ကမ္ဘာတဝှမ်း နိုင်ငံငါးခုမှာ တခုနှုန်း ဘာသာရေးလွတ်လပ်မှုတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ၂၀၁၈ ခုနှစ် ဘာသာရေး လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့၂ နှစ်အတွင်း ဘာသာရေးအရ စိုးရိမ်ဖို့ ကောင်းလောက်အောင် ဖိနှိပ်ခံရတဲ့နိုင်ငံ၂၁ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင် က တင်ပြပေးထားပါတယ်။

၂၀၁၈ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို နိုဝင်ဘာလ ၂၂ ရက် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ တာ ဖြစ်ပြီး ACN လို့အတိုကောက်ခေါ်တဲ့ Aid to the Church in Need အဖွဲ့၊ နိုင်ငံ တကာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်အဖွဲ့နဲ့ ကမ္ဘာတဝှမ်းအဖိနှိပ်ခံ ခရစ်ယာန်များကို အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီး ဒီအစီရင်ခံစာကို ပြုစုထုတ်ပြန်တာပါ။ လွတ်လပ်တဲ့ သတင်းသမားတွေရဲအကူအညီနဲ့ ကမ္ဘာတဝှမ်း ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာအစီရင်ခံစာကို ၂ နှစ် တကြိမ်ပုံမှန်ထုတ် ပြန်နေတာဖြစ်ပြီး အခုနောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၉၆ ခုကိုလေ့လာထားပါတယ်။

ဒီအစီရင်ခံစာအရ ကမ္ဘာ့လူဦးရေရဲ့ ၆၁ ရာခိုင်နှုန်းလောက်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေဟာ လေးစားခြင်း မခံရဘဲ ဖြစ်နေတယ်လို့ဆိုပါ တယ်။ ၂၀၁၆ ကနေ ပြီးခဲ့တဲ့ဇွန်လအထိ ၂ နှစ်အတွင်း စိုးရိမ်ဖို့ကောင်းအောင် ဘာသာရေးဖိနှိပ်မှုတွေရှိတဲ့ နိုင်ငံ ၃၈ ခုကိုတွေ့ရပြီး အဲဒီအထဲမှာ တရုတ်၊ အိန္ဒိယ၊ မြန်မာနဲ့ နီဂျာနိုင်ငံတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း က ကချင်ပြည်နယ်ဟာ ခရစ်ယန်ဘာသာဝင်တွေ တော်တော်များများ ရှိတဲ့နေရာဖြစ်ပြီး မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွါးနေ တာပါ။ ဒီဒေသက ခရစ်ယန်တွေ အတွက် ဘာသာရေးဆိုင်ရာလွတ်လပ်မှု တွေဟာ ခြိမ်းခြောက် ခံနေရတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီဒေသအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုဂွန်ဆန်က ပြောပါတယ်။

“လူမျိုးကြီးဝါဒကို ထင်ဟပ်ဖို့အတွက် ကိုယ့်ရဲ့ထုံးတမ်းဓလေ့နဲ့ အမျိုးသားရေးနဲ့ပတ်သက်လာရင် ပေါ်လွင်အောင် ကြိုးစားတယ်။ နောက်တမျိုးကတော့ ဘာသာရေးနဲ့ပတ်သက်ပြီးမှလုပ်တာပေါ့နော်။ ကျနော်တို့ကချင်မှာဆိုရင် ခရစ်ယာန်ဆိုတာ ၉၉ % လောက်ရှိပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ကျနော်တို့ ခရစ်ယာန်တွေအတွက် ဘုရားကျောင်းတခုဆောက်ဖို့အတွက် အစိုးရကနေပြီးတော့ တရားဝင် အခွင့်ပေးတာ ဒီနေ့အထိ မရှိသေးပါဘူး။ နောက်တခုကတော့ ဆိုးဝါးမှုအထဲမှာဆိုလို့ရှိရင် ၂၀၁၁ ကနေ ၂၀၁၈ အတွင်းမှာ ချာ့ကျောင်း ၂၀၀ ကျော် ဖျက်ဆီးခံရတဲ့အထဲမှာ ပါနေပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာရှိတယ်။ ဥပမာ-ဥပမာ ဗုံးသီးတွေချပြီးတော့မှ ဖောက်ခွဲ ပစ်လိုက် တာတွေရှိတယ်။ ကျနော်တို့ရဲ့ အလှူခံပုံးတွေရိုက်ခွဲပြီးတော့မှ လုခဲ့တာရှိတယ်။ ကျနော်တို့ရဲ့ ဘုရားကျောင်းထဲမှာတင်ကို ဆရာမနှစ်ယောက်ဆိုရင် ဘုရားကျောင်းဝင်းထဲမှာကို မုဒိန်းကျင့် ခံခဲ့ရတာပေါ့နော်။”

မြန်မာနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးအချိန်းခြောက်ခံနေရတဲ့ဒေသတွေထဲမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဝဒေသတွေလည်းပါဝင်ပါတယ်။ ဗုဒ္ဓဘာအတွင်းမှာလည်း အမျိုးသားရေးကို အခြေခံပြီး လှုပ်ရှားတောင်းဆိုနေတဲ့ ရဟန်းတချို့ရှိပြီး မတူညီတဲ့ဘာသာ၊ အထူးသဖြင့် အစ္စလမ်ဘာသာဝင် တွေ အပေါ် မကျေမနပ်ပြောဆိုနေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်လို့ ဆိုပေ မယ့််လည်း ပြီးခဲ့တဲ့နှစ်အတွင်း ရိုဟင်ဂျာမူဆလင် ၇ သိန်း လောက် ဘင်္ဂလားဒေ့ချ်နိုင်ငံဘက် ထွက်ပြေးခဲ့ရအောင် ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိတယ် ဆိုပေမယ့်လည်း ပုတ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကိုအလည်အပတ် ရောက်လာခဲ့ပြီး ဘာသာရေးဆိုင်ရာဝတ်ပြုဆု တောင်းမှုတွေ မြန်မာနိုင်ငံအတွင်းလုပ်နိုင်ခဲ့ပါတယ်။

ဘာသာရေးနှိပ်ကွပ်မှုတွေ စိုးရိမ်စရာကောင်းအောင်ရှိခဲ့တဲ့နိုင်ငံ ၃၈ ခုထဲမှာ ၁၇ နိုင်ငံက ယုံကြည်မှုနဲ့ ပတ်သက်ပြီး ခွဲခြားဆက် ဆံခံရတဲ့နိုင်ငံတွေဖြစ်ပြီး ၂၁ နိုင်ငံက လူနည်းစုဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ လွန်ကဲတဲ့အမျိုးသားရေးဝါဒကြောင့် ဘာသာရေး နှိပ်ကွပ်ခံနေကြရတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ ကာဂီစတန်တွေပါဝင်ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာထုတ်ပြန်ရေးမှာ ကုလသမဂ္ဂရဲ့ လူအခွင့်အရေးကြေညာ စာတမ်းမှာ ဖေါ်ပြထားတဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်တွေအပေါ်မှာ အခြေခံပြီးတော့ စစ်ဆေးပြီး လုပ်ဆောင် ခဲ့တာလို့ ဆိုပါတယ်။ အခုထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာ ကောင်းကွက် တချို့လည်း ဖေါ်ပြထားပါတယ်။ အဲဒါကတော့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက လူနည်းစုဘာသာ ဝင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေ တိုး တက်ကောင်းမွန်လာတဲ့ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာရှိတဲ့ IS စစ်သွေးကြွတွေ အရေးနိမ့်ပြီး ဆုတ်ခွါ သွားခဲ့တာကြောင့်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG